ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(23)

by Hla Soewai - Feb 24 2025

သူတို့လေး တွေ စိတ်ပါလက်ပါ ပြောနေသည်များကို နားထောင်ရင်း အချိန် အကုန်မြန်လာခဲ့ရသည်။ ကောင်းကင်ယံ တွင် C-130 လေယာဉ်ကြီးများ မီးတလက်လက် နှင့် အဆင်း အတက် လုပ်နေသည်။

 

သို့သော် နာရီလက်တံများ တရွေ့ရွေ့ ရှေ့တိုးလာသည် နှင့် အမျှ ကျွန်တော် တို့ နံပတ်များလည်း မခေါ်သေး၍ သူတို့ရော ကျွန်တော်ပါ ပင်ပန်း နွမ်းနယ်လာသည်။ 

 

လက်ကိုင် အော်လံကြီး တကိုင်ကိုင်နှင့် မရိမ်းတပ်သား ၏ အသံသည်လည်း လည်ချောင်းကင်ဆာ ဖြစ်နေသူ အလား ဗလုံးဗထွေး နှင့် ဖြစ်နေသည်။ လေယာဉ် နှင့် လိုက်ရမည့် လူများလည်း ပါလာသမျှ အိတ်များကို ဆွဲပြီး ‌လေယာဉ် ပြေးလမ်း အထိ မောင်းပို့ပေးမည့် ဘတ်စ်ကား ပေါ် ကမျောသောပါး တက်ကုန်ကြသည်။

 

အချိန်ကား ညဆယ်နာရီ ကျော်လာပြီး ဆယ်တစ်နာရီ နား ကပ်လာနေသည်။ ကျွန်တော်လည်း လှဲအိပ်လိုက်သော်လည်း အိပ်၍ကား မပျော်။ ရောက်နေသည့် နေရာက စစ်သား များ ပျက်လုံး ထုတ်သလို ကြယ်ပေါင်း ခ နေသည့် ဟိုတယ် ဟု ပြော၍ ရနေသည်။ အိပ်မရသည့် အတူ အာကာသ ဟင်းလင်းပြင်ရှိ ကြယ်စုများကို ကြည့်ရင်း ကိုယ့်ကိုကိုယ် ကံကောင်းလှပြီဟု အတွေးဝင်နေမိသည်။

 

ကျွန်တော်လည်း ဘွန် ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ရင်း နောက်ထပ် စီးကရက်တလိပ်ကို မီးညှိ လိုက်သည်။ ပြန်လှဲချလိုက်ပြန်လည်း ပူလွန်း၍ အိပ်မပျော်ပြန်၊ သန်းကောင် ယံ ချည်းကပ်လာသည့် အခါ တွင်တော့ ကျွန်တော် ဝင်းထဲ လမ်းသလား နေမိသည်။ အိမ်သာ တက်ချင်စိတ် ပေါက်လာ၍ အိမ်သာထဲ ဝင်ပြီး တချက် ခေါင်းပြူ ကြည့်လိုက်ရင်း ချက်ခြင်းလို မှားမှန်းသိလိုက်သည်။ အိမ်သာ သည် ပုံမှန်အားဖြင့် ဒါဇင် အနည်းငယ်ရှိသော ရုံးဝန်ထမ်း များ အတွက် ရည်ရွယ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ယခုတော့ လေယာဉ်များ ပေါ် တက်ရန် စောင့်‌ နေသော ထောင်ချီရှိ နေသည့် လူများ၏ အသုံးတော်ခံ ဖြစ်နေသည်။

 

ရေကူးကန်သည်လည်း ထိုအတိုင်းပင်၊ ရေကူးကန်ဟူ၍ ဖြစ်လာကတည်းက အမေရိကန် များ အတွက်သာ ဟူ၍ သတ်မှတ်ထားသော်လည်း လက်မှတ်ထုတ်ပေးထားသော အခြားနိုင်ငံများမှ လူဖြူများ၊ နိုင်ငံတကာ ထိန်းချုပ်‌ ရေး နှင့် ကြီးကြပ်‌ ရေး ကော်မတီ International Committee of Control and Supervision (ICCS) မှ အင်‌ဒိုနီရှား၊ အီရန်၊ ဟန်ဂေရီ၊ ပိုလန် နိုင်ငံသား များလည်း သုံးခွင့်ရကြသည်။

 

ကျွန်တော်တို့ နိုင်ငံသည် စာလုံး အတိုကောက်များ ဗုံးဘောလအော သုံးခံရသော နိင်ငံမျိုး ဖြစ်သည်။ ICCS အားလည်း I Can't Control Shit" ,ဟု လူသိများသည်၊ ထိုကော်မတီ၏ တာဝန်သည် အမေရိကန် တပ်များ မဟာဗျူဟာ မြောက် ရွှေ့ပြောင်းပြီးနောက် မြောက် နှင့် တောင် အကြား အပစ်အခတ် ရပ်စဲရေး ကို ကြီးကြပ်ရန် ဖြစ်သည်။

 

၎င်းတို့ အပစ်အခတ် ရပ်စဲရေး ကလည်း အတော်ပင် အားရစရာ ကောင်းနေသည်။ ပြီးခဲ့သည့် နှစ် နှစ် အတွင်းမှာပင် စစ်သား ၁၅၀,၀၀၀ ကျဆုံးခဲ့ရသည်။ ထိုအထဲတွင် သေဆုံးသွားခဲ့ရသော အရပ်သား များ မပါသေး။ အပစ်အခတ် ရပ်စဲရေး မရှိက မည်မျှ အထိ သေဆုံး နိုင်သည် ကို ‌တွေးကြည့်၍ ရနေသည်။

 

လေယာဉ် ဖြင့် လိုက်မည့်လူများက ၎င်းတို့လို ဒေသခံများ အား ရေကူးကန် ကို အသုံးပြုခွင့် မပေးဘဲ ဖယ်ထုတ်ထားခဲ့သည်ကို မကျေမနပ် ဖြစ်နေကြပေလိမ့်မည်။ မအောင့်နိုင်သူများက တော့ ကျင်ငယ် စွန့်ဖို့ သုံးကြမည်သာ ဖြစ်သည်။ ကျွန်တော်လည်း ရေကူးကန် အစပ်တွင် ကိစ္စပြီးအောင် လုပ်ပြီး တင်းနစ် ကွင်း ရှိရာသို့ ပြန်လာခဲ့သည်။

 

လင်း ကတော့ မေးပေါ် လက်တင်ပြီး အိပ်ငိုက်နေရှာသည်။ သူမ၏ ရင်ခွင်ထဲရှိ ဒပ် ကလေးသာ အိပ်ရေး ဝ နေသည်။ ကျွန်တော်လည်း ဆောင့်ကြောင့် ထ ထိုင်လိုက်၊ အိပ်လိုက် ဆေးလိပ်သောက်လိုက် နှင့် မနက် လေးနာရီ ထိုးသွားသည်။ ထိုအချိန်ရောက်မှ ကျွန်တော်တို့ နံပတ် အခေါ်ခံရသည်။ ကျွန်တော်လည်း သူတို့ အလှည့် မရောက်သေး၍ နှုတ်ခမ်းစူ ပြီး ကျန်ခဲ့သော ကောင်မလေး များကို ဂူအမ်ကျမှ တွေ့မည်ဟု နှုတ်ဆက်ရင်း ထွက်လာခဲ့သည်။

 

တင်းနစ် ကွင်းမှ ကား ရပ်နားရာ နေရာအထိ လမ်းလျောက်လာခဲ့ကြသည်။ ထိုနေရာတွင် ‌ကျွန်တော် တို့ အဖွဲ့ရှိ ကိုးဆယ့် နှစ်ဦးကို လေယာဉ်ရှိရာ ခေါ်သွားမည့် ဘတ်စ်ကားများ စောင့်နေသည်။ သို့သော် လူ အုပ်ကြီးက နှစ်ရာလောက် ဖြစ်နေ၍ ဗိုလ်ချုပ်ကြီးက ဘယ်ကလူတွေလဲဟု ကျွန်တော်ကို မေးလာသည်။ ကျွန်တော်လည်း အနီးရှိ မရိမ်းတပ်သားကို မေးကြည့်ရာ ပုခုံးသာ တွန့်ပြရင်း မင်းတို့ အရွယ်အစားတွေ က ကြီးကြီးမားမား မဟုတ်တော့ ငါတို့ တ‌ယောက်စာလို့ သတ်မှတ်ထားတဲ့ နေရာမှ နှစ်ယောက် ထည့် ပေးလိုက်တာပဲဟု ပြောလာသည်။

 

ကျွန်တော်လည်း သူပြောသည်ကို သ‌ဘောမ‌တွေ့သော်လည်း မျက်နှာ သုံသုံမှုန် မှုန် ဖြစ် နေသော ဗိုလ်ချုပ်ကြီး နောက်မှ ကပ်ပြီး ဘတ်စ်ကားပေါ် တက်လိုက်သည်။ ကျွန်တော့် စိတ်ထဲတွင်တော့ ဒီလိုမျိုး ဆက်ဆံခံနေကျ ပဲ ဟု ‌ဖြေသိမ့်လိုက်သည်။ ကျွန်တော်တို့အားလုံးလည်း မော်တော် ဆိုင်ကယ် ပေါ် လူ နှစ်ယောက်ထက် မက တင်စီး၊ ဘတ်စ်ကားများ၊ ထရပ်ကားများ၊ ဓါတ်လှေကားများ၊ ရဟတ်ယာဉ်များ ပေါ်တွင် ကိုယ့်ကိုကိုယ် သေကြောင်းကြံနေကြသည့်အလား လူအပြည့်အသိပ် နှင့် တက်စီးကြပြီး စည်းမျဉ်းစည်းကမ်းများ၊ အသုံးပြုရမည့် လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ အားလုံးကို ပေယာလကံ ပြုနေကျ လည်း ဖြစ်သည်။

 

ကျွန်တော် တို့ ဒီလို ပုံစံမျိုး ဖြစ်လိုရာ ဖြစ် ကြိတ်မှိတ်နေတတ် ကြသည်ကို အခြားလူများ ကြည့်ပြီး အံ့အား သင့်နေကြမည်လော ဟု တွေးမိသည်။

 

ဒီကောင်တွေ အမေရိကန် ဗိုလ်ချုပ် တယောက်ဆို ဒီလို ဆက်ဆံမှာ မှာ မဟုတ်ဘူး ကွ ဟု ဘတ်စ်ကား ပေါ်တွင် ကျွန်တော် နှင့် လူချင်း ထိမတတ် လိုက်လာရသည့် ဗိုလ်ချုပ်ကြီးက မကျေမနပ် ပြောလာသည်။ ကျွန်တော်ကလည်း ဒါအမှန်ပဲ ဟု ပြောလိုက်ရသည်။ တကယ်လည်း မှန်နေသည်။