ကျွနုပ်တို့ အနေဖြင့် အာဏာ အရပ်ရပ်ကို လူကြိုက်များ အောင် ပြောတတ်သော ခေါင်းဆောင်တဦးဦး သို့ မဟုတ် မည်သို့မျှ နားမလည် နိုင်သော ဉာဏ်ရည်တု AI လက်ထဲ ဝကွက် မအပ်ချင်ဘူးဆိုက မည်သို့သော သတင်း အချက်အလက် မျိုး သည် လူသား အချင်းချင်း ဆက်သွယ် ပေါင်းကူးပေးနိုင်မည့် ကွန်ယက်မျိုး ဖြစ်အောင် အထောက်အကူ ပေးနိုင်မည်နည်း၊ မည်သို့သော သတင်းမျိုးသည် အမှန်တရား နှင့် ခွန်အား ကို ဖြစ်စေနိုင်သနည်း အရင်ဦးဆုံး သိရှိ နားလည် နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
ပေါ်ပြူလစ် သမားများဖက်က သတင်းများကို အယုံမလွယ် ကြဖို့ ပြောဆိုသည်များက မှန်ကန်မှု ရှိသည် ဆိုသော်လည်း အာဏာသည် သာ လက်တွေ့ ကျသည်၊ လက်နက် အဖြစ် သတင်းအချက်အလက်များကို အသုံးချရမည် ဆိုသည်ဟု ယူဆနေခြင်းကိုတော့ မှားယွင်းသည်ဟု ဆိုရမည် ဖြစ်သည်။
သတင်းအချက်အလက်များသည် အမှန်တရား အတွက် ကုန်ကြမ်း မဟုတ်၊ လက်နက် လည်း မဟုတ်၊ တကယ်တမ်းတွင် အဆိုပါ အစွန်းနှစ်ဖက်ကြား နေရာ တနေရာ တွင် သိမ်မွေ့စွာ ရှိနေပြီး၊ လူသား တို့ အကြား ကွန်ယက်ကြီးသဖွယ် ဆက်သွယ်ပေးနိုင်မည့် အရာ နှင့် အင်အား တရပ်အဖြစ် အမျှော်အမြင်ရှိရှိ အသုံးချ နိုင်မည့် ရှုမြင်ချက် တို့ကို အခြေခံပြီး အလယ်အလတ် လမ်း ကြောင်းမှ ဖေါ်ထုတ် တင်ပြသွားမည် ဖြစ်သည်။
အခန်း (၁)
သတင်း အချက်အလက် ဆိုသည်ကား အဘယ်နည်း
သဘောတရားများကို အခြေခံကျကျ အဓိပ္ပါယ် ဖွင့်ဆိုဖို့ကား အမြဲလို ခက်ခဲနေတတ်သည်။ ဤသည်ကလည်း ထိုသို့ အဓိပ္ပါယ် ဖွင့်ဆိုလာမှု အပေါ် အခြေခံပြီး ရှေ့ ခရီးဆက်ရမည် အရေး ကြောင့် ဖြစ်သည်။ တဖန် သဘောတရား များ ကိုယ်နှိုက်လည်း လိုအပ်သော အခြေခံ အချက်အလက်များ ချို့တဲ့နေတတ်ပုံ ရသည်။
ရူပဗေဒ ပညာရှင် များသည် ဒြပ်သဘောတရား နှင့် စွမ်းအင် ကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ဖို့ ရုန်းကန်ခဲ့ကြရသည်။ ဇီဝဗေဒ ပညာရှင်များလည်း အလားတူ အသက်ဇီဝ သဘောတရားများနှင့် ပတ်သက်၍၎င်း၊ ဒဿနိက ပညာရှင်များလည်း ပကတိ အမှန်တရားများ နှင့် ပတ်သက်၍၎င်း အသီးသီး အခက်အခဲများ ရှိခဲ့ကြသည်ချည်း ဖြစ်သည်။
ဒဿနိက ပညာရှင်များ၊ ဇီဝဗေဒ ပညာရှင်များ နှင့် အချို့သော ရူပဗေဒ ပညာရှင်များပင် သတင်းအချက်အလက်များသည် ၎င်းတို့ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အရင် တည် ဆောက်ရမည့် ဘလော့တုံးများ ဖြစ်ပြီး ဒြပ်ဝတ္ထု နှင့် စွမ်းအင်တို့ထက် ပို၍ အခြေခံကျသည်ဟု ယုံကြည်လာကြသည်။ ထို့အတွက်လည်း သတင်းအချက်အလက်များ အပေါ် မည်သို့မည်ပုံ အဓိပ္ပါယ် ဖွင့်ဆိုရမည်၊ သက်ရှိဇီဝများ အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာမှု၊ entropy ကဲ့သို့ အပူစွမ်းအင် မှ စက်မှု စွမ်းအင် အဖြစ် ပြောင်းလဲရာတွင် အစီအစဉ်တကျ မရှိမှု အား တိုင်းတာခြင်းနှင့် ပတ်သက်၍ အခြေခံ သဘောတရား များ၊ thermodynamics ကဲ့သို့ အပူနှင့် အခြားစွမ်းအင်များ ဆက်စပ်သည့် ဥပဒေသများအစရှိသည် တို့နှင့် ဆက်နွယ်လာနေသည့် အတွက် အငြင်းပွားလာကြသည်မှာလည်း အံ့ဩစရာ တော့ မဟုတ်ပေ။
ယခု စာအုပ် သည် ထိုသို့ အငြင်းပွားနေမှု များကို ဝင်ရောက်ဖြေရှင်းပေးရန် ကြိုးပမ်းမည် မဟုတ်သည့် အပြင် ရူပ၊ ဇီဝ နှင့် အခြား ပညာရပ်နယ်ပယ်များ အားလုံး နှင့် အကျုံးဝင်နိုင်မည့် သတင်းအချက်အလက် နှင့် ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ဆိုချက်မျိုးလည်း ပါဝင်မည် မဟုတ်။
လူ့အစည်းအရုံး၏ အတိတ် နှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်လာမှု ဖြစ်စဉ် ကို လေ့လာမှု သည် သမိုင်း ပညာရပ် နှင့် သက်ဆိုင်နေသည့် အတွက် သတင်း အချက်အလက်များ အား သမိုင်း တ လျောက် မည်သို့ မည်ပုံ ဖွင့်ဆိုခဲ့သည် နှင့် မည်သို့သော အခန်းကဏ္ဍ မှ ပါဝင်နေသည်ကို သာ ဦးစားပေး တင်ပြသွားမည် ဖြစ်သည်။
ကျွနုပ် တို့၏ နေ့စဉ်သုံး စကားများတွင် information ဆိုသည့် သတင်း အချက်အလက်များသည် လူသား တို့၏ ပြောစကားများ၊ အရေးအသား များ နှင့် အမြဲလို ဆက်စပ်နေခဲ့သည်။ ဥပမာ အ နေဖြင့် "ရှေး ဟာမိ နှင့် လမ်း ပျောက် သွားသော တပ်ရင်း" ဆိုသည်ကို ထုတ်နှုတ်ပြရမည် ဆိုက ၁၉၁၈ အောက်တိုဘာလ တွင် အမေရိကန် အထူး စစ်ဆင်ရေး အဖွဲ့သည် ပြင်သစ်နိုင်ငံ မြောက်ပိုင်းအား ဂျာမန်တို့ လက်အောက်မှ လွတ်မြောက်ရန် ထိုးစစ် ဆင်လာခဲ့သည်။ စစ်ဆင် ရေး အတွင်းအင်အား ၅၀၀ ကျော်ခန့် ရှိသော အမေရိကန် တပ်ရင်းတရင်းသည် ရန်သူ့ ခံစစ် စည်း နောက်တွင် ပိတ်မိ နေခဲ့သည်။
အမေရိကန်တို့ ဖက်မှ လက်နက်ကြီးများ ဖြင့် ကာပစ် ပစ်ပေးခဲ့သော်လည်း နေရာမှား ပြီး ကိုယ့်တပ်ကို ကိုယ် ပြန်ပစ်မိသည်အထိ ဖြစ်သွားခဲ့သည်။ တပ်မှုး ဖြစ်သူ ဗိုလ်မှုး ချားလ် ဝစ်လက်စလီ မှ ၎င်း၏ တပ်တည်နေရာ အမှန်ကို ဌာနချုပ်အား အလျင်အမြန် လှမ်း၍ အကြောင်းကြားဖို့ လိုအပ်လာ ခဲ့သော်လည်း ခြေမြန် တပ်သား များ သည် ရန်သူ စည်းကို ထိုးဖောက် နိုင်စွမ်း မရှိခဲ့။ နောက်ဆုံး ကြိုးစားသည့် အနေဖြင့် ဗိုလ်မှုး ချားလ် ဝက်လစ်စလီသည် ရှေး ဟာမိ ဟု အမည်ပေးထားသည့် စစ်တပ်သုံး ခိုငှက်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။
စာရွက် အပိုင်းအစ လေး တစ ပေါ်တွင် "မိမိတို့သည် ၂၇၆.၄ နှင့် အပြိုင် လမ်းပေါ်တွင် ရှိနေ၍ အမြှောက်ဆံများ တည့်တည့်ကျ ရောက် နေသည်၊ ကျေးဇူးပြူ၍ ရပ်တန့်ပေးရန်" ဟု ရေးလိုက်သည်။ ထိုစာရွက်အား ကျည်ဖူး တခု တွင် လိပ်၍ ထည့်ကာ ရှေး ဟာမိ၏ ညာဖက် ခြေထောက်တွင် ချည်နှောင်ပြီး လွှတ်ပေးလိုက်သည်။
ထိုတပ်ရင်း တွင် ပါဝင်ခဲ့သည့် တပ်သားတဦး ဖြစ်သူ ဂျွန် နဲလ်က နောက်ပိုင်း နှစ် အနည်းငယ် အကြာတွင် ယခုလို ပြန်ပြောပြခဲ့သည်။
"ကျွန်တော် တို့ အားလုံးက ရှေး ဟာမိ မှ လွဲပြီး အခြား အားကိုးစရာ မရှိတော့ဘူးလို့ တထစ်ချ ယုံကြည်ပြီးသားပါ၊ သူ သာ သူ့နေရာ ရှာမတွေ့ခဲ့ဖူး ဆိုရင်တော့ ကျွန်တော်တို့ တချီတည်း အဲ့နေရာမှာတင် ဇတ်သိမ်းသွားခဲ့တော့မှာ"
နောက်ပိုင်း မျက်မြင် သက်သေများ အဆိုအရ ရှေး ဟာမိသည် ဂျာမန် တို့ လက်နက်ကြီးများ နှင့် ပစ်ခတ်နေသည့် ကြားမှ ဖြတ်၍ ပျံသွားခဲ့ရာမှ အမြှောက် ဆံ တဆံသည် ၎င်း၏ အောက်တည့်တည့် မြေပြင်တွင် ကျရောက် ပေါက်ကွဲသွားသည်၊ ထိုပေါက်ကွဲ မှု ကြောင့် ငါးဦး ပွဲချင်းပြီး ကျဆုံးကာ ငှက်၏ ရင်အုံကို လည်း အပိုင်းအစ တခု လွင့်စင် ထိမှန်သွားသဖြင့် ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့သည်။ ၎င်း၏ ညာဖက် ခြေဖနောင့်၏ အရွတ် သည် တွဲလောင်းကျသွားသည်။
ထိုသို့ အပြင်းအထန် ဒဏ်ရာရသွားသော်လည်း ရှေး ဟာမိသည် ကီလိုမီတာ လေးဆယ် ခန့် ဝေးသည့် စစ်ဌာနချုပ်ရှိရာသို့ လေးဆယ့် ငါးမိနစ် နှင့် အရောက် ပျံသွား နိုင်ခဲ့သည်။ ၎င်း၏ ညာဖက် ခြေထောက် နှင့် ပူး၍ ချည်ပေးလိုက်သော စာရွက် အပိုင်းအစ ထည့်ထားသည့် ကျည်ဖူး သည်လည်း တပါတည်း ပါလာခဲ့သည်။
ထိုဖြစ်ရပ်၏ အသေးစိတ် အချက်အလက်များ နှင့် ပတ်သက်၍ အငြင်းပွားမှု များ ရှိနေသော်လည်း အမေရိကန် အမြှောက်တပ်သည် ပစ်ကွင်းကို ပြန်လည် တည့်မတ်လိုက်ပြီး တန်ပြန် ထိုးစစ် ဆင်နွှဲလာ၍ ပိတ်မိနေသော တပ်ရင်းကို ကယ်ထုတ်နိုင်ခဲ့သည်။
ရှေး ဟာမိ၏ ဒဏ်ရာများကိုလည်း ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခဲ့ပြီး အမေရိကန် သို့ ခေါ်ယူလာခဲ့ရာ သူရဲကောင်း အဖြစ် ကြိုဆို ခဲ့ကြသည်။ ၎င်း၏ အကြောင်းအားလည်း ဆောင်းပါးများ၊ ဇတ်လမ်းတိုများ၊ ကလေး စာအုပ်များ၊ ကဗျာများ၊ အဖြစ် ဝိုင်းဝန်း ရေးသားခဲ့ကြသည့် အပြင် ရုပ်ရှင် ပါ ရိုက်ကူး ထုတ်လွှင်ခဲ့ကြသည်။
ခိုငှက်ကလေး အဖို့က မည်သည့် သတင်း အချက်အလက်များ သယ်ဆောင်ပေးခဲ့ရသည်ကို သိနိုင်စွမ်း မရှိခဲ့သော်လည်း ၎င်းသယ်ဆောင်လာသည့် စာရွက် အပိုင်းအစ ပေါ်တွင် ပါရှိခဲ့သည့် သင်္ကေတများ၊ မှင်စ မှင်န များသည် လူ့အသက်ပေါင်း များစွာ ကို ကယ်တင်နိုင် ခဲ့သည့် အပြင်၊ သုံးပန်းအဖြစ် ဖမ်းဆီးခံရမည့် ဘေးမှ ကာကွယ်ပေးနိုင်ခဲ့သည်။