အနာဂတ်တွင် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ကို ထောက်ခံမှုသည် ကိုလိုနီ ဖျက်သိမ်းရေး ကာလ များ ကလောက် ရေပန်းစားတော့မည် မဟုတ်ဟု ယူဆရသည်။ တည်ဆဲ အစိုးရ များက ထိုသို့ ကြိုးပမ်းလာမှု များကို သမိုင်းကြောင်းအရ ခိုင်လုံမှု ရှိမရှိ၊ လက်ခံနိုင်ဖွယ် ရှိသော အကြောင်းပြချက်၊ ထိုဒေသရှိ လူထု ၏ ထောက်ခံမှု၊ ဖြစ်ပေါ်လာမည့် နိုင်ငံသစ် အတွက် နယ်မြေ အရ ရှင်သန် နိုင်မှု အစရှိသည် တို့ကို ထည့်သွင်း စဉ်းစားပေးရန် သဘောတူသင့်သည်။
နိုင်ငံ ၏ နယ်မြေ တစိတ်တပိုင်း နှင့် ပါဝင်မည့် နိုင်ငံသားများကို လက်လွှတ်ပေးလိုက်ရမည့် နိုင်ငံ အဖို့ သက်ရောက်လာနိုင်သည်များကို ချင့်ချိန်ရဖို့ ရှိနေသည်။ ဆုံးဖြတ်ချက် မချမီ အစိုးရများသည် ၎င်းတို့ အချင်းချင်း ကော၊ ပါဝင် ပတ်သက်နေသူ များ နှင့် ပါ တိုင်ပင် ဆွေးနွေးရန် သဘောတူ သင့်သည်။
ထိုနေရာတွင် အသုံးတည့်နိုင်မည့် ဖြစ်စဉ် တခုကို နမူနာ အဖြစ် တင်ပြရမည် ဆိုလျင် ၁၉၇၈ တွင် အီဂျစ် နှင့် အစ္စရေး အကြား ချုပ်ဆိုခဲ့သော ဒေးဗစ်စခန်း သဘောတူညီချက်ပင် ဖြစ်သည်။ ထိုသဘောတူညီချက် တွင် ပါလက်စတိုင်း တို့၏ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် မပါဝင်သော်လည်း ၎င်းတို့၏ ရပိုင်ခွင့်ကို ထောက်ခံထားသည်။ "ပါလက်စတိုင်း ပြဿနာကို ရှုထောင့် ပေါင်းစုံမှ ဖြေရှင်း နိုင်ရေး ရည်ရွယ်သည့် ဆွေးနွေးမှု များတွင် ပါလက်စတိုင်း ပြည်သူတို့၏ ကိုယ်စားလှယ်များ ပါဝင်သင့်သည်" ဟု ဖေါ်ပြထားသည်။
အင်အား ချိန်ခွင်လျှာ နှင့် ဟန့်တား နိုင်မှု
ကမ္ဘာစနစ် တရပ် ထူထောင်ရာတွင် အချုပ်အခြာ အာဏာ ပိုင်စိုးမှု ဆိုသည့် မူ ကို ထောက်ခံမှု တခုတည်း အပေါ် အခြေပြုထား၍ မရပေ။ အင်အား ချိန်ခွင်လျှာ ဆိုသည့်မူ ကို ပါ ထည့်သွင်းရမည် ဖြစ်သည်။ ဆိုလိုသည်က ကမ္ဘာစနစ်ကို လက်နက် အားကိုးဖြင့် မှောက်လှန်ပစ်ရန် ကြိုးပမ်းလာမှု ကို ဟန့်တား နိုင်ရန် ပင် ဖြစ်သည်။
နိုင်ငံများသည် ကမ္ဘာစနစ် ဆိုသည်အား ချစ်ကြည်ရင်းနှီးသော စိတ်ထားဖြင့် ချုပ်တည်းသမှု၊ လေးစားသမှု များ ဖြင့် လိုက်နာကြမည်ဟု မျှော်လင့် နေခြင်းသည် မည်သိုမျှ လက်တွေ့ ကျလိမ့်မည် မဟုတ်ပေ။
အင်အား ချိန်ခွင်လျှာ သဘောသည် လက်ရှိ အနေအထားကို အင်အားသုံး ပြောင်းလဲလိုစိတ် မရှိအောင် စီမံထားခြင်း ဖြစ်သည်၊ ထိုသို့ ပြုလုပ်ပါက အောင်မြင်မှု ရှိမည် မဟုတ်၊ ကောင်းကျိုး ထက် ဆိုးကျိုးက ပိုလိမ့်မည်ဟု တွက်ချက်လာစေဖို့ပင် ဖြစ်သည်။ ဤသည်က ဟန့်တားထားနိုင်ရေး ဆိုသည်၏ အနှစ်သာရပင် ဖြစ်သည်။
ယင်းအား အလုပ်ဖြစ်စေရန် လွန်စွာ အရေးပါသည့် အချက်က လုံလောက်သည့် စစ်အင်အား နှင့် လိုအပ်လာလျင် အသုံးချ ရန် လိုလိုလားလား ရှိနေမှုပင် ဖြစ်သည်။ ကမ္ဘာ အဆင့်မီ အင်အားကြီး နိုင်ငံများ နှင့် ဒေသတွင်း အင်အားကြီး နိုင်ငံများ အားလုံး ထို အနေအထား ရှိနေရမည် ဖြစ်သည်။
ကမ္ဘာစနစ် အား အင်အားချိန်ခွင်လျှာ ဖြင့် ကျားကန် ပေးခြင်း တွင် ပုံစံ အမျိုးမျိုး ရှိနေသည်။ နိုင်ငံ တနိုင်ငံ သို့မဟုတ် အင်ပိုင်ယာ တခုတည်းက လွှမ်းမိုးထားမှု အား ဗိုလ်ကျ စိုးမိုးခြင်းဟု ရည်ညွှန်းသည်။ တနိုင်ငံတည်း လွှမ်းမိုးသော ကမ္ဘာ unipolar world ဟု ခေါ်ကြသည်။ ဥပမာ အားဖြင့် စစ်အေး တိုက်ပွဲကြီး အပြီး ထွက်ပေါ်လာသော အမေရိကန်၏ အနေအထား မျိုး ဖြစ်သည်။ ရှေးခေတ် ဟောင်း တွင်မူ imperial order ဟု ခေါ်ကြသည်။
ကမ္ဘာ စနစ်သည် အင်အားကြီး နှစ်နိုင်ငံ လွှမ်းမိုးနေမှု တွင်လည်း အကောင်အထည် ဖေါ်၍ ရသည်။ ဒုတိယ ကမ္ဘာစစ် အပြီး နှစ်ပေါင်း လေးဆယ်ခန့် ကြာမြင့်ခဲ့သည့် စစ်အေး တိုက်ပွဲ ကာလ အတွင်း အမေရိကန် နှင့် ဆိုဗီယက်တို့ အကြိတ်အနယ် အားပြိုင်ခဲ့သော bipolar world ကို ဆိုလိုသည်။
ဆယ့်ကိုး ရာစု အစောပိုင်း နှင့် အလယ်ပိုင်း ကာလ များ တွင် ဥရောပ နိုင်ငံများ ကြီးစိုးခဲ့သည့် ကာလ ဖြစ်သည်။ ထိုစဉ်က ကမ္ဘာစနစ်အား အင်အားကြီး နိုင်ငံ အများအပြား က ပုံဖေါ်ခဲ့ကြသည့် multipolar world ပင် ဖြစ်သည်။
ယခု အခါ တွင်တော့ ကမ္ဘာကြီးသည် multipolar world သို့ ဦးတည် ရွေ့လျားနေပြီ ဖြစ်သည်။