ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(25)

by Hla Soewai - Mar 10 2025

ထိုအချိန်တွင် ပေါက်ကွဲ သံကြီးက နားကွဲလုမတတ် ထွက် ပေါ်လာသည်၊ ပေါက်ကွဲသည့် အရှိန်က ပြင်းထန်လှ၍ လေယာဉ် ဝန်ထမ်းများပင် ခရီးသည် များ အပေါ် လဲပြိုကျလာသည်။ စူးရှသော အလင်းရောင်တန်းကြီးက ဖွင့်ထားသော တံခါး မှ တဆင့် ကျွန်တော် မျက်လုံးအိမ်လည်း တိုးဝင်လာပြီး အတော်ကြာသည့် အထိ ဘာမျှ မမြင်ရတော့။

 

ဗိုလ်ချုပ်ကြီးလည်း ကျွန်တော် အပေါ် လဲကျလာသည်။ သူ လဲကျလာသည့် အရှိန်ကြောင့် ကျွန်တော်လည်း နံရံ နှင့် သွား တိုက်မိပြီး ကမ္ဘာပျက် မတတ် အော်ဟစ် ဆူညံ‌ နေ‌သူများ အပေါ် ပြုတ်ကျ သွားခဲ့သည်။ ကျွန်တော့် မျက်နှာလည်း သူတို့ ပါးစပ်က ထွက်လာသော တံတွေး များ နှင့် ပေကျံ ကုန်သည်။

 

လေယာဉ် ဘီး များဆီမှ ကျွီ ဆိုသည့် အသံကြီး ထွက်လာပြီး ညာဖက်သို့ လည်ထွက်သွားသည်။ ကျွန်တော် အမြင် အာရုံ ရလာသည့် အချိန်တွင်တော့ မီးတောက်မီးလျှံများက တံခါးမှ တဆင့် တိုးဝင်လာနေပြီ ဖြစ်သည်။

 

ကျွန်တော်သည် မီးမြိုက်ခံရပြီး သေရမည့် အရေး၊ ပန်ကာ ဒလက်ဖြင့် တစစီ ဖြစ်သွားမည့် အရေး၊ ကာကျုရှာ နဲ့ အပိုင်းပိုင်း ဖြတ်ခံရမည့်အရေးတော့ အကြောက်ဆုံး ဖြစ်သည်။ ကာကျုရှာ ဒုံးကျည်သည် နှင်းကိုက်၍ ခြေချောင်းလက် ချောင်း များ ဖြတ်လိုက်ရပြီး စိတ်မနှံ့သော ဆိုက်ဘေးရီယား သိပ္ပံပညာရှင် တဦးက တီထွင်ခဲ့သဖြင့် သူ၏ အမည် တွင် နေခြင်းလည်း ဖြစ်သည်။

 

ဟူး မြို့ပြင်ရှိ ကွင်းပြင် ခေါင်ခေါင်ထဲ ထိုသို့ အပစ်ခံရ၍ သေဆုံးသွားသူများ၏ အလောင်းများကို တွေ့ခဲ့ရပြီး ဖြစ်သည်။ ကာဘွန် ရုပ်ကြွင်း ဖြစ်သွားသော သက်မဲ့ ခန္ဓာကိုယ်၏ အသားစများက ပစ်ချခံခဲ့ရသည့် ရှနုခ် ရဟတ်ယာဉ် ကိုယ်ထည် တွင် ကပ်နေသည်။ ဆီတိုင်ကီလည်း မီးလောင် ကျွမ်းသွား၍ ရဟတ်ယာဉ် ပေါ်ရှိ လူ သုံးဒါဇင်ခန့်၏ ပေါ်‌ နေသောသွားများသည် အမြဲတမ်း သွားဖြီးပြနေသည့် မျောက်များကို မြင်ရသလို မျိုး ဖြစ်နေသည်။ မျက်နှာ နှင့် နှုတ်ခမ်းများမှ အသားများ မီးလောင်ခံရ၍ လန် ထွက်နေသည်။ မီးလောင်းကျွမ်း ခံရသည့် အရည်ပြား များသည် ပြောင်‌ ချော နေ၍ မီးတောင်တခု မှ ထွက်ရှိသည့် သဘာဝ ကျောက်မျက် တမျိုးလား ဖြစ်နေသည်၊ ဆံပင်များလည်း ပြာ ဘဝ ရောက်သွားသည်၊ ထိုမျှ‌ လောက် ဖြစ်နေ၍ သေဆုံးသူများ သည် ကျွန်တော်တို့ နိုင်ငံသားများလား မဆိုထားဘိ လူ များလား ဟုပင် တပ်အပ်သေချာ မပြောနိုင် ဖြစ်နေသည်။

 

ကျွန်တော်ကတော့ ဒီလို ပုံစံမျိုး နှင့် မသေချင်သည်ကတော့ အမှန်ပင် ဖြစ်သည်။ ဘယ်လို ပုံမျိုး နှင့် မှ မသေချင်၊ အဆိုးဆုံးက ကျွန်တော့် ရဲဘော် ကွန်မြူနစ် များ မြို့စွန်မှ ပစ်လိုက်သော အမြှောက်ဆံ ဖြင့် သာ၍ပင် မသေချင်ဆုံး ဖြစ်သည်။ ကျွန်တော့် ရဲဘော်များက ဆိုင်းဂုံ မြို့ပြင် အထိ သိမ်းထားပြီး ဖြစ်သည်။

 

လက်တစုံက ကျွန်တော်၏ ရင်ဘတ်ကို လာဖိ‌ နေသည်ကို သိလိုက်ရ၍ အသက်ရှင်နေသေးမှန်း သိလိုက်ရသည်။ နောက်ထပ် လက်တချောင်းက ကျွန်တော့် နားရွက်ကို ဆွဲလိုက်ပြန်သည်။ အောက်တွင် ပိနေသော လူများက ကျွန်တော်တို့ကို ဖယ်ပြီး ကုန်းရုန်းထဖို့ လုပ်လာကြသည်။

 

ကျွန်တော်လက်သည် လည်း ဆီရွှဲနေသော လူတယောက်၏ ခေါင်းကို ကိုင်မိ သွားပြီး ကိုယ် ကလည်း ဗိုလ်ချုပ်ကြီး အပေါ် ဖိမိရက်သား ဖြစ်နေသည်။

 

ထိုအချိန်တွင် နောက်ထပ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၍ ငရဲပွက် သမျှ ဖြစ်သွားပြန်သည်။ ယောက်ျား မိန်းမ ကလေးများ၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ရုတ်ခြည်း ဆိုသလိုပင် လေယာဉ်သည် လည်နေရာမှ ရပ်သွားပြီး အနေအထား ပြောင်းသွားကာ တံခါးပေါက်မှ တဆင့် မြင်နေရသော မီးတောက်မီးလျှံ များ အစား အမှောင်ထုက ဖုံးလွှမ်းသွားသည်။ "ငါတို့ အားလုံး သေရတော့မယ်" ဟု လူတယောက်၏ အော်သံ ကို ကြားလိုက်ရသည်။

 

ကုန်တင်ကုန်ချ တာဝန်ခံလည်း ပါးစပ်ထဲ ပေါ်လာသမျှ ရေရွတ် ဆဲဆိုကာ လူတက်သည့် လျှောက်လမ်းကို ချပေးလိုက်၍ ဒုက္ခသည်များ တိုးဝှေ့ ထွက်ကုန်ကြသည်။ ကျွန်တော့်အားလည်း ဝင်တိုက်ကုန်၍ နောက်ပြန် လန်ကျသွားသည်။ ကျွန်တော်လည်း လူတက်နင်း၍ သေရမည့် ဘေးကို ရှောင်နိုင်ရန် ခေါင်းပေါ်သို့ ကျောပိုးအိတ်ကို တင်ထားလိုက်ရသည်။ ထို့နောက် လျှောက်လမ်း အတိုင်း လျှောဆင်းလာခဲ့သည်။

 

ထိုအချိန်တွင် နောက်ထပ် ဒုံးကျည်တလုံးသည် ကျွန်တော်တို့ နောက် မီတာ နှစ်ရာခန့် လောက် အကွာရှိ လေယာဉ် ပြေးလမ်း ပေါ် ကျရောက် ပေါက်ကွဲ လာပြန်သည်။ လေယာဉ် ပြေးလမ်းပေါ်ရှိ တဧက ခန့် ရှိ အကျယ်အဝန်းသည် မီးဟုန်းဟုန်း တောက်လောင်‌ နေသည်။ မီးလျှံ များ ကြား မီတာ ငါးဆယ်ခန့် အကွာ တွင် အရံအတား အဖြစ် ချထားသော ကွန်ကရိ တုံး များ ရှိ‌ နေသည် ကို တွေ့လိုက်ရပြန် သဖြင့် နောက် ကို သွားပြီး ဝပ်နေ၍ ရမှန်း သိလိုက်သည်။

 

ပေါက်ကွဲသံများ တဖြေးဖြေး တိုးသွားချိန်တွင် ည သည် အနှောက်အယှက် ခံထားရ၍ လော မသိ ည မဟုတ်တော့၊ မှောင်မဲ မနေတော့၊ လေယာဉ်၏ ညာဖက် တောင်ပံရှိ စက် နှစ်လုံး သည် မီးစွဲ နေပြီ ဖြစ်၍ ကြီးမားသော ဓါတ်မီးကြီး နှင့် ထိုးထားသည့် အလား ထိန်ထိန်ညီးနေသည်။

 

ဘွန် က ကျွန်တော့် တတောင်ဆစ်ကို လာဖမ်းဆုပ်လိုက် ချိန်တွင် ကျွန်တော်သည် လေးဖက် ထောက်လျက်သား ဖြစ်နေသည်။ ကျွန်တော့် လက်ကို သူ့ လက်တဖက် နှင့် ဆွဲရင်း ကျန်တဖက်ကလည်း လင်း ကို တွဲထားသည်။ လင်း က သူ့ လက်နှင့် ငိုယိုနေသော ဒပ် ကို ဖက် ထားသည်။ ဒုံးကျည် များ နှင့် အမြှောက်ဆံများက ပြေးလမ်းပေါ်သို့ ကောင်းကင်မှ ဥက္ကာခဲ များ သွန်ချလိုက်သလို ကျလာနေသည်။

 

ထိတ်လန့် ချောက်ခြားစရာ ‌ကောင်းလှသည့် မီးလျံများ ၏ အလင်းရောင်အောက်တွင် လေယာဉ် ပေါ် ပါလာသော လူများသည် ကွန်ကရိတုံးကြီးများ ရှိရာသို့ အလဲလဲ အပြိုပြို နှင့် အပြေးသွား နေကြသည်။ ၎င်းတို့နှင့် အတူ ပါလာသည့် ခရီးဆောင် အိတ်များကို သတိမရ နိုင်ကြတော့။ ကျန်ရှိနေသော အင်ဂျင် နှစ်လုံးမှ မိုးကြိုး ပစ်သံကြီးလို ဟိန်းထွက်လာသော လေမှုတ်သံကြီး ကြောင့် ကလေးငယ်များ လွင့်စင်သွားကြပြီး လူကြီးများ ယိမ်းယိုင်ကုန်ကြသည်။