ကျွန်တော် အနေနဲ့ကတော့ ခင်ဗျား ပြောတာ မဟုတ်ဘူးလို့ ကလိမ်စေ့ငြမ်းဆင်ပြီး ပြောပြန်ရင်လည်း ခင်ဗျား အသိဉာဏကို စော်ကားသလို ဖြစ်နေမယ်။ ကျွန်တော်သည် သူ့တွင် ရှိနေသော ဂျုရီ လူကြီးများ အတွက် ပြောနေခြင်း ဖြစ်သည်။ ဂျုရီလူကြီးများ ဆိုသည်က ပူအိုက်လှသော သွပ်မိုးထားသည့် တဲ အောက်တွင် ကျဉ်းကျဉ်းကျပ်ကျပ် နှင့် မတ်တတ် တမျိုး ထိုင်လျက် တမျိုး ရှိနေကြသည့် သူ၏ ဇနီး၊ မိဘများ၊ ယောက္ခမ များကို ရည်ရွယ်ပြောနေခြင်း ဖြစ်သည်။
အစာရေစာ ဝဝလင်လင် မစားရသည့် အတွက် သူတို့၏ ပါးရိုးများက ငေါထွက်နေသည်၊ ကျွန်တော်၏ မိခင်သည်လည်း ထိုသို့ နေထိုင်ခဲ့ရဖူးသည့် အတွက် သူတို့ကို မြင်ယုံနှင့် ကောင်းစွာ သိနေသည်။
ကျွန်တော် ခင်ဗျားကို လေးစားပါတယ်၊ တကယ်ပြောတာပါ၊ ကျွေးစရာ ပါးစပ်ပေါက်တွေ အများကြီး ရှိနေရက်နဲ့ အခုလို ရိုးသားနေတဲ့ လူမျိုး တွေ့ရခဲလို့ပါ၊ ကျွန်တော် အနည်းဆုံး လုပ် ပေး နိုင်တာက ခင်ဗျားရဲ့ ရိုးသားခဲ့မှု ကို ဒေါ်လာ သုံးထောင် ပေးပြီး ချီးမြှင့် နိုင်တာမျိုး ပဲ ရှိတယ်။
ကျွန်တော် ပြောသည့် ပမာဏ သည် သူ့လက်အောက်ရှိ တပ်စု တစုလုံး၏ တလစာ နှင့် ညီမျှသည်။ ဇနီး ဖြစ်သူက သူ့တာဝန် ကျေပြွန်စွာ ထမ်းဆောင်သည့် အနေဖြင့် ဒေါ်လာ တသောင်း ပေးဖို့ ဝင်ပြောလာသည်။ နောက်ဆုံး ဒေါ်လာ ငါးထောင် နှင့် အပေးအယူ တည့်သွားခဲ့သည်။ တဝက်ကို အခု လက်ငင်းပေးပြီး ကျန်တဝက်ကို လေဆိပ် တွင် ပေးရန် သဘောတူခဲ့သည်။
ကျွန်တော် ပါလာသော ဘတ်စ်ကား သူ့ရှေ့မှ ဖြတ်သွားချိန်တွင်တော့ ကျွန်တော့်လက်ထဲမှ ငွေထည့်ထားသည့် စာအိပ်ကို ဆွဲယူလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ကွန်မြူနစ် ဒလျိုတဦး၏ ပါးစပ်ထဲမှ စာရွက်ကို ကျွန်တော် ဆွဲနှိုက်လိုက်ချိန်တွင် ကျွန်တော့် မြင်လိုက်ရသည့် အကြည့်မျိုး နှင့် ထပ်တူ ဖြစ်နေသည်။
သူ့အနေဖြင့် ကျွန်တော်တို့အား ပစ်နိုင်ခတ်နိုင်ခွင့် ရှိပြီး၊ ထိုသို့ မလုပ်ချင်လည်း ပြန်လှည့်ခိုင်း၍ ရ နေသည်။ ဂုဏ်သိက္ခာ ရှိသူ တဦး အဖို့ ကျွန်တော် ပေးသည့် လဒ်ငွေကို မဖြစ်မနေ ယူလိုက်ရသော်လည်း စိတ်ပြောင်းသွား နိုင်သည်ကို သိသိကြီး နှင့် ကျွန်တော် အလောင်းအစား လုပ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူသည် ကျွန်တော်တို့ ကားတန်းကို ဖြတ်သွားခွင့် ပေးလိုက်သည်။ သူ့ဂုဏ်သိက္ခာအား နောက်ဆုံး အရှက်လုံအောင် သဖန်းရွက် နှင့် ကာလိုက်သလို သူ့ဖက်က ကတိကို တည်အောင် လုပ်ခဲ့ခြင်းမျိုး ဖြစ်သည်။ ကျွန်တော်သည် သူ၏ ရှက်ရွံနေသည့် မျက်လုံးကို ရင်မဆိုင်ရဲ၍ မျက်နှာကို တဖက်သို့ လွှဲလိုက်ရသည်။
ထိုအဖြစ်ကို ကြည့်ပြီး ကျွန်တော် ခေါင်းထဲ အတွေးတခု ဝင်လာခဲ့သည်။ အကယ်၍ တောင်ပိုင်းရှိ စစ်တပ် တခုလုံးသာ သူလို လူမျိုး များ နှင့် ဖွဲ့စည်းထားမည် ဆိုလျင် လက်ရှိ စစ်ပွဲကို အနိုင်ရသွားမည်သာ ဖြစ်သည်။
သူသည် ကျွန်တော်၏ ရန်သူ ဖြစ်နေသော်လည်း လေးစားမိသည်ကို တော့ ဝန်ခံရမည်သာ ဖြစ်သည်။ 🔥မိတ်ဆွေ များစွာထဲက အဆိုးဝါးဆုံး တွေထက်ရန်သူများထဲက အကောင်းဆုံး လူများကို လေးစားမိခြင်းသည် ပို၍ လျှော်ကန် သင့်မြတ်မှု ရှိသည် မဟုတ်ပါလား တပ်မှုးကြီး"
လမ်းများ ကောင်းစွာ ခင်းထားပြီး ခေါင်မိုးချွန်များ နှင့် မြင်းမိုရ် ပိတ် ပိတ်ထားသော စစ်တန်းလျားများ၊ မထင်မရှား အမျိုးအမည် မသိ ရုံး အဆောက်အအုံ များ၊ ပြွန် ပုံ သဏ္ဍန်ရှိ ဂိုဒေါင်များ နှင့် မြို့လေး တမြို့လို ဖြစ်နေသည့် လေဆိပ်ဝင်းထဲသို့ ကျွန်တော်တို့ ကားများ ဝင်ရောက်လာကြသည်။
ထိုသို့ ကိုယ်ပိုင် တစိတ်တပိုင်း စီမံခွင့် ရနေသော လေဆိပ်သည် တချိန်က ပျားပန်းခပ်မျှ ရှုပ်ထွေးနေခဲ့ဖူးသည်။ Air America လေကြောင်းလိုင်းမှ လေယာဉ်များ၊ စီအိုင်အေ လေယာဉ်များသည် တက်လိုက် ဆင်းလိုက် နှင့် ဖြစ်နေသည်။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများက မိသားစုများကို ဒီနေရာမှာပင် လာ ထားလေ့ရှိပြီး အမေရိကန် ဗိုလ်ချုပ်ကြီးများကတော့ ၎င်းတို့ ပြင်ပမှ ယူဆောင်လာသော သံမဏိ ပရိဘောဂများ အပြည့်ထည့်ထားသော ရုံး ခန်းများထဲ မှ နေ၍ စစ်ပရိယာယ် မာယာ များ ပုံဖေါ်ကြ လေ့ ရှိသည်။
ကျွန်တော်တို့ သွားရမည့် နေရာသည် စစ်သံမှုး ရုံးထိုင်သည့် ရုံးခန်း ရှိရာ နေရာဖြစ်သည်။ အမေရိကန် များက ထိုနေရာကို Dodge City ဟု မခန့်လေးစား ဖြင့် အမည်ပေးထားသည်။ အမေရိကန် ကောင်းဘွိုင်ကားများ တွင် တွေ့ရသော ခြောက်လုံးပြူး သေနတ်ကိုင်များ ကြီးစိုးနေပြီး ဂါဝန်ဖားဖား နှင့် အရက်ငှဲ့ပေးသော ဘားမယ်များ ကခုန်ရာ နေရာမျိုး ဟု ထင်ရှားခဲ့သည့် မြို့ အလား ယူဆထား၍ ဖြစ်သည်။
Dodge city အား အမေရိကန် တွင် မြို့ ငြိမ်ဝပ်ပိပြားရေး အတွက် ရပ်ရွာက ခန့်အပ်ထားသော Sheriff ဟု ခေါ်သည့် အရာရှိက တာဝန်ယူထားသလို ယခု နေရာ ရွှေ့ပြောင်းပေးရမည့် လူများ စုဝေးရာ နေရာကို အမေရိကန် မရိမ်းများက စောင့်ကြပ်ပေးနေသည်။
၁၉၇၃ နောက်ပိုင်း တွင် မရိမ်းတပ်သားများကို ယခင်ကလို များများစားစား မတွေ့ရတော့၊ ယခုအခါ ယူနီဖောင်းများ ဘိုသီဘတ်သီ နှင့် ဒီလေဆိပ်ကပင် ထွက်ခွာကုန်ကြပြီ ဖြစ်သည်။ ယခု တွေ့နေရသည့် မရိမ်း များသည် လူငယ်လူရွယ်လေးများ ဖြစ်ပြီး စစ်မြေပြင် သို့ တခါမျှ မထွက်ဘူးကြဘဲ ရောက်လာကြသည်မှာ ရက်သတ္တပတ် အနည်းငယ်သာ ရှိကြသေးသည်။ မျက်လုံးများက ကြည်လင် တောက်ပနေပြီး၊ မျက်နှာတွင် အမွှေးအမျှင် ဟူ၍ တမျှင်မှ မတွေ့ရအောင် ရိပ်ထားသည်၊ တံတောင်ဆစ်ကွေးများ တွင်လည်း ဆေးထိုးအပ် ရာ မတွေ့ရ၊ အသစ်စက်စက် မီးပူကျ တောတိုး ယူနီဖောင်းများမှလည်း ဆေးခြောက်နံ့ ထွက်မလာ၊ ၎င်းတို့ အားလုံး ဘတ်စ်ကား များ ပေါ်မှ ကားရပ်နား ကွင်းသို့ ဆင်းလာသူများကို မမှိတ်မသုံ စိုက်ကြည့်နေကြသည်၊ ကွင်း ထဲတွင် ထွက်ခွာမည့် လူများ ရာပေါင်းများစွာ ရောက်နှင့် နေကြပြီး အားလုံး၏ မျက်နှာများ တွင်လည်း စိုးရိမ် ထိတ်လန့်မှု များ က အတိုင်းသား ပေါ်လွင်နေသည်။
ကျွန်တော်လည်း စီထရိုရင် ကားနားရှိ ဗိုလ်ချုပ်ကြီး နှင့် ကလော့ဒ် ရှိရာသို့ လျှောက်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးက သူ့ကား သော့ကို ကလော့ဒ်အား လှမ်းပေးလိုက်သည်၊ အမေရိကား ရောက်ရင် ကျွန်တော် ပြန်ပေးပါမယ် ဟု ပြောလိုက်ရာ ဗိုလ်ချုပ်ကြီးက နေပါစေ၊ ခိုးမယ့် လူတွေ စက်နှိုးလို့ ရအောင် သော့ပေါက်မှာ တန်းလန်းထားခဲ့၊ စက်နှိုးလို့ မရမှ ကားကို ဖျက်ဆီးပစ်နေကြဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခိုးခံရမှာ ပဲ ဆိုတော့ မောင်ရင် သုံးလို့ ရသလောက် ပျော်ပျော်ကြီး သာ သုံးပေတော့။
ဗိုလ်ချုပ်ကြီးက ဇနီး နှင့် ကလေးများကို ရှာရန် ထွက်သွားသည့် နှင့် ကျွန်တော်က ဒီမှာ ဘာတွေ ဖြစ်နေတာလဲ၊ ရုတ်ရုတ် ရုတ်ရုတ် နဲ့ ဖြစ်နေကြပါလားဟု ကလော့ဒ်ကို မေးလိုက်သည်။ ကလော့ဒ်က သက်ပြင်း တချက် ချလိုက်ရင်း၊ ပုံမှန် အနေအထားကနေ အကုန်လုံး ကဘောက်တိ ကဘောက်ချာ တွေ ဖြစ်ကုန်ပြီ၊ အားလုံးက သူတို့ ဆွေမျိုးတွေကော၊ ထမင်းချက်တွေ၊ ရည်းစားတွေ ပါ မကျန် ခေါ်လာကြတာကိုး။ မောင်ရင်တို့ ကံကောင်းတယ်လို့သာ မှတ်။
ကျွန်တော် သိပါတယ်ဗျာ ဟု ပြန်ပြောလိုက်သည်။ ကလော့ဒ်က ကျွန်တော့် ပုခုံးကို ချစ်စနိုး ပုတ်လိုက်ရင်း အမေရိကား ကျ ပြန်ဆုံကြတာပေါ့၊ ကွန်မြူနစ်တွေ ၅၄ တုန်းက သိမ်းခဲ့တဲ့ အချိန်လိုပေါ့၊ ငါတို့ အခုလို ပြန်ရောက်လာရလိမ့်မယ်လို့ ဘယ်သူ ထင်မလဲ၊ ဘာပဲ ဖြစ်ဖြစ် ငါပဲ မောင်ရင်ကို မြောက်ပိုင်းကနေ ဆွဲထုတ်လာခဲ့တယ်၊ အခုလည်း တောင်ပိုင်းကနေ ဆွဲထုတ်ပေးရပြန်ပြီ။