အမှန်တရား ဆိုသည်က ဘာလဲ (၂)
အမှန်တကယ် ဖြစ်စဉ် သည် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သည့် အဆင့်မျိုး မှ ဆင်းသက်လာခြင်းမျိုး ဖြစ်ပြီး လူတို့၏ ယုံကြည်မှု အပေါ် အားပြုခြင်း မရှိပဲ ဓမ္မဓိဋ္ဌာန် ကျသည့် အချက်အလက်များ နှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဥပမာ ဆိုရက ဆာရာ အာရွန်ဆွန်သည် သူမ လက်ထဲက သေနတ် ထိမှန် ဒဏ်ရာ ဖြင့် ၁၉၁၇ အောက်တိုဘာ ၉ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းသည် ဓမ္မဓိဋ္ဌာန် ကျသည့် အချက်အလက် ပင် ဖြစ်သည်။ အကယ်၍ ဆာရာ အာရွန်ဆွန် သည် လေယာဉ် ပျက်ကျ၍ ၁၉၁၉ မေလ ၁၅ ရက်နေ့တွင် သေဆုံးခဲ့သည် ဆိုက မှားယွင်းမှု ပင် ဖြစ်သည်။
အမှန်တကယ် ဖြစ်စဉ်တွင် ပုဂ္ဂလဓိဋ္ဌာန် ဖြစ်သည် လူအသီးသီး၏ ယုံကြည်ထားမှု များ၊ ခံစားချက်များ နှင့် ရှုမြင်ခြင်းများလည်း ပါဝင်နေတတ်သည်။ ထိုအရေးတွင် အချက်အလက်များ နှင့် အမှားအယွင်းများကို ခွဲထုတ်နိုင်ဖို့ လိုအပ်လာပြန်သည်။ ဥပမာ ဆို က အစ္စရေး တို့သည် အာရွန်ဆန် အား မျိုးချစ် သူရဲကောင်း အဖြစ် မှတ်ယူလိုကြသည်။ သူမ ကိုယ့်ကိုကိုယ် အဆုံးစီရင် ပြီး သုံးပတ် အကြာတွင် ဗြိတိသျှ တပ်များသည် NILI ပေးသော သတင်း များ ဖြင့် ၁၉၁၇ အောက်တိုဘာ ၃၁ ရက် ဘီရာရှီဘာ တိုက်ပွဲကြီးနှင့် တတိယ မြောက် နိုဝင်ဘာ ၁-၂ ဂါဇာ တိုက်ပွဲများ ဖြင့် အော်တိုမန် တို့၏ ခံစစ်စည်း ကို ဖြို့ဖျက်နိုင်ခဲ့သည်။
၁၉၁၇ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး အာသာ ဘဲလ်ဖိုး သည် ဘဲလ်ဖိုး ကြေညာစာတမ်းကို ထုတ်ပြန်လာခဲ့သည်၊ ထိုစာတမ်းတွင် "ဗြိတိသျှ အစိုးရသည် ပါလက်စတိုင်း နယ်မြေ တွင် ဂျုးလူမျိုး များ အတွက် နိုင်ငံတနိုင်ငံ တည်ထောင်ပေးရေး ကို လိုလားနေသည်" ဟု ပါရှိခဲ့သည်။
အစ္စရေး တို့က ထိုသို့ ကြေညာချက် ထွက်ပေါ်လာခဲ့ရခြင်းသည် တစိတ်တပိုင်းအားဖြင့် ဆာရာ အာရွန်ဆန် နှင့် NILI အဖွဲ့၏ စွမ်းဆောင်မှု ကြောင့် ဖြစ်သည်ဟု ချီးကြူး ဂုဏ်ယူခဲ့ကြသည်။
သို့သော် ပါလက်စတိုင်း ဖက် က တော့ အစ္စရေး တို့နှင့် အလွန်တရာ မှ ကွဲပြားခြားနားစွာ ရှုမြင် သုံးသပ်ကြမည် ဖြစ်သည်။ ၎င်းတို့သည် အာရွန်ဆန် အတွက် ဂုဏ်ယူရမည့် အစား သူမ အကြောင်း သိခဲ့ကြမည်ဆိုလျှင် အရင်းရှင်နယ်ချဲ့တို့၏ လက်ကိုင်တုတ် အဖြစ် သုံးသပ် ရှူမြင်ကြမည်သာ ဖြစ်သည်။
ထိုနေရာတွင် ပုဂ္ဂလဓိဋ္ဌာန် ခံစားချက်များ၊ အမြင်များ နှင့် ထိတွေ့ ဆက်ဆံလာရသော်လည်း မိမိတို့သည် အမှန် နှင့် အမှား ကို ခွဲခြား သုံးသပ်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။ အမြင်များနှင့် ခံစားချက်များ သည် ကြယ်တာရာ များ နှင့် ခို ငှက်များလိုပင် စကြဝဠာ ပကတိ ဖြစ်စဉ်များ၏ တစိတ်တပိုင်း ပင် ဖြစ်သည်။ ဤနေရာတွင် "ဆာရာ အာရွန်ဆန်အားအော်တိုမန် အင်ပါယာ ပြိုလဲသွား စေခဲ့မှု တွင် သူမ ပါဝင်ခဲ့သည့် အခန်း ကဏ္ဍ အတွက် လူတိုင်းက ချီးကြူး လေးစားခဲ့ကြသည်" ပြောလျင်တော့ အမှန်တရား နှင့် ကိုက်ညီမှု မှု ရှိမည် မဟုတ်ပေ။
လူမျိုး၊ နိုင်ငံသား ဆိုသည် ကို ထည့်သွင်းလာလျင် လူတို့၏ အမြင်များ အပေါ် သက်ရောက်မှု ရှိလာတတ်စမြဲပင် ဖြစ်သည်။ အစ္စရေး အမျိုးသား နှင့် အမျိုးသမီးများသည် အာရွန်ဆန် အပေါ် အမြင်က တနည်းတဖုံ ကွဲပြားစွာ ရှုမြင်ကောင်း ရှုမြင်ကြမည် ဖြစ်သည်၊ အလားတူပင် လက်ဝဲသမားများ၊ လက်ယယာ သမားများ၊ အော်သို ဒေါ့ ဘာသာရေး သမားများ၊ လောကီရေး အားသန်သူ ဂျူးများသည်လည်း သူတို့အမြင် နှင့် သူတို့ ရှိကြမည်သာ ဖြစ်သည်။
ကိုယ့်အသက်ကို ကိုယ် အဆုံးစီရင်ခြင်းအား ဂျူးဘာသာရေး ဥပဒေ ဖြင့် တားမြစ်ထားသဖြင့် အော်သိုဒေ့ါ ဂျူးများသည် အာရွန်ဆန် ကိုယ့်ကိုကိုယ် သတ်သေသွား မှုအား သူရဲကောင်း ပီသသည့် လုပ်ရပ် အဖြစ် မြင်ဖို့ ခက်ခဲနေမည် ဖြစ်သည်။ (သူမအား ဂျူး သင်္ချိုင်းရှိ အထွတ်အမြတ် ထားရာ မြေနေရာတွင် မြုပ်နှံဖို့ ငြင်းဆိုခံခဲ့ရသည်)။
နောက်ဆုံးမှာတော့ ကမ္ဘာ ကြီး နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များ ထွက်ပေါ်လာခြင်းသည် လူတဦးချင်းစီတိုင်း ရှိ မတူညီသော ပင်ကိုယ်စရိုက် လက္ခဏာ နှင့် ဘဝ ဖြတ်သန်းမှု သမိုင်းကြောင်း တို့၏ ပုံ ဖေါ် ခံထားရခြင်း ကြောင့်ပင် ဖြစ်သည်။
သို့ဖြစ်က အမှန်တရားကို တင်ပြ နိုင်ရန် ကျွနုပ်တို့ အနေဖြင့် ယင်းနှင့် ပတ်သက်သည့် ကွဲပြားသော အမြင်များကို စုစည်း ဖေါ်ပြရန် လိုအပ်သည်ဟု ဆိုလိုခြင်းလော၊ ဥပမာ ဆိုက ဆာရာ အာရွန်ဆန်၏ အတ္ထုပတ္တိ အား အရှိကို အရှိ အတိုင်း တင်ပြနိုင်ရန် သူမနှင့် ပတ်သက်၍ အစ္စရေး နှင့် ပါလက်စတိုင်းတို့ မည်သို့ ရှူမြင်ကြသည်ကို တိတိပပ ဖေါ်ပြရမည် လော ဆိုသည်ပင် ဖြစ်သည်။
တိကျမှု နောက် အဆုံးစွန် အထိ လိုက်မည် ဆိုက ထင်ရှားသော စာရေး ဆရာကြီး ဟော်ဟေး လူဝီစ် ဘောဂက်စ် ၏ ၁၉၄၆ တွင် ရေးသားခဲ့ သော သိပ္ပံပညာ ၏ တိကျမှန်ကန်မှုတရား ဆိုသော "On Exactitude in Science" ဝတ္ထု တွင် ပါရှိသလို ကျွနုပ်တို့ အနေဖြင့် ကမ္ဘာ အမြင်အား တဦးချင်းစီ အမြင်များ ကို အတိအကျ ကိုယ်စားပြု ဖေါ်ပြရမည့် အဖြစ်သို့ ဦးတည်သွားမည် ဖြစ်သည်။
ထိုဝတ္ထုကြီးတွင် ဘောဂက်စ်သည် ရှေးဟောင်း အင်ပိုင်ယာကြီး တခု အကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းဖွဲ့ထားသည်၊ ထိုဇာတ်လမ်းပါ အင်ပိုင်ယာ ကြီးသည် နယ်မြေများ၏ မြေပုံများ တိကျ မှန်ကန်မှု ရှိရန် စိတ်အားသန်နေသည့် အတွက် တခုပြီး တခု ပြင်ဆင်ထုတ်ဝေလျက် ရှိသည်။ နောက်ဆုံးတွင် one-to-one စကေးဖြင့် တမိုင် အရှည်ကိုလည်း မြေပုံပေါ်တွင် တမိုင် အတိုင်းအတာဖြင့် ဖေါ်ညွှန်းသည် အထိ ဖြစ်လာ၍ အင်ပိုင်ယာ ကြီး တခုလုံး မြေပုံကားချပ် များ နှင့် ပြည့်နှက်လာသည်။ ထိုသို့ ရည်မှန်းချက် ကြီးကြီး ထားလာသည့် စီမံကိန်းကြောင့် နိုင်ငံ တွင်းရှိ အရင်းအမြစ်များ အားလုံးသည် အလဟသ ဖြုန်းတီးပစ်ရာ ရောက်သွားခဲ့ပြီး နောက်ဆုံးတွင် အင်ပိုင်ယာကြီး ပြိုလဲသွားခဲ့ရသည်။ မြေပုံကားချပ်ကြီးလည်း အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။
ဘောဂက်စ် ၏ ဝတ္ထုသွားအရ မြေပုံအစ အန များသည် အနောက်ဖက် သဲကန္တာရ ထဲတွင် ကျန်ရှိနေဆဲ ဖြစ်ပြီး သားရဲတိရိစ္ဆာန် များ နှင့် တောင်းရမ်းစားသောက်သူများ အတွက် ခိုလှုံရာ အဖြစ် အသုံးချစရာ ဖြစ်လာသည်။
ထိုသို့ စကေး အတိအကျ ဖြင့် ရေးဆွဲထားခြင်း သည် ပကတိ လက်တွေ့ ဖြစ်စဉ်အား အဆုံးစွန် ကိုယ်စားပြု ပုံ မျိုး ဖြစ်နေသော်လည်း တကယ်တမ်းတွင် ထိထိရောက်ရောက် ဖေါ်ကျုး နိုင်ခြင်း မရှိဖြစ်သွားရသည်။ ဤသည်ကပင် လက်တွေ့ အမှန်တရား အဖြစ် ထွက်ပေါ်လာခဲ့သည်။
ဆိုလိုချင်သည်က လက်တွေ ဖြစ်စဉ် တခုကို အမှန်ဆုံး ဖြစ်အောင် မည်သည့် အခါ မျှ အပြည့်အဝ ကိုယ်စားပြု ဖေါ်ပြ နိုင်ခြင်း မရှိဟူ၍ ဖြစ်သည်။ ဖြစ်စဉ် အမှန်၏ အချို့သော ရှုဒေါင့် များကို လျစ်လျု ရှုထားခြင်း၊ လိုရာဆွဲ၍ ပုံဖေါ်ထားခြင်းများက အမြဲလို ရှိနေသည်။
အမှန်တရားသည် အမှန်တကယ် ဖြစ်ပျက်ခဲ့မှု ကို one-to-one စကေး ဖြင့် ကိုယ်စားပြု ထားခြင်း မရှိပေ။ တကယ်တမ်း တွင် အမှန်တရား ဆိုသည်က အမှန်တကယ် ဖြစ်ပျက် တည်ရှိမှု၏ အချို့သော ရှုဒေါင့်များကို အာရုံစိုက်နိုင်အောင် အတွက်ဖြစ်ပြီး ထို့အတွက် အချို့ကို လျစ်လျု ရှုပစ်ခဲ့ကြသည်။ အမှန်တကယ် ဖြစ်စဉ် တခု ကို မည်သည့် အခါမျှ ၁၀၀ ရာနှုန်းပြည့် တိကျ မှန်ကန်အောင် ဖေါ်ပြနိုင်ခြင်း မရှိပေ။ သို့ သော်လည်း အချို့သော အကြောင်းခြင်းရာ ရှုဒေါင့် များသည် အခြား သော ရှုဒေါင့် များထက် ပို၍ မှန်ကန်မှု ရှိနေသည်။