ကျွန်တော်ကလည်း သူ့လိုပင် အမာရွတ် ရှိသည့် ညာဖက် လက်ဖဝါးကို လှန်ပြလိုက်သည်။ မန်းတွင်လည်း ထိုသို့ အမာရွတ် ရှိနေသည်။ ပုလင်းကိုင်ဖို့၊ စီးကရက်မီးညှိဖို့၊ သေနတ် ကိုင်ဖို့၊ မိန်းမ တယောက် နှင့် ထိတွေ့ဖို့ လိုအပ် လာသည့် အခါတိုင်း လက်ဖဝါးကို လှန်ကြည့် ဖြစ်ခဲ့သည်ချည်းပင် ဖြစ်သည်။
ထိုအခါမျိုး တွင် ရာဇဝင်ထဲက သူရဲကောင်းများလို တဦးနှင့် တဦး အသက်ပေး ပြီး ကာကွယ်သွားကြရန် သစ္စာဆိုဖြစ်ခဲ့ကြသည်ချည်းပင် ဖြစ်သည်။ ကျောင်းသားဘဝက ချစ်ခင်မှု သံယောဇဉ် ဖြင့် စခဲ့ကြသော်လည်း နောက်ပိုင်း တွင် ကျွန်တော်တို့ အကြား သေတပန် သက်တဆုံး တည်ရှိသွားမည့် သစ္စာရှိမှု၊ ရိုးသားမှု၊ ခိုင်မာသော ခံယူချက်၊ မိတ်ဆွေ သူငယ်ချင်းကောင်း ပီသစွာ နေသွားလိုမှု၊ ယုံကြည် ချက်ကို ဆုပ်ကိုင်ထားမှု အစရှိသည် တို့ တွေ့မြင်လာရ၍ စည်းလုံးလာခဲ့ကြသည်။
အသက် ဆယ့်လေးနှစ် အရွယ်က ဘာတွေ ယုံကြည်ခဲ့ကြ၍လည်း။ ထိုအချိန်ကတော့ သူငယ်ချင်း အချင်းချင်း ညီရင်းအကို တမျှ ချစ်ခင် ရင်းနှီးစိတ်၊ ကျွန်တော်တို့ နိုင်ငံ နှင့် လွတ်လပ်ရေး အား မြတ်နိုးစိတ် များသာ ရှိသည်။ နိုင်ငံ အတွက် လိုအပ်လာလျင် ကျွန်တော်တို့၏ သွေးချင်းများ၊ နိုင်ငံ အတွက် အသက်ကို စွန့်လွှတ်သွားမည်ဟုလည်း ယုံကြည်ခဲ့သည်။
သို့သော် ကျွန်တော်တို့ကို လိုအပ်က ဘယ်ပုံဘယ်နည်း ဆင့်ခေါ်လာမည်နည်း ဆိုသည်နှင့် ထိုအခါကျလျှင် ကျွန်တော်တို့ ဘယ်လို အခြေအနေမျိုး ရှိလာမည်ကိုတော့ တိတိကျကျ သိထားခဲ့ကြခြင်း မရှိပေ။
ဘွန်သည် သတ်ဖြတ်ခံခဲ့ရသည့် ဖခင် အတွက် လက်စားချေရန် တနေ့ကျ ဖီးနစ် ပရိုဂရမ် ထဲ ဝင်လိမ့်မည်ဟု ကျွန်တော် ခန့်မှန်းနိုင်ခြင်း မရှိခဲ့။ ပရိုဂရမ် အရ ဘွန်၏ တာဝန်သည် ကျွန်တော် နှင့် မန်းက လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဟု ယူဆထားသူများကို လုပ်ကြံရဖို့ ဖြစ်လာသည်။
ရိုးသားပြီး စိတ်သဘောထား ကောင်းသော ဘွန် သည် ကျွန်တော် နှင့် မန်း မှ တိုင်းပြည်ကို ကယ်တင်ရန် တခုတည်းသော နည်းလမ်းသည် တော်လှန်ရေး တရပ် ဆင်နွှဲမှ ဖြစ်မည်ဟု ယုံကြည်လာသည်ကို စိုးစဉ်းမျှ ရိပ်စားမိခြင်း မရှိခဲ့။
ကျွန်တော်တို့ အားလုံး မိမိတို့ ယုံကြည်ရာ နိုင်ငံရေး ခံယူချက် များ အတိုင်း လှုပ်ရှားခဲ့ကြသည်။ ထိုသို့ ဖြစ်လာခြင်းမှာလည်း သွေးသောက်ညီနောင်များ အဖြစ် သစ္စာဆိုခဲ့သည်မှ အရင်းခံလာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ သွေးသောက်ညီနောင်များ အဖြစ် တဦး အတွက် တဦး အသက်ပေး ရမည့် အခြေအနေမျိုး ကြုံလာလျင် ကျွန်တော် နှင့် မန်းကတော့ တုန့်နှေးနေမည် မဟုတ် ဆိုသည်က ကျွန်တော် အနေဖြင့် သံသယ မရှိ၊ ကျွန်တော်တို့၏ ကတိကဝတ် ပြုချက်က လက်ပေါ်တွင် ကဗ္ဗည်းထိုးထားခဲ့ပြီး ဖြစ်သည်။
အဝေးတနေရာ ကောင်းကင်ထက်မှ မဂ္ဂနီစီယမ် မီးပန်း ၏ အလင်းရောင်များက ကျွန်တော်တို့ အပေါ် ယိမ်းထိုး ကျရောက်နေသည်။ ကျွန်တော်သည် အမာရွတ်ရှိသော လက်ဖဝါးကို ထောင်ကြည့်လိုက်ရင်း လက်ချောင်းများနှင့် အမာရွတ်တလျောက် ပွတ်သပ်နေမိသည်။ စိတ်ထဲကလည်း မင်းတို့သွေးက ငါ့သွေး၊ ငါ့သွေးက မင်းတို့သွေး ဟူ၍ ရေရွတ်နေမိသည်။ ထို သို့ သွေးသစ္စာဆိုခဲ့ခြင်းက လူပျို ပေါက် အရွယ်ရောက်မှ လုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဘွန်က "ငါတို့တတွေရဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေတာ တွေက ပိုပို ဆိုးလာနေတယ် ဆိုပေမယ့် ငါတို့ အချင်းချင်း ခင်မင်မှု က ဒါကို ခံနိုင်လောက်အောင် ထုနဲ့ ထည်နဲ့ ရှိနေပြီးသားပါကွာ" ဟု ပြောလာသည်။
ထို့နောက်တွင်တော့ ဘာစကား မှ ဆက်မပြော ဖြစ်တော့၊ ကျွန်တော်တို့၏ ရဲဘော်ရဲဘက် စိတ်ဓါတ်က ထပ်ပြောစရာ မလိုတော့လောက်အောင် လုံလောက် နေပြီ ဖြစ်သည်။ စာကြည့်တိုက်မှုးက စာကြည့်တိုက်ထဲ မဆူရန် တိုးတိုးဟု သတိပေးသလိုမျိုး အဝေးတနေရာမှ ထွက်ပေါ်လာ သော ကက်ရူရှာ ဒုံးကျည် ပစ်ခတ်သံများ တရှူးရှူး နဲ့ ထွက်ပေါ်လာသည်ကို နားစွင့် နေမိသည်။
အခန်း (၃)
တပ်မှုး နဲ့ နိုင်ငံရေး မှုး တို့ ကျွန်တော့် ခံဝန်ချက်ကို လိုက်ရေးထားတဲ့ မှတ်စု စာရွက်တွေ ပေးလာလို့ ကျေးဇူးပါ၊ အဲ့ဒီ ထဲမှာ "ကျွန်တော်တို့" လို့ ပါ လာ တာ ဘာကို ဆိုလိုတာလဲဟု မေးလာသည်။ တောင်ပိုင်းက စစ်သားများ နှင့် ကျွန်တော် စပိုင် လုပ်ရန် အတူ လိုက်သွားရမည့် ထွက်ပြေးသွားသူများကို ဆိုလိုခြင်း ဖြစ်သည်ဟု ဖြေလိုက်သည်။ ကျွန်တော်တို့ ရန်သူများ ကို "သူတို့" ဟု မသုံးသင့်ပေသလော။
ကျွန်တော့် ဘဝ တလျောက်လုံး သူတို့ ကြားထဲ နေခဲ့ရ၍ စာနာစိတ် မဝင်မိဘဲ နေနိုင်မည် မဟုတ်၊ ထိုသို့ စာနာစိတ် ဝင်ခဲ့မှု သည် ကျွန်တော်၏ ပျော့ညံ့ချက်သာ ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း မိမစစ် ဖမစစ် အဖြစ် လူဖြစ်ကြီးပြင်းခဲ့ရသည် ဖြစ်၍ စိတ်က အလိုလိုနေရင်း စာနာစိတ် ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျွန်တော် နှင့် ဘဝတူ များက ကျွန်တော်လို မဟုတ်ကြသော်လည်း ကြင်နာစိတ် ရှိသည့် မိခင်၏ သွန်သင် ဆုံးမခဲ့မှု ကြောင့်သာ ကျွန်တော်သည် ထိုသို့ တန်ဖိုး ရှိသည့် စိတ်မျိုး ထားတတ်ခဲ့ခြင်း ဖြစ်မည်ဟု ဆိုရမည် သာ ဖြစ်သည်။ ထိုသို့ သွန်သင် ဆုံးမခဲ့ခြင်းသည်လည်း အမေသည်ကျွန်တော် တို့ နှင့် သူတို့ မအပ်စပ်ဟု ဆိုသည့်အတွေး အခေါ်မျိုး မှုန်ဝါးဝါးသာ ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အမေသာ သူမ ၏ အိမ်ဖေါ် ဘဝ နှင့် ခရစ်ယာန် ဘုန်းကြီး နှင့် မအပ်စပ်ဟု ပြတ်ပြတ်သားသား ခွဲခြား နိုင်ခဲ့မည် ဆိုလျင် ကျွန်တော် ဆိုသည်လည်း ဖြစ်လာမည် မဟုတ်။
အဖေ နှင့် အမေ တို့ တရားမဝင် အိမ်ထောင်ကျခဲ့ရာမှ မွေးဖွားလာသူ ဖြစ်၍ လည်း ကျွန်တော်ကိုယ်တိုင် အိမ်ထောင်သားမွေး ပြုရမည် ဆိုသည် အပေါ် အတော်လေး စိတ်မသန့် ဖြစ်လာခဲ့ရသည်ကို ဝန်ခံရမည်သာ ဖြစ်သည်။ ကျွန်တော်အား မိမစစ် ဖမစစ် ဟု သတ်မှတ်ခံထားရ၍လည်း သမီးရှင်များ၏ မျက်စိ တွင် သားမက်ဖမ်းရန် စိတ်ကူး မရှိကြ။ မိမစစ် ဖမစစ် ဖြစ်နေခြင်းကပင် ခပ်ကောင်းကောင်း ဟု ဆိုရမည် ဖြစ်သည်။
ကျွန်တော် နှင့် ဘဝ တူ အမျိုးသမီးများကလည်း ကျွန်တော်ကို စိတ်မဝင်စား၊ မျိုးရိုးသန့်သူ တဦးဦး နှင့် လက်ထပ်ပြီး သူတို့၏ ဘဝ အခြေအနေကို မြှင့်တင်နိုင်ရန်သာ အသည်းအသန် လုံးပမ်းနေကြသည်။
ထို့အတွက် မိတ်ဆွေများ၊ တစိမ်းတရံစာများက ကျွန်တော် လူပျို ဖြစ်နေရခြင်းကိုပင် သနားစရာ အဖြစ် သက်ပြင်း တချချ ဖြစ်နေကြသည်။ ကျွန်တော် အဖို့ လူပျို တယောက် ဖြစ်နေခြင်းကပင် လွတ်လပ်ရေး ရနေသည် ဟု ယူဆထားသည့်အပြင် ကျွန်တော် လုပ်နေသည့် မြေအောက် ဒလျို အလုပ် အတွက် တကိုယ်ရည် ပုန်းလျိုး ကွယ်လျိုး လုပ်ဖို့ အဆင်ပြေနေသည်။