သတင်း အချက်အလက် ဆိုသည်မှာ
အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း သာမန် တွေးတတ် ခေါ်တတ်ယုံ ရှိသူများသည် သတင်းအချက်အလက် information ကို အမှန်တကယ် ဖြစ်ပျက်နေမှု အား တင်ပြရန် ကြိုးပမ်းမှု အဖြစ် ရှုမြင်ကြသည်။ အချို့ အချက်အလက်များသည် အမှန်အတိုင်း မဟုတ်မှန်း သတိပြုမိကြသော်လည်း ယင်းအား အချက်အလက်များ မှားယွင်းသွားမှု misinformation၊ ကံမကောင်း အကြောင်းမလှ၍သာ လုပ်ကြံ ဖန်တီးလိုက်ရသည့် disinformation အဖြစ် သဘောထားလိုက်ကြသည်။
သတင်းမှားသည် မရိုးသားသော ရည်ရွယ်ချက်ဖြင့် မဟုတ် အရိုးခံစိတ်ဖြင့် အမှန်ဟု ထင်ကာ ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ လုပ်ကြံသတင်းသည်ကား တမင်သက်သက် လှည့်စားလိုသည့် ရည်ရွယ်ချက် ဖြင့် ဖန်တီးလာခြင်း ဖြစ်သည်။
ယုံလွယ်လိုသူများက သတင်းမှား နှင့် လုပ်ကြံ သတင်း အချက်အလက်များ ကြောင့် ဖြစ် ပေါ်လာ သော ပြဿနာ များကို ဖြေရှင်းနိုင်ရန်ကား သတင်းများ ပိုသိလာရဖို့ ဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။ ထို ကဲ့သို့သော အိုင်ဒီယာ မျိုးအား တခါတရံတွင် ဆန့်ကျင် ပြောဆိုရမည့် သဘောတရား counterspeech doctrine ဟု ခေါ်ကြသည်။
ထိုသဘောတရားအား အမေရိကန် တရား လွှတ်တော်ချုပ် မှ တရားသူကြီး လူဝစ် ဒီ ဘရန်ဒေး မှ ၁၉၂၇ တွင် ၎င်း စီရင်ခဲ့သည့် ဝစ်တနီ နှင့် ကယ်လီဖိုးနီယား အမှုတွဲ စီရင်ချက် တွင် စတင် ရေးသားလာခဲ့သည်။ သတင်းမှားများကို တုန့်ပြန် ကုစားနိုင်ရန် ပို၍ ထုတ်ဖေါ်ပြောဆိုကြရမည် ဖြစ်ပြီး ရေရှည်တွင် လွတ်လပ်စွာ ဆွေးနွေး ပြောဆိုကြခြင်းဖြင့် အမြင်မှား အတွေးမှား များကို ထုတ်ဖေါ် လာနိုင်မည်ဟု ဆိုသည်။
အကယ်၍ သတင်း အချက်အလက်များ အားလုံးသည် အဖြစ်မှန် ကို ဖေါ်ပြနိုင်ရန် အားထုတ်ကြိုးပမ်းချက် တရပ်သာ ဖြစ်လျင် ကမ္ဘာကြီးတွင် သတင်းအချက်အလက်များ ကြီးထွားလာနေသည့် အဖြစ်ကြောင့် အခါအားလျှော်စွာ လိမ်လည်မှု များ၊ အမှား များကို ဖေါ်ထုတ်နိုင်ပြီး နောက်ဆုံးတွင် ကမ္ဘာကြီး ၌ ဖြစ်ပျက်နေသည်များအား မှန်ကန်စွာ နားလည် သုံးသပ်နိုင်သည့် အသိတရားများ ရရှိလာမည် ဖြစ်သည်ဟု ဆိုကြသည်။
ထိုကဲ့သို့ အ ရေးပါ သော အချက်နှင့် စပ်လျှင်းပြီး ကျွနုပ်၏ စာအုပ်တွင် ရိုးအလွန်းသော အမြင်အား ဆန့်ကျင် ချေပ သွားမည် ဖြစ်သည်။
သတင်း အချက်အလက်များ နှင့် အဖြစ်မှန်များကို တင်ပြရန် ကြိုးစားရင်း အောင်မြင်သွားသည့် အခါများ သေချာပေါက် ရှိခဲ့ပြီး ဖြစ်သော်လည်း ယခု အကြောင်းအရာသည် သတင်း၏ ပင်ကိုယ် သဘောသဘာဝ ကို အဓိပ္ပါယ် ဖွင့်ဆိုနေခြင်း မဟုတ်။
ကျွနုပ်သည် ကြယ်တာရာများအား သတင်းအချက်အလက် အဖြစ် ရှေ့တွင် ဖေါ့်ပြခဲ့ပြီး ဖြစ်သည်။ ထို့အပြင် နက္ခတ်ဗေဒင် ပညာရှင်များ အားလည်း နက္ခတ္တဗေဒ ပညာရှင်များ နှင့် အတူ သာမန်ကာ ရှန်ကာ သဘောယှဉ်တွဲ ဖေါ်ပြခဲ့သည်။ ထိုအကြောင်းကို ယုံလွယ်သူများ ဖတ်မိက ထိုင်နေသည့် ခုံမှပင် နေမထိ ထိုင်မထိ ဖြစ်ကာ လူးလွန့်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော ၎င်းတို့ အမြင်တွင် နက္ခတ္တ ဗေဒ ပညာရှင်များ ကြယ်တာရာ များ မှ "အချက်အလက် အစစ်အမှန်များ" ထုတ်နှုတ်ယူကြသူများ ဖြစ်ကြပြီး နက္ခတ် ဗေဒင် ပညာရှင် များကိုမူ ကြယ်စင် အစုအဝေး များ ကြည့်ပြီး ဖတ်၍ ရသည်ဟု ဆိုကာ "အချက်အလက် အမှားများ"၊ သို့မဟုတ် လုပ်ကြံ ဖန်တီးယူသည့် အချက်အလက်များ" သာ ဖြစ်သည်ဟု ခံယူထားကြသည်။
အကယ်၍ လူများသည် စကြာဝဠာ ကြီး နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ယခုထက် ပို၍ ပြည့်ပြည့်စုံစုံ သိခွင့် ရမည် ဆိုလျင် သေချာပေါက် နက္ခတ် ဗေဒ ပညာရပ်ကို စွန့်ပယ်ပြစ်ကြမည်သာ ဖြစ်သည်။
နက္ခတ်ဗေဒ ပညာသည် သမိုင်းတလျောက် တွင်တွင် ကျယ်ကျယ် နေရာ ယူလာကြသည်မှာ နှစ်ပေါင်း ထောင်နှင့် ချီ ရှိနေပြီ ဖြစ်သည်။ ယခု အချိန်အထိလည်း လူများသည် ၎င်းတို့၏ ကြယ်တာရာ လက္ခဏာများကို စစ်ဆေးနေကြဆဲပင် ဖြစ်သည်။ အရေး ပါသော ဆုံးဖြတ်ချက်များကိုလည်း ထိုအပေါ် မူတည်ပြီး ဆုံးဖြတ်တတ်ကြသည်။ ဘယ်အချိန် ပညာ လေ့လာသင်ယူရမည်၊ ဘယ်အချိန် အိမ်ထောင်ပြုကြရမည် အစရှိသည်တို့ ဖြစ်သည်။၂၀၂၁ စာရင်းဇယား များအရ နက္ခတ်ဗေဒ ၏ ဈေးကွက် တန်ဘိုးသည် ဒေါ်လာ ၁၂.၈ ဘီလီယံ ရှိသည်ဟု သိရသည်။
နက္ခတ်ဗေဒ ဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှု အပေါ် ကျွနုပ်တို့ တွေးထင်ယူဆထားမှုသည် အရေးမပါလှ၊ သို့သော် သမိုင်းတွင် အရေးပါ အရာရောက်ခဲ့သည် ကိုတော့ အသိအမှတ်ပြုသင်သည်။ ယင်းသည် ချစ်သူများကိုသာမက အင်ပိုင်ယာကြီး တခုလုံးကိုပင် ဆက်သွယ်ပေးခဲ့သည်။
ရောမ အင်ပါယာ ပြည့်ရှင် များသည် ဆုံးဖြတ်ချက်များ မချမီ နက္ခတ်ဗေဒ ပညာရှင်များ နှင့် တိုင်ပင် ဆွေးနွေးနေကြ ဖြစ်သည်။ နက္ခတ်ဗေဒင်ပညာကို ထိုသို့ လွန်စွာ တန်ဖိုးထားသည့် အတွက် စိုးစံနေ သော ဧကရာဇ်တစ်ပါး၏ ဟောစာတမ်းကို ဟောကိန်း ထုတ်ခြင်းကိုပင် သေဒဏ်ပေးနိုင်သည့် ပြစ်မှု အဖြစ်ပင် သတ်မှတ်ထားခဲ့သည်။
ထိုသို့ ဟောကိန်း ထုတ်လာပါက အင်ပါယာ ပြည့်ရှင် မင်းသည် မည်သည့် အချိန်နှင့် မည်သို့မည်ပုံ သေဆုံး နိုင်သည် ဆိုသည် တို့ ပါရှိ လာနိုင်သည်ဟု တွက်ဆထား၍ ဖြစ်သည်။ အချို့နိုင်ငံများရှိ အုပ်ချုပ် သူများသည် နက္ခတ်ဗေဒင် ဟောစာတမ်းများကို အလေးအနက် ယုံကြည်နေကြသည်။
၂၀၀၅ တွင် မြန်မာရှိ စစ်အစိုးရသည် ဝေဒပညာရှင် များ၏ ဟောပြောချက်များ ကြောင့် မြို့တော်ကို ရန်ကုန် မှ နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့ကြသည်ဟု စွပ်စွဲ ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
နက္ခတ်ဗေဒင် ၏ သမိုင်း တွင် အရေးပါသည်ဟု ထည့်သွင်းစဉ်းစား နိုင်လောက်အောင် သတင်းအချက်အလက် ဆိုင်ရာ သီအိုရီသည် လုံလောက်မှု မရှိခဲ့ပေ။
ယင်းနှင့် ပတ်သက်၍ ဖေါ်ပြခဲ့သည့် သတင်းအချက်အလက် ဆိုသည် များက အမှားအယွင်းများ၊ အလိမ်အညာများ၊ စိတ်ကူးစိတ်သန်းများ နှင့် လံကြုပ် ဇာတ်လမ်းများသာ ဖြစ်နေသည်။ သတင်းအချက်အလက် များ အပေါ် ယုံလွယ်သူများ နှင့် ဆန့်ကျင်ဖက် အမြင်ရှိသူများက မူ ယင်းသည် အမှန်တရား နှင့် တကယ်တမ်း လိုအပ်နေသည့် ချိတ်ဆက်မှု မရှိဟု ပြောလာကြသည်။ သမိုင်း တွင် ၎င်းတို့၏ အခန်းကဏ္ဍ သည် ရှိနေပြီးသား အမှန်တရားကို လည်း သရုပ်ပေါ်အောင် တင်ပြနိုင် ခဲ့သည် ဟူ၍ မရှိဟု ဆိုသည်။
ထိုအစား ၎င်းတို့၏ အချက်အလက်များသည် မတူညီသော အရာများ (စုံတွဲများ၊ ဧကရာဇ်များ) ကို ဆက်စပ် ဆွဲယူထားသည့် လက်တွေ့ အဖြစ်မှန် ဆိုသည့် အသစ်များကိုသာ ဖန်တီးပေးလာခြင်းပင် ဖြစ်သည်။ အဓိက အားဖြင့် အဖြစ်သနစ် အမှန် ကို ကိုယ်စားပြုရမည့် အစား ဆက်စပ် ပေးလာခြင်းမျိုးသာ ရှိသည်။ သတင်း အချက်အလက် များသည် ကွဲပြားသော အကြောင်းခြင်းများကို ဆက်စပ်လို့ ရနိုင် သရွေ့ ကွန်ယက်တခု သဖွယ် ဖြစ်လာအောင် ချိတ်ဆက်ပေးခြင်း မျိုးသာ ဖြစ်သည်။
သတင်း အချက်အလက် ဆိုသည်က အကြောင်းအရာ များကို ကျွနုပ်တို့ကို တကယ်တမ်း မရှိမဖြစ် လိုအပ်သည် ဆိုကာ အသိပေးခြင်းမျိုး မဟုတ်၊ ထိုအစား အကြောင်းခြင်းရာ များကို ဖွဲ့စည်း တည်ဆောက် ပေးလာခြင်းမျိုးသာ ဖြစ်သည်။
ဗေဒင် ဟောစာတမ်းသည် ချစ်သူ စုံတွဲများကို နက္ခတ်ဗေဒ ဖွဲ့စည်း တည်ဆောက်မှုထဲ ဆွဲခေါ်လာခြင်း ဖြစ်သည်။ ဝါဒဖြန့် ထုတ်လွှင့် ချက်များသည် မဲဆန္ဒရှင်များအား နိုင်ငံရေး ပုံစံခွက်ထဲ ထည့်သွင်းလာခြင်း ဖြစ်သည်။ စစ်ချီ သီချင်းများသည်လည်း စစ်သားများကို စစ်ရေး ဖွဲ့စည်းမှု ထဲ ပေါင်းစပ်ပေးလာခြင်းလည်း ဖြစ်သည်။