မန်း အဖို့ကား ထိုသို့ ပြောဖို့ကား လွယ်သည်၊ သူ့ မိဘ များ၏ အိမ်ထောင်ရေးကား အတော်လေး အဆင်ပြေခဲ့သည်၊ ညီအကို မောင်နှမများကလည်း သူသည် တော်လှန်ရေး အပေါ် စိတ်ပါလက်ပါ လုပ်ကိုင်နေသည်ကို မသိချင်ယောင် ဆောင်နေတတ်ကြသည်။ ထိုအချိန်က မိသားစုတစု ထဲတွင်ပင် နှစ်ခြမ်း ကွဲနေတတ်သည်။ အချို့က မြောက်ပိုင်း အတွက် တိုက်ပွဲ ဝင်နေကြသလို အချို့ကလည်း တောင်ပိုင်း ဖက်က ဖြစ်သည်။ အချို့ကျလည်း ကွန်မြူနစ် ဝါဒ ဖက်က ဖြစ်သလို အချို့ကလည်း အမျိူးသားရေး ဝါဒ ဖက်က ဖြစ်သည်။
မည်မျှပင် ကွဲပြားနေစေကာမူ အားလုံးသည် သူတို့ တိုင်းပြည်အတွက် ကိုယ်နည်းကိုယ်ဟန် ဖြင့် တိုက်ပွဲ ဝင်နေကြသည့် မျိုးချစ် များ အဖြစ် ခံယူထားကြပြီး ဖြစ်သည်။
ဗီယက်နမ်သည် ကျွန်တော်နှင့် မပတ်သက်ဟု ပြောခဲ့သည့် အခါ မန်းက အမေရိကား သည် လည်း ကျွန်တော် နှင့် မသက်ဆိုင်ဟု ပြန်ပြောခဲ့သည်။ သိုသော် ကျွန်တော်သည် အမေရိကား သည် မွေးဖွားခဲ့သူ မဟုတ်၊ ဒီမြေ ပေါ်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။
ဘုရား ကျောင်းတိုက် အပြင်သို့ ရောက်လာသည့် အခါ တယောက်နှင့် တယောက် လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်၊ နောက်ပိုင်း ဘွန် နှင့် တွေ့သည်အခါ ဇာတ်တိုက်ထားသလို ဟန်ဆောင်ပန်ဆောင် လုပ်ခြင်း မဟုတ်ဘဲ အမှန်တကယ် ခွဲခွာရမှု အတွက် နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။
ကျွန်တော် ဓါတ်ပြား တွေနဲ့ စာအုပ် တွေ ခင်ဗျား အတွက် ထားခဲ့တယ်၊ အဲ့တာတွေ ခင်ဗျား လိုချင်နေတာ ကျွန်တော် သိတယ်၊ မန်းက ကျေးဇူး တင်ကြောင်း ပြောရင်း ကျွန်တော် လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ကံကောင်းပါစေ ဟု ပြောသည်။ ဘယ်တော့များ အိမ်ပြန်လာရပါ့မလဲ ဟု ကျွန်တော်က မေးလိုက်သည့် အခါ တွင်တော့ ကျွန်တော်အား ဂရုဏာ သက်သည့် မျက်လုံးများ နှင့် စိုက်ကြည့်လိုက်ပြီး သူငယ်ချင်း ကိုယ်က သူပုန်တယောက်နော်၊ ရှေ့ဖြစ် ဟောတဲ့ ဗေဒင် ဆရာ မဟုတ်ဘူး၊ ပြန်လာဖို့ကတော့ မောင်ရင့် ဗိုလ်ချုပ် ဘာတွေ ပလန် ချနေလဲ အပေါ် မူတည်နေတယ်။
အခု ဗိုလ်ချုပ်ကြီး နှင့် အတူ ဘုရားကျောင်းတိုက် ရှေ့ ဖြတ်မောင်းလာစဉ် ကျွန်တော် စိတ်ထဲ တွေးနေမိသည်က လောလောဆယ် ဗိုလ်ချုပ်ကြီး သည် တိုင်းပြည်က ထွက်ပြေး ဖို့က လွဲ၍ သူ့စိတ်ထဲ ဘာတွေ ရှိနေလဲ ဆိုတာ ကျွန်တော် မပြောတတ် သေး ဆိုသည်ပင် ဖြစ်သည်။
သမ္မတ နန်းတော်သို့ သွားရာ လမ်းတလျောက် ချိတ်ဆွဲထားသော နဖူးစည်း စာတန်းများ တွင် ရေးထိုးထားသော အဓိပ္ပါယ်မဲ့ စကားစုများထက် သာသည့် အတွေးမျိူး ဗိုလ်ချုပ်ကြီး ခေါင်းထဲတွင် ရှိနေမှန်း ကျွန်တော် သိနေသည်။ ထိုစာတမ်းများ ရှိရာ များကို အစိုးရ ဆန့်ကျင်ရေး ဘက်သား တဦး အဖြစ် ကူးပြောင်းသွားသည့် တိုက်လေယာဉ် မှုး တဦးက လေယာဉ် ပေါ်မှ စက်သေနတ် ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ပြီးလည်း ဖြစ်သည်။
ရေးထိုးထားသည်များက "ကွန်မြူနစ် များ အတွက် မြေမရှိ!" "တောင်ပိုင်းတွင် ကွန်မြူနစ် ဟူ၍ ခွေးတကောင် ကြောင်တမြီး မျှ မရှိစေရ!" "ညွှန်ပေါင်း အစိုးရ မျိုး မဖြစ်စေရ!" "စေ့ဆပ်ဆွေးနွေးစရာမရှိ" အစရှိသည် တို့ ဖြစ်သည်။
ခေါင်မိုး ပေါ်ရှိ ကင်းတဲ တွင် ကျောက်ရုပ်တရုပ်လို ခံစားချက် ကင်းမဲ့သည့် မျက်နှာမျိုး ဖြင့် ရပ်နေသော အစောင့် စစ်သား တဦးကို လှမ်းတွေ့နေရသည်။
ကျွန်တော် တို့ ကားတန်းသည် နန်းတော် ဆီသို့ ဦးတည်သွားနေရာ မှ ဗိုလ်ချုပ်ကြီးသည် နန်းတော်သို့ မရောက်မီ မှာတင် သူ၏ ကားကို ညာဖက်သို့ ကွေ့ကာ လေဆိပ်သို့ ဦးတည် မောင်းလိုက်သည်။
အဝေးတနေရာ ဆီမှ စက်သေနတ် ကြီး များ ဖြင့် ပစ်ခတ်နေသံကို ပြတ်တောင်း ပြတ်တောင်း ကြားနေရသည်။ ဒပ် သည်လည်း ကြောက်လန့်တကြား ဖြင့် အမေဖြစ်သူ၏ ရင်ခွင်ထဲ တိုးဝင်ပြီး ညည်းတွားနေရှာသည်။ ဘွန် က သားဖြစ်သူ၏ ပါးလျသော ဆံပင်များကို ပွတ်သပ်ပေးရင်း ချော့မော့နေသည်။ ကျွန်တော်က ငါတို့ ဒီ လမ်းတွေ ပြန် တွေ့ရပါ့ဦးမလား ဟု ဘွန် ကို လှမ်းပြောလိုက်သည်။ ပြန် တွေ့ ကို တွေ့ရလိမ့်မယ်လို့ စိတ်ထဲ ယုံထားမှ ကို ဖြစ်မယ်၊ ဟုတ်တယ် မဟုတ်လား။
ဘွန်က ကျွန်တော် ပုခုံးကို လှမ်းဖက်လိုက်ကာ ဘတ်စကား ခြေနင်း တွင် ကျွန်တော်နှင့် အတူ ကျပ်ကျပ်တည်းတည်း ရပ်လိုက်ပြီး နှစ်ယောက်သား ကား တံခါးပေါက်မှ အပြင်သို့ ခေါင်းပြူကြည့်လိုက်ကြသည်။ တောက်ပ မှု အလျင်း ကင်းမဲ့နေသော တိုက်ခန်းများ၏ ပြတင်းပေါက် ခန်းစီးစများ နောက်ကွယ်တွင် ထွက်ပေါ်လာနေသော အလင်းရောင် တန်းများနှင့် အပြင်သို့ ချောင်းကြည့်နေကြသော မျက်လုံးများကို လှမ်းမြင်နေရသည်။
လေနှင့် အတူ လွင့်ပါးလာသော မီးသွေးနံ့၊ စပယ်ပန်း နံ့၊ သစ်သီးပုတ် များ၏ အနံ့များ၊ ယူကလစ် နံ့များ၊ ဓါတ်ဆီ နှင့် အမိုးနီးယား အနံ့များ ရောပြွမ်းပြီး နှာခေါင်းထဲ တိုးဝင်လာနေသည်။ မြို့တော်၏ ရေသွင်း ရေထုတ် မကောင်းသည့် မိလ္လာမြောင်းများမှ ဝေ့ဝိုက် တိုးထွက်လာနေသော အနံ့များလည်း ဖြစ်သည်။
လေဆိပ် နား ရောက်လာသည်နှင့် မီးများ အားလုံး မှိတ်ပြီး ဝဲပျံ နေသော လေယာဉ် ပုံသဏ္ဍန် မဲမဲ အရိပ်များကို ကောင်းကင်ယံ အမှောင်ထု ထဲတွင် တွေ့လာရသည်။
လေဆိပ် ဂိတ်တံခါးဝတွင် သံဆူးကြိုးခွေ များ အလိပ်လိုက် ဖြန့်ကာ ကာရံထားသော်လည်း လူလတ်ပိုင်း တဦး၏ စိတ်ဓါတ်ကျဟန် မျိုး နှင့် ငိုက်ကျနေသည်။ သံဆူးကြိုး တန်းများ၏ နောက်တွင် မရယ်မပြုံး မျက်နှာများ နှင့် ရပ်နေကြသော စစ်ရဲများနှင့် ခေါင်းဆောင် ဖြစ်ဟန် တူသော ခပ်ငယ်ငယ် အရွယ်ရှိ လက်ဖတင်နင် တဦးကို တွေ့ရသည်။ သူ့လက်ထဲရှိ ရိုင်ဖယ် တလက် အပြင် ခါးတွင် ချိတ်ထားသော နံပတ်တုတ်သည်လည်း လှုပ်ရမ်းနေပြန်သည်။
လက်ဖတင်နင် လေးသည် ဗိုလ်ချုပ်ကြီး မောင်းလာသော စီထရိုအင် ကားလေးရှိရာသို့ ကပ်လာသည်ကို တွေ့လိုက်ရသည့် အတွက် ကျွန်တော့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်၊ ဗိုလ်ချုပ်ကြီးသည် ကားမှန်ကို ချလိုက်ပြီး လက်ဖတင်နင် လေး နှင့် စကား ပြောနေရင်း ဘတ်စ်ကား တံခါးကို မှီကာ ရပ်နေသည့် ကျွန် တော် ရှိရာဖက် စောင်းငဲ့ကြည့်လိုက်ကြသည်။
ကျွန်တော်သည် အရက်သမား ဗိုလ်မှုး ထံမှ ရထားသော သတင်း ကို မှီပြီး လက်ဖတင်နင်လေး ဘယ်သူ ဘယ်ဝါ ဖြစ်သည်။ ဘယ်မှာနေသည်က အစ ခြေရာခံ စုံစမ်းခဲ့ပြီး ဖြစ်သည်။ သူသည် တူးမြောင်းဘေး ဆင်းရဲသား ရပ်ကွက် တခု တွင် ဇနီးဖြစ်သူ နှင့် အတူ နေထိုင်ပြီး ကလေး သုံးယောက် ရှိသည်။ ထို့အပြင် မိဘများ၊ ယောက္ခမ များလည်း အတူ လာနေကြသည်။ အားလုံးက သူ၏ လစာအပေါ် မှီခိုနေရသည်၊ သူရသည့်လစာကလည်း အတူနေသူများ၏ တဝက်ခန့်ကိုပင် လောက်ငှအောင် ကျွေးထားနိုင်စွမ်း မရှိ။
ဤသည်ကလည်း အရာရှိ ပေါက်စ များ အတွက် ဖြစ်ရိုးဖြစ်စဉ် မျှသာ ဖြစ်သည်။ ပြီးခဲ့သည့် အပတ် နေ့လည် ခင်း တခု တွင် ကျွန်တော် သူ့ဆီ ရောက်သွားခဲ့သည်။ ဆင်းရဲသော ပုံစံခွက်ထဲ တွင် ရှိနေသော လက်ဖတင်နင် လေးသည် ဘယ်လို ပုံစံမျိုး ရှိနေသည်ကို သိနိုင်ရန် အတွက် ဖြစ်သည်။
အိမ် ထဲတွင် အပေါ် ပိုင်း ကိုယ်လုံးတီး နှင့် လက်ဖတင်နင် လေးသည် ဇနီးသည် ကော ကလေး သုံးယောက် ပါ အတူ အိပ်ကြရသည့် သစ်သားကုတင် အစွန်း တွင် ထိုင်နေသည်။ သူ၏ မျက်နှာပေးသည် ချောင်ပိတ်မိနေသော နိုင်ငံရေး အကျဉ်းသား တဦး အား ကျားလှောင်အိမ်ထဲသို့ လောလောလတ်လတ်ထည့်ပေး ခံလိုက်ရသည့် နှယ် ဖြစ်နေသည်။ ခန္ဓာကိုယ် ပိုင်းအရ ထိခိုက် ကျိူးပဲ့ခြင်းမျိုး မရှိသေး သော်လည်း အနည်းငယ် ထိတ်လန့်နေပုံရပြီး သတိ ကြီးစွာ ထားနေပုံမျိူး နှင့် တွေ့ရသည်။
ခင်ဗျားတို့က ကျုပ် နိုင်ငံ နောက်ကျော ဓါးနဲ့ ထိုးပေးစေချင် နေတာလား ဟု ဖြေးညှင်းစွာ ပြောလိုက်ရင်း ကျွန်တော် ကမ်းပေးသည့် စီးကရက်ကို လှမ်းယူပြီး မီးညှိ ရှိုက်ဖွာလိုက်သည်။ ခင်ဗျားတို့က ကျုပ်ကို ငွေပေးပြီး သူရဲဘော ကြောင်တဲ့ကောင်တွေ၊ သစ္စာဖောက်တွေ တိုင်းပြည်က ထွက်ပြေးနေတာ အကူအညီပေးစေချင်တယ်ပေါ့၊ ကျုပ် လူတွေ ကိုလည်း ဒီလိုပဲ လုပ်စေချင်ကြတယ်ပေ့ါ။