သတင်းအချက် အလက် ဆိုရာဝယ် လူသားတို့ ဖန်တီးထားသော သင်္ကေတ အချက်အလက်များ မဖြစ်မနေ ပါရန် မလိုပေ။ သမ္မာကျမ်းစာပါ ရေလွှမ်းမိုးမှု ဇာတ်တော်ကြီး တွင် နိုရာ သည် လှေကြီး ထဲမှ နေ၍ ၎င်း စေလွှတ်လိုက်သည့် ခို ငှက် ကလေးသည် ပါးစပ်တွင် သံလွင်ခက်လေး ချီ၍ ပြန်လာသည်ကို တွေ့လိုက်ရပြီး၊ နောက် ဆုံး တွင် ရေ များ ပြန်ကျသွားသည် အဖြစ်ကို သိခဲ့ရသည်။ ဘုရားသခင်သည် လည်း ကမ္ဘာမြေပေါ်တွင် နောက်တကြိမ် ရေလွှမ်းမိုး မှု မဖြစ် စေရ ဟု ကတိပေးသည့် အနေဖြင့် မိုးတိမ်များ ကြားတွင် သက်တန့် ကို ဖန်တီး ပေးခဲ့သည်။
ခိုငှက်၊ သံလွင်ခက် နှင့် သက်တန့်တို့သည် ထိုအချိန်ကစ၍ ငြိမ်းချမ်းရေး နှင့် သည်းခံ နိုင်မှု ၏ ပြယုဒ်များ ဖြစ်လာခဲ့သည်။ သက်တန့်များ လောက်ပင် နီးနီးစပ်စပ် မရှိသည့် အရာများသည်လည်း သတင်း အချက်အလက်များ ဖြစ်နိုင်သည်။
နက္ခတ္တ ဗေဒ ပညာရှင်များသည် အာကာသ ဟင်းလင်းပြင်ရှိ ကြယ်စု များ၏ ပုံပန်းသဏ္ဍန် နှင့် ရွေ့လျားမှု ကို ကြည့်၍ စကြာဝဠာ ၏ ရာဇဝင် ကြောင်း နှင့် သက်ဆိုင်သည့် အရေးပါလှသော သတင်း အချက်အလက်များကို စုစည်း ခဲ့ကြသည်။
ရေကြောင်းလမ်းပြသူများလည်း ဓူဝံကြယ်ကို ကြည့်၍ မည်သည့်အရပ်သည် မြောက်ဖက် ဖြစ်သည်ကို တိုင်းတာ ဆုံးဖြတ်ခဲ့ကြသည်။ ဝေဒ ပညာရှင်များ အတွက်လည်း ကြယ်များသည် စကြာဝဠာ ၏ ပြဋ္ဌာန်းချက် များ ဖြစ်လာသည်။ ယင်းကို အခြေခံ၍ လူတဦးချငိးစီ နှင့် လူ့အဖွဲ့အစည်း တခု၏ အနာဂတ် နှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ကြသည်။
တစုံတရာကို "သတင်းအချက်အလက်" အဖြစ် ပြဋ္ဌာန်း ဖွင့်ဆိုခြင်းသည် ရှုထောင့် အမြင်နှင့်လည်း သက်ဆိုင်နေသည်။ နက္ခတ္တ နှင့် ဝေဒ ပညာရှင်များသည် တူ ရာသီ ဆိုင်ရာ ကြယ်တာရာ အစုအ ဝေး များကို သတင်းအချက်အလက် အဖြစ် ရှုမြင်ကောင်း ရှုမြင်ကြမည် ဖြစ်သော်လည်း ဤသို့ ဝေးကွာလှသည့် ကြယ်များသည် လူသားများ၏ လေ့လာမှု အတွက်မူ ကြော်ငြာ သင်ပုန်း တခု ထက် များစွာ သာလွန်ပေသည်။
အာကာသ ထဲတွင် အခြားကမ္ဘာ မှ ဂြိုလ်သားများလည်း ရှိကောင်း ရှိနိုင်သည်။ ၎င်းတို့ရှိရာ မှ သတင်း အချက်အလက်များ ရှာဖွေစုဆောင်းနေသည့် သာမက ၎င်းတို့ အကြောင်း ပါ ပြောဆိုနေကြသည်ကို လုံးဝ သတိမူ မိမည် မဟုတ်။
အလားတူ ပင် စက္ကူ အပိုင်းအစ တခု ပေါ်တွင် မှင် စွန်းထင်းနေသည့် အကြောင်းအရာများသည် စစ်တပ်ရင်း တပ်စု တခု အတွက် သို့မဟုတ် ခြ မိသားစု တစု၏ ညစာ အတွက် လွန်စွာ အရေးပါသော သတင်း အချက်အလက်များလည်း ဖြစ်နိုင်နေသည်။
မည်သည့် အရာမဆို သတင်း အချက်အလက် ဖြစ်နိုင်နေ၍ ယင်းအား အဓိပ္ပါယ် ဖွင့်ဆို ပြဋ္ဌာန်းနိုင်ဖို့ အတော်လေး ခက်ခဲနေရသည်။
ထိုသို့ အဓိပ္ပါယ်ကို တိတိကျကျ ဖွင့်ဆိုနိုင်ဖို့ မတင်မကျ ဖြစ်နေမှု သည် စစ်ဖက် ဆိုင်ရာ သူလျို လုပ်ငန်းများ နှင့် ဆိုင်သော မှတ်တမ်းများ တွင် အထင်အရှား တွေ့မြင်လာရသည်။ စပိုင် ဆိုသူများသည် သတင်းအချက်အလက်များ ကို ခိုးကြောင် ခိုးဝှက် ဆက်သွယ် ပေးပို့ကြရသည်။
ပထမ ကမ္ဘာစစ် အတွင်း ပြင်သစ် နိုင်ငံ မြောက်ပိုင်း သည်သာ အဓိက စစ်မြေပြင် မဟုတ်၊ ၁၉၁၅ မှ ၁၉၁၈ အတွင်း ဗြိတိသျှ တို့ နှင့် အော်တိုမန် အင်ပိုင်ယာ တပ်များသည် အရှေ့အလယ်ပိုင်းကို ထိန်းချုပ်နိုင်ရေး အတွက် တိုက်ခိုက်ခဲ့ကြသည်။
ဆိုင်းနိုင်း ကျွန်းဆွယ် နှင့် ဆူးအက်တူးမြောင်း တို့တွင် အော်တိုမန် တပ်များကို တွန်းလှန်နိုင်ခဲ့ပြီး နောက် ဗြိတိသျှ တို့သည် အော်တိုမန် အင်ပိုင်ယာကြီးကို တိုက်ခိုက်လာခဲ့ကြသည်။ သို့သော် ဘီယာရှီဘာ မှ ဂါဇာ အထိ အခိုင်အမာ တည်ဆောက်ထားသော အော်တိုမန် တို့၏ ခံစစ်မျဉ်းကို မထိုးဖေါက် နိုင်၍ ၁၉၁၇ အောက်တိုဘာလ အထိ ရှေ့မတိုးနိုင် ဖြစ်နေသည်။
ဗြိတိသျှ တို့ ထိုးဖေါက် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့မှု သည် ၁၉၁၇ မတ်လ ၂၆ ရက်နေ့ နှင့် ဒုတိယ အကြိမ် ထိုးစစ် ဖြစ်သည့် ၁၉၁၇ ဧပြီ ၁၇-၁၉ ဂါဇာ တိုက်ပွဲကြီး တွင် နောက်လန်သွားခဲ့သည်။ ထိုအချိန်တွင် ပါလက်စတိုင်း ဒေသတွင် နေထိုင်ကြသည့် ဂျူးများသည် NILI ဟု လျို့ဝှက် အမည်ပေးထားသည့် စပိုင် ကွန်ယက်ကြီးကို တည်ထောင်ထားကြပြီး အော်တိုမန် တပ်များ၏ လှုပ်ရှားမှု ကို သတင်းပေးလာ ခဲ့ကြသည်။
ဗြိတိသျှ တို့အား ဆက်သွယ်သတင်းပေးရန် တီထွင် ဖန်တီးလာသော နည်းလမ်း တခုသည် ပြတင်းပေါက် အကာရွက်များ ဖြစ်သည်။ NILI တပ်မှုး တဦး ဖြစ်သော ဆာရာ အာရွန် ဆွန်းသည် မြေထဲပင်လယ်အား လှမ်းမြင်နေရသော အိမ်ကြီး တွင် နေထိုင်လျက် ရှိသည်။ သူမသည် ဗြိတိသျှ ရေတပ် သင်္ဘောများအား အချိန်းအချက် အဖြစ် သတ်မှတ်ထားသည့် သူမ အိမ် ပြတင်းပေါက် ၏ အကာရွက်များကို ဖွင့်လိုက်၊ ပိတ်လိုက် နှင့် အချက်ပြခဲ့သည်။
အော်တိုမန် စစ်သားများ အပါအဝင် လူအများအပြားသည် ထိုပြတင်းပေါက်ကို မြင်တွေ့နေကြသော်လည်း NILI တပ်မှုး နှင့် ဗြိတိသျှ ဒလျိုများမှ လွဲ၍ ထိုပြတင်းပေါက် အဖွင့် အပိတ်သည် လွန်စွာ အရေးပါသော စစ်သတင်းများ ပေးပို့နေသည်ကို မည်သူမျှ ရိပ်စား မိခဲ့ကြခြင်း မရှိပေ။ ၎င်းတို့အဖို့ က ပြတင်းပေါက် အကာရွက်သည် အကာရွက်သာ ဖြစ်သည်ကိုသာ သိထားကြပြီး ဘယ်အချိန်တွင် သတင်း အချက်အလက် အဖြစ် ပြောင်းလဲသွားသည်ကိုမူ သိရှိကြခြင်း မရှိပေ။
ထူးထူး ဆန်းဆန်း လွဲချော်သွားမှု ကြောင့် အော်တိုမန် တို့သည် နောက်ဆုံးတွင် သူလျို အဖွဲ့ကို ဖမ်းမိသွားခဲ့သည်။ NILI အဖွဲ့သည် ပြတင်းပေါက် အကာရွက်ကိုသာ မက စာပို့ခိုငှက်များကို သုံး၍ လျို့ဝှက် သင်္ကေတ များဖြင့် ပါ သတင်း ပေးပို့ခဲ့ကြသည်။
၁၉၁၇ စက်တင်ဘာ ၃ ရက် နေ့တွင် ခိုငှက်များထဲမှ တကောင် သည် လမ်းကြောင်းလွဲသွားပြီး မြေပြင်သို့ ထိုးဆင်းသွားခဲ့သည်။ ကံဆိုးစွာဖြင့် ၎င်းဆင်းသွားသည့် အိမ်သည် အော်တိုမန် စစ်တပ် အရာရှိအိမ် ဖြစ်နေသည်။ အရာရှိသည် လျို့ဝှက် သင်္ကေတ ပါ စာရွက်ကို ရသွားသော်လည်း အဓိပ္ပါယ် မဖေါ်နိုင်ဘဲ ဖြစ်နေသည်။ သို့သော်လည်း အရေးပါသော သတင်း ဖြစ်နေမှန်းတော့ ရိပ်စားမိနေသည်။ ဤသည်ကို ကြည့်၍ ၎င်းတို့ မျက်စိအောက်တွင်ပင် သူလျို အဖွဲ့ကြီး လှုပ်ရှားနေသည်ကို သိရှိသွားခဲ့ကြသည်။
NILI အေးဂျင့် များလည်း ၎င်းတို့ ခိုငှက် ရန်သူ လက်ထဲ ရောက်သွားသည်ကို သိလျင်သိခြင်း ကျန်ရှိနေသော လက်ဝယ်ရှိ ခိုများကို သတ်ပစ်ပြီး မြုပ်နှံပစ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ခို လက်ဝယ်ရှိနေယုံမျှဖြင့် အမှု ပတ်လာနိုင်သည်ကို သိနေသောကြောင့် ဖြစ်သည်။
ခိုငှက်များကို အစဖျောက်ပစ်ယုံ နှင့် NILI အဖွဲ့သည် ရန်သူ့ လက်တွင်း မှ မလွတ်နိုင် ဖြစ်သွားခဲ့ရသည်။ တလ အတွင်း တယောက်မကျန် အဖမ်းခံရပြီး ကွပ်မျက် ခံခဲ့ကြရသည်။ ဆာရာ အာရွန်ဆွန်းသည် ရန်သူ၏ ညှင်းပမ်းခံနေရစဉ် အတွင်း သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့သည်။
ခို သည် ဘယ်အချိန်တွင် ခို အဖြစ်သာ ရှိနေရာမှ ဘယ်အချိန်တွင် သတင်း အချက်အလက် ဖြစ်သွားခဲ့သနည်း။
ထို့အတွက် သတင်း အချက်အလက် ဆိုသည်ကို မည်သို့သော ရုပ်ဝတ္ထု မျိုး ဟု တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်နိုင်ခြင်း မရှိပေ။ ကြယ်၊ ပြတင်း အကာရွက်၊ ခို အစရှိသည် တို့သည် အခြေအနေ ပေါ် မူတည်၍ သတင်း အချက်အလက် ဖြစ်သွား နိုင်သည်။ မည်သို့သော အခြေအနေတွင် အဆိုပါ အရာများကို "သတင်း အချက်အလက်" အဖြစ် အတိအကျ သတ်မှတ်နိုင်မည်နည်း။
သတင်းအချက်အလက် အပေါ် ရိုးစင်းစွာ ရှူမြင်တတ်ကြသူများက အမှန်တရား ကို ရှာဖွေ ဖေါ်ထုတ်ရာတွင် အရာဝတ္ထုများကို သတ်မှတ်နိုင်သည်ဟု ငြင်းချက် ထုတ်လာကြသည်။ အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ရန် လူများ အသုံးချလာသည့် တစုံတရာ သည် သတင်းအချက်အလက် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အမြင်သည် သတင်းအချက်အလက် ဆိုသည့် သဘောတရား နှင့် အမှန်တရား ဆိုသည့် သဘောတရားကို ချိတ်ဆက်လာခြင်းပင် ဖြစ်သည်။ သတင်းအချက်အလက်၏ အဓိက အခန်းကဏ္ဍသည် လက်တွေ့ အမှန်တရားဟု ယူဆကြသည်။ ဥပမာ အားဖြင့် NILI မှ ဗြိတိသျှ တို့အား ပေးပို့ခဲ့ကြသည့် သတင်းအချက်အလက်များသည် အော်တိုမန် တပ်များ၏ လှုပ်ရှားမှု ကို ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
အော်တိုမန် တို့သည် ၎င်းတို့၏ အဓိက ခံစစ် အဖြစ်ဂါဇာတွင် တပ်အင်အား တသောင်းခန့် စုစည်း လာခဲ့ကြလျင် စာရွက် အပိုင်းအစ တွင် ပါရှိလာသည့် "တသောင်း" နှင့် "ဂါဇာ" ဆိုသည်ကို ကိုယ်စားပြုသည့် သင်္ကေတ လက္ခဏာ နှင့်ပင် ဗြိတိသျှ တို့ စစ်ပွဲ အနိုင်တိုက်ရေး အတွက် ပြင်ဆင်နိုင်ခဲ့သည်။
အကယ်၍ ဂါဇာ တွင် အော်တိုမန် တပ်အင်အားသည် နှစ်သောင်း ရှိနေခဲ့လျင် စာရွက် အပိုင်းအစ လေးသည် လက်ရှိ အမှန်တကယ် ရှိနေမှုကို ကိုယ်စား မပြုတော့ပေ။ ဗြိတိသျှ တပ်များလည်း အကြီးအကျယ် အရေးနိမ့်သွားတော့မည် ဖြစ်သည်။
နောက်ထပ် တနည်း ပြောနိုင်ပြန်သည်က အယုံလွယ်သူများက သတင်း အချက်အလက် ဆိုသည်မှာ အစစ်အမှန် တရားကို ကိုယ်စားပြုရန် ကြံစည်အားထုတ်မှု တရပ်ဟု ပြောဆိုခဲ့ကြသည်။ ထိုသို့ ကြံစည် အားထုတ်မှ့ အောင်မြင်သွားခဲ့လျှင် အမှန်တရားဟု ကျွနုပ်တို့ ပြော၍ရမည် ဖြစ်သည်။
ယခု စာအုပ်တွင် ထိုသို့ အလွယ်တကူ ယူဆခဲ့ကြသည့် အမြင်၏ အားနည်းချက်၊ လက်တွေ့ မကျမှု များ ကို အချက်အလက်များ ဖြင့် စနစ်တကျ တင်ပြသွားမည် ဖြစ်သည်။ သတင်း အချက်အလက် ဆိုသည်က အစစ်အမှန် တရားကို ကိုယ်စားပြုရန် ကြံစည်အားထုတ်မှု တရပ် မဟုတ် ဆိုသည်နှင့် ယင်း နှင့် လုံးဝ ကွဲပြား နေသည်ကို ဖွင့်ဆို ရှင်းလင်းသွားမည် ဖြစ်သည်။
သတင်း အချက်အလက် အများစုသည် လူ့အဖွဲ့အစည်း တွင်သာမက အခြားသော ဇီဝ စနစ်၊ သက်မဲ့ ရုပ်ဝတ္ထု များ တွင် သော်၎င်း မည်သည့် အရာကိုမျှ ကိုယ်စားမပြုပေ။
ကျွနုပ်အနေဖြင့် ငြင်းချက်ထုတ် ပြောဆိုမှု များသည် ရှုပ်ထွေးပြီး အရေးပါသည့် အတွက် အနည်းငယ် ထပ်၍ ရှင်းပြဖို့ လိုလာသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် စာအုပ်တအုပ်လုံး၏ အခြေခံ အဖြစ် တည်ဆောက်ထားခြင်းကြောင့်ပင် ဖြစ်သည်။