နေ့ရော ညပါ ခြစ်ခြစ်တောက် ပူနေသည့် အပြင်တွင် နေခဲ့ရ၍ ဘတ်စ် ကားပေါ်တွင် ချက်ခြင်းလို လူနံ့၊ ချွေးနံ့ များ လှိုင် ထွက်လာသည်။ ရပ်ထားသည့် C-130 ဟာကြူလီ လေယာဉ် ကြီး ရှိရာသို့ သွားရသည့် ခရီးက မဝေးလှ၊ လေယာဉ်သည် အမှိုက်ကား ကို တောင်ပံ့တပ်ထားပုံမျိုး ဖြစ်နေသည်။ အမှိုက်ကား များ သည် အမှိုက်များကို နောက်ပေါက်မှ သယ်ယူကြသလို ယခုလည်း ကျွန်တော်တို့ တက်ဖို့ လေယာဉ် နောက်ဖက် မှ ဆင်ခြေလျော လျှောက်လမ်း ချ ပေးထားသည်။
ဘတ်စ်ကားပေါ် ဆင်းပြီး နောက် ဗိုလ်ချုပ်ကြီးသည် လျှောက်လမ်းဘေး ရပ်လိုက်၍ ကျွန်တော်လည်း သူနှင့် အတူ ရပ်လိုက်သည်၊ ဗိုလ်ချုပ်ကြီးက သူ့ မိသားစု များ၊ ဝန်ထမ်းများ၊ မှီခိုသူများ နှင့် ကျွန်တော်တို့ မသိသည့် နောက်ထပ် လူတရာလောက် လေယာဉ် ပေါ်သို့ အရင်တက်ခိုင်းပြီး စောင့်ကြည့်နေသည်။ ရှက်မနေနဲ့ တက်သာတက် ဟု လေယာဉ် အတွက် ပစ္စည်း အတင်အချ လုပ်ရသည့် တာဝန်ခံက ဗိုလ်ချုပ်ကြီး၏ ဇနီးကို လှမ်းပြောလိုက်သည်။ သူ၏ ခေါင်းတွင်လည်း ဘတ်စ်ကက်ဘော အရွယ် အစားရှိ အမာစား ခေါင်းဆောင်း ဦးထုတ် ဆောင်းထားသည်ကို တွေ့ရသည်။
မဒမ်သည် သူမ စိတ်ထဲ ဇဝေဇဝါ ဖြစ်နေ၍ ကြောက်ရမှန်း ပင် မသိတော့။ ကလေးများကို သူ့ရှေ့က သွားခိုင်းရင်း နဖူး တွင်လည်း အရေးအကြောင်းများ ထင်းလာသည်၊ လေယာဉ် ပစ္စည်းတင်သူ၏ အဓိပ္ပါယ်မဲ့ အော်ဟစ်နေသံများကို ဘာပြောနေတာလဲ ဟု သိအောင် ကြိုးစားနေဟန် ရှိသည်။
ထိုအချိန်တွင် မည်သူနှင့် မျှ မျက်လုံးချင်း မဆုံမိအောင် ကြိုးစားရင် လျှောက်လမ်းဆီသို့ ပြေးလာနေသော လူတဦးကို သတိထားလိုက်မိသည်။ ပင် အမ် လေကြောင်းလိုင်း တံဆိပ်ပါ ခရီးဆောင် အိပ်ကို အတွင်းဖက်သို့ ကွေးဝင်နေဟန်ရှိသော သူ၏ ရင်ဘတ် တွင် ကပ်ပြီး ယူလာသည်။
ထိုလူကို အမှတ် (၃) ခရိုင်ရှိ သူ့အိမ်တွင် အရင်ရက် က တွေ့ခဲ့ဖူးသည်။ ပြည်ထဲရေး ဝန်ကြီးဌာန တွင် လုပ်နေသော ရာထူး အလယ်အလတ်ရှိ သူ တဦး ဖြစ်သည်။ လက်ထောက် အတွင်းဝန် အောက်တွင် လုပ်ရသော လူများထဲက တဦး ဖြစ်ပြီး အိမ်မက် ဆိုသည်လည်း မရှိ၊ အိမ်မက်ဆိုး ဆိုတာမျိုးလည်း မရှိဘဲ သူ့ကိုယ်တွင်း တွင်လည်း သူ့ရုံးလိုပင် ဟောင်းလောက် ပေါက်ကြီးလို ဖြစ်နေမည့် လူစားမျိုး ဖြစ်သည်။
ကျွန်တော် ထိုသူ နှင့် တွေ့ပြီး နောက်ရက်များ တွင် သူ့အကြောင်း ခေါင်းထဲ ပေါ်လာသော်လည်း မျက်နှာကို ဖမ်းမရ ဖြစ်နေသည်။ အခု ဆင်ခြေလျော လျှောက်လှေကား ပေါ် တက်လာမှသာ မှတ်မိသွားခဲ့သည်။ သူ့ ပုခုံးကို ကျွန်တော် လက်နှင့် ပုတ်လိုက်သည့် အခါ ဆတ်ကနဲ ဖြစ်သွားပြီး ကျွန်တော်ကို မမြင်သည့်ဟန် နှင့် မက္ကဆီကန် ချုဝါဝါး ခွေးတကောင်၏ မျက်လုံးမျိုး ဖြင့် လှည့်ကြည့်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပါလား၊ ဒီ လေယာဉ် နဲ့ ခင်ဗျား လိုက်လိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး၊ ဒီက လူကြီးလူကောင်းရဲ့ အကူအညီ မပါဘဲ နဲ့ ကျွန်တော်တို့ ထိုင်ခုံ တွေ ရဖို့ မလွယ်ဘူး ဗိုလ်ချုပ်ကြီးဟု ပြောလိုက်သည်။
ဗိုလ်ချုပ်ကြီး က ခပ်ဆပ်ဆပ် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကို ပြန်ပြုံးပြရန် မလိုသည့် ပုံဖြင့် မပွင့်တပွင့် ပြုံးပြလိုက်သည်။ ထိုလူက ကိစ္စမရှိပါဘူး ဟု ခပ်တိုးတိုး ပြန်ပြောလိုက်သည်၊ အတန်ငယ် တုန်ရီ နေသော သူ၏ ခန္ဓာကိုယ် လက်မောင်းကို ဇနီးဖြစ်ဟန် ရှိသည့် အမျိုးသမီးတဦးက တွဲချိတ်ထားသည်။ နောက်မှ လူအုပ်ကြီးက တွန်းတိုက်၍ ရှေ့ကို ရွေသွားသည့် အခါတွင်တော့ ဗိုလ်ချုပ်ကြီးက ပျော်စရာပဲဟေ့ ဆိုလာ၍ ကျွန်တော်ကလည်း အဲလိုတောင် ပြောရမလို ဖြစ်နေပြီ"
လိုက်မည့် လူများ အားလုံး တက်ပြီးသွားသည့် အခါ တွင်တော့ ဗိုလ်ချုပ်ကြီးက ကျွန်တော့်အား သူ့ရှေ့မှ သွားရန် လက်ပြလိုက်သည်။ ဗိုလ်ချုပ်ကြီးသည် ထိုင်ခုံ မရှိတော့သည့် ကုန်တင် ဝမ်းဗိုက်ကြီးထဲသို့ နောက်ဆုံးမှ တက်လာခဲ့သူ ဖြစ်သွားသည်။ လူကြီးများက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်သူထိုင်၊ အချို့ကလည်း ပါလာသည့် အိတ်ပေါ် ဖင်ခုထိုင်နေကြသည်။ ကလေးများကို သူတို့ ဒူးပေါ် တင်ထားကြသည်။
ကံကောင်းသည့် လူများကတော့ နံရံနှင့် ကပ်နေသော စင် နားတွင် နေရာရသွား၍ ကုန်များ သိုင်းသည့် ကြိုးများကို ကိုင်လိုက်၍ ရသွားကြသည်။ တယောက် နှင့် တယောက်လည်း ပူးကပ်နေကြ၍ လူတစ်ဦး လား နှစ်ဦးလားပင် ခွဲ၍ မရတော့။
ဘွန်၊ လင်း နှင့် ဒပ် တို့သည် မဒမ် နှင့် သူမ၏ ကလေးများ နှင့် အတူ အလယ်လောက်တွင် နေရာ ရသွားသည်။ ချပေးထားသော လျှောက်လမ်းသည် တဖြေး ဖြေး နှင့် ကြွတက်လာပြီး ကုန်တင် ဝမ်းဗိုက်ကြီးလည်း ပိတ်သွားခဲ့သည်။ ကျွန်တော်တို့အားလုံးလည်း သံဗူးထဲက တီကောင် ဘဝ ရောက်သွားရသည်။ ကုန်တင်ကုန်ချ တာဝန်ရှိ ပုဂ္ဂိုလ် နှင့် အတူ ကျွန်တော် နှင့် ဗိုလ်ချုပ်ကြီးသည်လည်း အထဲရောက်လာသော လျှောက်လမ်းဘေးတွင် မှီ၍ ရပ်လိုက်ကြသဖြင့် ကျွန်တော်တို့၏ ဒူးများ နှင့် ထိုင်နေသူတို့၏ နှာခေါင်းတို့ ထိလုထိခင် ဖြစ်သွားသည်။
လေယာဉ် ၏ တာဘို လေးလုံးတပ် အင်ဂျင် စက် ကို နှိုးလိုက်သည့် အခါ တွင် တော့ တုန်ခါမှု များ နှင့် အတူ နားကွဲလုမတတ် အသံကြီး ထွက်လာသည်။ မကြာမီ လေယာဉ်သည် ပြေးလမ်းတလျောက် တဂျုန်းဂျုန်း မြည်သံကြီး နှင့် အတူ ရွေ့လျားလာချိန်တွင် အထဲရှိ လူများလည်း စကောထဲ ဇီးသီး ထည့်လှိမ့်သလို ရှေ့တိုး နောက်ငင် ဖြစ်ကုန်ကြသည်။ တိုးတိုး တိုးတိုး နှင့် ဘုရားတ သံများလည်း ထွက်လာသည်။
လေယာဉ် အရှိန်ရလာချိန်တွင် ရှေ့ နား ထိုင်နေသော အမျိုးသမီး က သူ့လက်နှင့် ကျွန်တော့် ဒူးကို လှမ်းဖက်လိုက်၍ နောက်သို့ ယိုင်သွားခဲ့သည်။ ကျွန်တော့် ပေါင်ကြားရှိ ကျောပိုးအိတ်ကို သူမ မေးစိနှင့် ဖိထားသည်။
လေယာဉ်ထဲရှိ အပူချိန်သည် လေးဆယ် ဒီဂရီ ဆဲစီယပ်စ် ထိ ဖြစ်လာ၍ လူနံ့များလည်း မွန်ထူလာသည်။ ချွေးနံ့များ၊ မလျှော်မဖွတ်ရသေးသော အဝတ်အစားများ မှ အနံ့များ ထွက်လာနေသည်။ သက်သာရာ ရရာ ရကြောင်း အဖြစ် ဖွင့်ထားသော တံခါး ရှေ့တွင် ရော့ခ် ဂီတ သမား တယောက် ခြေနှစ်ချောင်း ကားယား ခွထားသော ပုံစံဖြင့် ရပ် နေသော လေယာဉ် အမှုထမ်း၏ ပေါင်ကြားမှ ထွက်လာသော လေ ကို ရ နေ၍ အနည်းငယ် တော်သေးသည်။ သူ့ ပုခုံးတွင်တော့ ကြိုး ခြောက် ကြိုး ပါ လျပ်စစ်ဂီတာ တလက် တော့ ချိတ်မထား၊ ထိုအစား ကျည်ဆံ အတောင့် ၂၀ ပါ ကျည်ကပ် နှင့် M-16 သေနတ် တလက်ကို လွယ်ထားသည်။
လေယာဉ်သည် ပြေးလမ်းတလျောက် ရွေ့လျားနေချိန် တွင် ဧရာမ သံဗူး ကြီးကို အလျားလိုက် ခွဲထားသလို ကွဲထွက် နေသော ကွန်ကရိ မြေထိန်းအကာ အရံ များ၊ ညနေ အစောပိုင်းက စက်သေနတ် နှင့် အမွှေ့ခံရ၍ မီးလောင် ပျက်စီးသွားသော လေယာဉ် များ သည် ရိုက်နှက် ခံထားရ၍ တောင်ပံ့များ ပြုတ်ထွက်ပြီး ပြန့်ကျဲ နေသည် ငှက်များလို ဖြစ် နေသည်ကိုလည်း ဖြတ်ကနဲ တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် လေယာဉ်ထဲတွင် မီးကိုရေနှင့် ငြိမ်းလိုက်သလို အသံဗလံများ တိတ်ဆိတ် သွားခဲ့သည်။ ကြောက်လန့် တုန်လှုပ် စိတ်များ၊ ဘာဖြစ်လာမလဲ ဆိုသော စိတ်များ လွှမ်းမိုး သွားခဲ့သည်။ သူတို့ စိတ်ထဲတွင်လည်း ကျွန်တော် တွေးနေခဲ့သလို စစ်အနိဌာရုံ များ နှင့် ပြည့်နှက်နေသော ဗီယက်နမ် ကို နေရစ်ခဲ့တော့၊ ဂွတ်ဘိုင် ဆိုင်ဂုံ ဟု နှုတ်ဆက်နေကြမည်မှာ သံသယ ရှိစရာ ပင် မလိုတော။