ဥဒါဟရုဏ် တခု ထုတ်ပြရမည် ဆိုက တေးဂီတ ပိုင်း နှင့် ပြဆိုရမည် ဖြစ်သည်။ သံစုံ တီးဝိုင်းကြီးများ၏ တေးသွားများ၊ သံစဉ်အများစုသည် တစုံတရာ ကို ဖေါ်ကျုး ကိုယ်စားပြုခြင်း မရှိပေ။ ဤသည်ကို အစစ်လား အတုလားဟု မေးမြန်းမည်ဆိုက အဓိပ္ပါယ် ရှိမည် မဟုတ်ပေ။
လူများသည် ဂီတဖက်တွင် ဆိုးဆိုးဝါးဝါး ဖန်တီးခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်သည်။ သို့သော် အတုအယောင် ဂီတ ကိုတော့ ဖန်တီးခဲ့ကြခြင်း မရှိပေ။ ဂီတသည် တစုံတရာ ကို ကိုယ်စားပြု ဖေါ်ကျုးခြင်း မျိုး မရှိသော်လည်း လူ အများ အပြား အား ၎င်းတို့၏ စိတ်ခံစား မှု များ၊ လှုပ်ရှားမှု များ နှင့် အချိန်ကိုက် တပြေးညီ ဖြစ်အောင် အံ့ဩဖွယ် ကောင်းစွာ ပြုလုပ် ပေးနိုင်ခဲ့သည်။
ဂီတဖြင့် စစ်သားများသည် အတန်းလိုက် တပြေးညီ ချီတက်နိုင်ခဲ့ကြသည်။ ကလပ် အသင်းသားများ တညီတညာတည်း စည်းချက်ညီညီ ယိမ်းထိုး ကနိုင်ခဲ့ကြသည်။ ဘုရားရှိခိုးကျောင်း တွင် သံပြိုင် လက်ခုပ်တီးသံများ ကြားခဲ့ရသည်။ အားကစားပွဲလာ ပရိသတ်များ သံပြိုင်ညီညီ အော်ဟစ် အားပေးနိုင်ခဲ့သည်။
များစွာသော အရာတို့ကို ဆက်သွယ် ပေးနိုင်သည့် သတင်း အချက်အလက်များ၏ အခန်းကဏ္ဍသည် လူသမိုင်း တွင် တမူ ထူးခြားစွာ ထွက်ပေါ်လာသည်ကား မဟုတ်၊ သို့သော် လည်း ဇီဝဗေဒ တွင် တော့ အချက်အလက်များသည် အဓိက နေရာ တွင် ရှိနေသည်ကိုတော့ ပြော၍ ရနိုင်ပေသည်။
အော်ဂဲနစ် သက်ရှိ များ ဖြစ်ပေါ်စေသည့် မော်လီကျုး ဆိုင်ရာ DNA အကြောင်း စဉ်းစားကြည့်မည် ဆိုက တေးဂီတ ကဲ့သို့ပင် DNA သည် အမှန်တကယ် ဖြစ်ပျက် နေသည်ကို ကိုယ်စားပြုခြင်း မရှိပေ။
မြင်းကျား များသည် မျိုးရိုး စဉ်ဆက် ခြင်္သေ့ ကို မြင်လျင် ထွက်ပြေးကြသော်လည်း မြင်းကျား များ၏ DNA တွင် "ခြင်္သေ့" နှင့် "ထွက်ပြေး ရမည်" တို့အား ကိုယ်စားပြုသည့် မျိုးရိုး ဗီဇ ကုဒ် များ သတ်မှတ် ပေးသော အော်ဂဲနစ် ဒြပ်ပေါင်း နျူကလီယိုဘေ့စ် တွင် ပါဝင်ခြင်း မရှိပေ။
အလားတူပင် မြင်ကျား တို့၏ DNA ထဲတွင် ၎င်းတို့ ရင်ဆိုင်လာရ သော နေ၊ လေ၊ မိုး နှင့် အခြား ပြင်ပ လောက ဖြစ်စဉ်များ ကိုယ်စားပြုသည့် ဗီဇကုဒ် များပါဝင်ခြင်း မရှိပေ။ ထို့ပြင် DNA သည် ခန္ဓာကိုယ် တွင်းရှိ အင်္ဂါ အဖွဲ့အစည်းများ၊ စိတ်ခံစားမှု များအားလည်း ကိုယ်စားပြုခြင်း မရှိပေ။ နှလုံး နှင့် ထိတ်လန့်ခြင်းကို ပေါင်း၍ ကိုယ်စားပြုသည့် နျူကလီယို ဘေ့စ်လည်း မရှိပြန်ပေ။
DNA သည် ရှိနေပြီးသား အရာများအား ကိုယ်စားပြုရန် အားထုတ်ခြင်းမျိုး မရှိဘဲ အသစ် အသစ် သော အရာများကိုသာ ထုတ်လုပ်ပေးနိုင်ရန် ကူညီ ပံ့ပိုး ပေးခဲ့သည်။ ဥပမာ အားဖြင့် DNA နျူကလီယို ဘေ့စ် များ၏ အမျိုးမျိုး သော အဆွယ် အပွား များသည် အက်ဒရီနယ်လင်း ထုတ်ပေးနေသည့် ဆဲလ် အတွင်းရှိ ဓါတု ဖြစ်စဉ်များကို အစပျိုး ပေးခဲ့သည်။ အက်ဒရီနယ်လင်းသည် လည်း မည်သည့် နည်း နှင့်မျှ သရုပ်မှန်ကို ကိုယ်စားပြုခြင်း မရှိပေ။ ခန္ဓာကိုယ် အတွင်း လည်ပတ်နေခြင်းမျိုးသာ ဖြစ်သည်။ ၎င်း၏ အဓိက တာဝန်သည်ကား နှလုံးခုံ နှုန်းကို တိုးစေပြီး ကြွက်သားများထံ သွေးများ ရောက်ရန် တိုက်ရိုက် ပို့ဆောင်ပေးခြင်း ဖြစ်သည်။
DNA နှင့် အက်ဒရီလင်းသည် နှလုံး၊ ခြေထောက်နှင့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများ ရှိ တြီလီယံ နှင့် ချီသော ဆဲလ်များ အလုပ်လုပ် နိုင်ရန် ချိတ်ဆက်ပေးခြင်းဖြင့် ကူညီ ပံ့ပိုး ပေးကြသည်။ ထို့ အတွက် မြင်းကျား များသည်လည်း ခြင်္သေ့ကို မြင်သည် နှင့် ကဆုန်ပေါက် ပြေးကြသည့် ထူးထုးခြားခြား အမှု ပြုလုပ်လာနိုင်ခဲ့ကြခြင်း ပင် ဖြစ်သည်။
အကယ်၍ DNA သည်သာ လက်တွေ့ လောက အား ကိုယ်စားပြုသည် ဆိုလျှင် မြင်းကျား၏ DNA သည် ခြင်္သေ့၏ DNA ထက် ပိုပြီး တိကျစွာ ကိုယ်စားပြု နိုင်သလော၊ သို့်မဟုတ်က မြင်ကျား တကောင်၏ DNA သည် သရုပ်မှန် အား ပြောနေပြီး အခြား မြင်းကျား တကောင်သည် DNA အတုအယောင် ဖြင့် လှည့်စားခံရခြင်းလော ဟု မေးမြန်းစရာ ဖြစ် လာရသည်။ ထိုမေးခွန်းများက တကယ်တမ်းတွင် အမြီး အမောက် မတည့်သော မေးခွန်း မျိုးသာ ဖြစ်သည်။
DNA ဆိုသည် အား ၎င်းတို့ ထုတ်လုပ်ပေးသည့် ဇီဝရုပ် များ၏ ကြံ့ခိုင်မှု ကိုသာ အဓိက ထား စီစစ် သုံးသပ်ကြ ခြင်း ဖြစ်ပြီး အမှန်တရား ဆိုသည်နှင့် တိုင်းတာ ကြခြင်း မဟုတ်ပေ။
DNA နှင့် ပတ်သက်၍ "အမှားများ" ရှိသည်ဟု ပြောဆို လေ့ ရှိကြသော်လည်း ယင်းသည် DNA အား ပုံတူ ကူးသည့် လုပ်ငန်းစဉ်တွင် ဖြစ်ပေါ်သည့် ဗီဇ ပြောင်းလဲ မှု ကို ရည်ညွန်းခြင်းသာ ဖြစ်ပြီး လက်တွေ့ ရုပ်ကမ္ဘာ ဖြစ်စဉ်များကိူ တိကျစွာ ဖေါ်ပြ နိုင်ခြင်း မရှိမှုကို ရည်ညွှန်းချင်း မဟုတ်ပေ။
ထိုသို့ ပုံတူကူးရာ တွင် အက်ဒရီနယ်လင်း ထုတ်လုပ်မှု အား ကန့်သတ်သလို ဖြစ်သွား မည် ဆိုက ကြံ့ခိုင်မှု စွမ်းရည် အား လျော့ချလိုက်သလို ဖြစ်လာ နိုင်ပြီး ဆဲလ် ကွန်ယက်များ ပြိုကွဲသွားမည် ဖြစ်သည်။ ဥပမာ အားဖြင့် မြင်းကျား တကောင်သည် ၎င်းတွင် ရှိ ထရီလီယံနှင့် ချီသော ဆဲလ်များသည် တစ်ခုနဲ့တစ်ခု အဆက်အသွယ် ပြတ်တောက်သွားမည်ဆိုက အသတ်ခံရသလို သေဆုံးသွားမည်သာ ဖြစ်သည်။
နိုင်ငံများ အကြောင်း စဉ်းစားမည် ဆိုလျှင် လည်း ထိုနည်း နှင်နှင် ပင် ဖြစ်သည်။ နိုင်ငံရေး ပါတီများ နှင့် သတင်း ကွန်ယက်များသည်လည်း မြင်းကျား များ ကဲ့သို့ပင် ဖြစ်သည်။ ထိုအသင်းအဖွဲ့များသည်လည်း မဲဆန္ဒရှင်များ နှင့် အဆက်အသွယ် များ ပြတ်တောက် သွားမည်ဆိုက၊ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များ အား မတိမကျ ဖေါ်ပြမည်မိ ဆိုက ၎င်းတို့ ရပ်တည် နိုင်ရေးသည်လည်း အန္တရာယ် ကျရောက်သွားမည် သာ ဖြစ်သည်။
အရေးပါဆုံး အချက် အဖြစ် သိထားရမည်က DNA အား ပုံတူ ကူးရာတွင် အမှားအယွင်း များ ကြောင့် ကြံ့ခိုင် သန့်စွမ်းမှု သည် အမြဲလို လျော့ကျသွားခြင်း မရှိပဲ ဖြစ်တောင့်ဖြစ်ခံ တိုးလာသည့် အခါမျိုးပင် ရှိတတ်သည်။ ထိုသို့ ဆင့်ပွားကူးယူမှု မရှိပါက တစ တစ ပြောင်းလဲ တိုးတက်လာသည့် ဆင့်ကဲ ဖြစ်စဉ် evolution လည်း ရှိလာမည် မဟုတ်ပေ။
သက်ရှိ ပုံစံများ အားလုံးသည် မျိုးရိုးဗီဇ "အမှားများ" ကြောင့် ဖြစ်တည် နေခြင်းပင် ဖြစ်သည်။ ဤနေရာ တွင် အမှားများ ဆိုသည်က ဗီဇ ပြောင်းလဲသွား မှု ကို ဆိုလိုခြင်း ဖြစ်သည်။
DNA သည် တည်ရှိပြီးသား ဖြစ်စဉ်များအား ကိုယ်စားပြူခြင်း မရှိဘဲ အသစ်အသစ် များ ဖန်တီးတတ်သည့် သဘောရှိ၍ အံ့ဖွယ် ဆင့်ကဲဖြစ်စဉ် များ ထွက်ပေါ်လာရခြင်းလည်း ဖြစ်သည်။