ဖွံဖြိုးတိုးတက်လိုသော နိုင်ငံများ အနေဖြင့် ရွေးချယ်စရာ လမ်းကြောင်းများ ရှိနေသည်။ အစိုးရ များသည် ပြည်ပ နှင့် ယှဉ် နိုင်ရန် ကြိုးစား နေသောပြည်တွင်း စက်မှုလုပ်ငန်းများအား အခွင့်အရေး ပေးသည့် အနေဖြင့် သွင်းကုန် အစားထိုး မူဝါဒ ဆိုကာအချို့သော သွင်းကုန်များ အတွက် ဈေးကွက် ကို ပိတ်ပင်ထားနိုင်သည်။
ထိုသို့ ကိုယ်ကျိုးစီးပွား ကာကွယ်ပေးမှု သည် အမြဲလို မဟုတ်သော်လည်း ပြည်တွင်း စက်မှု လုပ်ငန်းများ အတွက် ကာလံ ဒေသံ လိုက်၍ ခုသာ ခံသာ အောင် ပြုလုပ် ပေးနိုင်သည်။ ထိုကာလ အတော အတွင်း ပြည်တွင်း လုပ်ငန်းများ နှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ အားကောင်းလာပြီး ပြည်ပ သွင်းကုန်များ နှင့် ယှဉ်ပြိုင်လာနိုင်ယုံမက ပြည်ပသို့ပင် တင်ပို့ လာနိုင်သည့် အဆင့် ရောက်လာပေမည်။
သို့သော် ပြည်တွင်း လုပ်ငန်းများအား ပြည်ပ ပြိုင်ဆိုင်လာနိုင်မှု များ မှ အကာအကွယ် ပေးထားစဉ် အတွင် ကုန်ပစ္စည်းများ ဈေးကြီး လာနိုင် သည့်အပြင် အရည်အသွေး မမှီသည့် ကုန်ပစ္စည်းမျိုး ဝယ်ယူရမည့် အန္တရာယ်မျိုး ရှိ နေပေသည်။ ထို့အပြင် အကျင့်ပျက် ခြစားမှု များလည်း ဖြစ်လာနိုင်သည်။
ဖွံဖြိုးဆဲ နိုင်ငံများသို့ ကုန်ပစ္စည်းများ တင်သွင်းလိုသည့် နိုင်ငံများသည်လည်း ရေရှည် တွင် ထိုသို တဖက်သတ် ပိတ်ပင်ထားမှု မျိုးကို စိတ်ပျက်လာနိုင်သည်၊ အကယ်၍ ထိုနိုင်ငံမျိုးသည် တရုတ်ကဲ့သို့ စက်မှု နှင့် ပို့ကုန် လုပ်ငန်းများ တွင် ဆူပါပါဝါ အဆင့် ရောက်ရှိသွားပါက ၎င်းတို့အဖို့ ဈေးကွက်ကို ထိုးဖောက်နိုင်မည့် အခွင့် အလန်းများ ဆုံးရှုံး နေတော့မည် ဖြစ်သည်။
နောက်ထပ် နည်းလမ်းတခုသည်ကား အစိုးရ များ အနေဖြင့် စိုက်ပျိုး ရေး နှင့် ၎င်းတို့ ဖွံ့ဖြိုး တိုးတက်စေလိုသော စက်မှု လုပ်ငန်းများကို ရွေးထုတ်ပြီး ငွေကြေး ကူညီ ပံ့ပိုးမှု များ လုပ်ပေးနိုင်ခြင်းမျိုး ဖြစ်သည်။ ထိုသို့ သော လုပ်ငန်းများ အနေဖြင့် မိမိတို့ဖာသာ ငွေကြေး စိုက်ထုတ်ပြီး၊ ကုန်ကြမ်း ပစ္စည်းများ နှင့် အလုပ်သမားခ များကို ဈေးကွက် ပေါက်ဈေး ဖြင့် ပေး၍ ယှဉ်ပြိုင်လာသူများ အပေါ် လွန်စွာ မှ အခွင့်အလန်း သာ သွားခဲ့သည်။
ထိုသို့ အစိုးရ မှ ငွေကြေး စိုက်ထုတ် ပံ့ပိုးပေးခံရသူ များသည် အများအားဖြင့် နိုင်ငံ ပိုင် လုပ်ငန်းမျိုး ဖြစ်သည်။ ထိုသို့သော လုပ်ငန်းမျိုး အတွက် ပြည်ပမှ ရင်းနှီးမြုပ်နှံလာမှု များကိုလည်း ကန့်သတ်ချက် များ ဖြင့် ခွင့်ပြုပေးခြင်းဖြင့် ပြည်တွင်း လုပ်ငန်းရှင်များကို ကာကွယ်ပေးထားနိုင် ပြန်သည်။
ရင်းနှီးမြုပ်နှံမှု များ ခွင့်ပြုရန် လိုအပ်လာပါကလည်း ၎င်းတို့၏ နည်းပညာများကို ပြည်တွင်း ကုမ္ပဏီ များသို့ လွှဲပြောင်းပေးစေခြင်းဖြင့် နောက်ဆုံးတွင် ယှဉ်ပြိုင်နိုင်သည့် အဆင့် ရောက်လာနိုင်ပေသည်။
နောက်ထပ် ချဉ်းကပ်မှု တမျိုးသည်ကား အစိုးရ၏ ပံ့ပိုးမှု ကို လျော့ချ ပြီး လုပ်ငန်းများကို ပုဂ္ဂလိက ပိုင် အဖြစ် ပြောင်းပစ်ခြင်းပင် ဖြစ်သည်။ နိုင်ငံခြားမှ ရင်းနှီး မြုပ်နှံလိုသူ များအတွက် စွဲဆောင်မှု ရှိမည့် ခိုင်မာသော ငွေကြေး၊ သင့်တင့်လျောက်ပတ်သော အခွန် နှုံးထား၊ အကျင့်ပျက် ခြစားမှု များ အား ဟန့်တား နိုင်မည့် အကာအကွယ်များ၊ အစိုးရမှ လုပ်ငန်းများကို ငွေထုတ်ချေး ရာတွင် အလွန် အကျွံ သုံးစွဲမှု များ မရှိစေခြင်း၊ မူပိုင်ခွင့် များကို အတိအကျ ပြဋ္ဌာန်းပေးထားခြင်း၊ မြေ နှင့် အဆောက်အဦးများ ဝယ်ယူခွင့် ပေးပြီး၊ ဘဏ်တွင် အဆိုပါ ပိုင်ဆိုင်မှု များ ဖြင့် ငွေထုတ်ချေး နိုင်ခွင့် ရှိခြင်း အစရှိသည့် တို့ ဖန်တီးပေးထားရမည် ဖြစ်သည်။
ကုန်သွယ်ရေး သည်လည်း ဖွံ့ဖြိုးမှု အတွက် မောင်းနှင်အား ကောင်းသည့် အင်ဂျင်ကြီး ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ ပါဝင် ပတ်သက်မှု လျော့ချ နိုင်မှ ဖြစ်ပေမည်။ ဤနေရာတွင် ကုန်သွယ်ခွန်များ၊ အခြား အရံအတားများ၊ ပြည်ပရင်းနှီး မြုပ်နှံမှု များအား ကန့်သတ်ချက်များ ထားရှိခြင်း တို့ မပြုလုပ်ခြင်း ကို ဆိုလိုသည်။
ကုန်သွယ်ရေးကို ပွင့်လင်း မြင်သာစွာ ဖွင့်လှစ်ပေးထားခြင်း ဖြင့်သာ ပို့ကုန် ထုတ်လုပ်ရေး နှင့် ဆက်စပ်နေသော လစာကောင်းသည့် အလုပ်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ဝယ်ယူ သုံးစွဲသူများအတွက် လည်း အခြားနိုင်ငံများ မှ တင်သွင်းလာသည့် အရည်အသွေး ကောင်းသည့် ကုန်ပစ္စည်းများ ရရှိနိုင်သည်။ ယင်းသည် နိုင်ငံ ခေတ်မီ ဖွံ့ဖြိုးလာဖို့ နှိုးဆွပေးသည့် အချက်များပင် ဖြစ်သည်။
ကုန်သွယ်ရေး ကြောင့်လည်း အကျင့်ပျက် လာဒ် စားမှု များ လျော့နည်း သွားနိုင်သည်။ ဆင်းရဲသော နိုင်ငံများတွင် လုပ်အားခ သက်သာသည့် အခွင့်အရေး များ ရှိနေပြီး ဖြစ်သည်။ ထို့အတွက်လည်း ထုတ်ကုန်များအား ဈေးပေါပေါ နှင့် ထုတ်လုပ်နိုင်၍ ယှဉ်ပြိုင် နိုင် အား ပို၍ ကောင်းလာသည်။
ထိုသို့သော အလားအလာ ကောင်းများ ရှိလာစေရန် ပြည်ပ ဈေးကွက်များသို့ တင်ပို့ နိုင်စွမ်း ရှိရမည် ဖြစ်သည်။ တခါတရံတွင် ၎င်းတို့၏ ပို့ကုန်များ အတွက် ခွဲတမ်းများ ပို၍ရရှိအောင် နှင့် တင်သွင်းခွန် များ လျော့ချ ပေးခြင်းမျိုးလည်း ပြုလုပ်ပေးနိုင်သည်။ သို့သော် ထို အခွင့်အလန်းများက အလို အလျောက် ရရှိနိုင်ခြင်းမျိုး မဟုတ်ဘဲ ဆွေးနွေးခြင်း မျိုး ဖြင့်သာ ထွက်ပေါ်လာနိုင်ပေသည်။