လူသား ကွန်ယက်(8)

by Hla Soewai - Dec 02 2024

ထိုသို့ ကြုံတွေ့လာရမည့် အန္တရာယ်ကြီး ၏ အတိုင်းအတာ ကို စဉ်းစားနိုင်ဖို့ AI ဉာဏ်ရည်တု အပေါ် လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်သင့်ပေသည်။ လူတိုင်းသည် AI နှင့် ပတ်သက်၍ ကျွမ်းကျင်သူ များ ဖြစ်မလာနိုင်သော်လည်း ကျွနုပ်တို့ စိတ်ထဲ မှတ်ယူထားရမည်က AI သည် လူ့သမိုင်း စဉ် တွင် အတွေးအခေါ် အသစ်အဆန်းများ၊ ဆုံးဖြတ်ချက်များကို ၎င်းတို့ဖာသာ တီထွင် ချမှတ် နိုင်စွမ်း ရှိနေသည့် နည်းပညာမျိုး အဖြစ် ပထမဦးဆုံး ပေါ်ထွက်လာသည် ဆိုသော အချက်ပင် ဖြစ်သည်။

 

ယခင်က လူသားတို့ တီထွင် ဖန်တီးခဲ့သမျှသည် မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းတို့အား မည်သို့ မည်ပုံ သုံးစွဲရမည် ဆိုသည်ကို လူသားတို့ကသာ ဆုံးဖြတ် လုပ်ကိုင် နိုင်သည်။ ဓါးများ၊ ဗုံးများသည် မည်သူကို သတ်ဖြတ် တိုက်ခိုက်ရမည် ဆိုသည်ကို ၎င်းတို့ဖာသာ ဆုံးဖြတ် နိုင်စွမ်း မရှိကြ။ ၎င်းတို့သည် ရရှိသော သတင်းအချက်အလက်များ ကို ပိုင်းခြား စိတ်ဖြာပြီး လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်း မရှိ၊ အသိဉာဏ် မဲ့သော ရုပ်ဝတ္ထု ပစ္စည်း သက်သက်မျှသာ ဖြစ်သည်။ 

 

၎င်းတို့နှင့် လားလားကြီး ဆန့်ကျင် နေသည်က AI ပင် ဖြစ်သည်။ AI သည် သတင်း အချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ တွက်ချက် သုံးသပ်နိုင်ပြီး လူသားတို့ နေရာဝင်ပြီး ဆုံးဖြတ်ချက်များ ချမှတ် နိုင်စွမ်း ရှိနေသည်။ AI သည် ကိရိယာ တန်ဆာပလာ မဟုတ်၊ အေးဂျင့် တဦးသာ ဖြစ်သည်။

 

AI သည် သတင်းအချက်အလက်များကို ဆရာတဆူအလား ကျွမ်းကျင် ပိုင်နိုင်စွာ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်း ရှိနေ‌၍ ၎င်းတို့ဖာ သာ တေးဂီတ မှသည် ဆေးဝါး နယ်ပယ် များ အထိ အိုင်ဒီယာ အသစ်အဆန်းများ ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။ ကျွနုပ်တို့သည် တေးဂီတ များကို ဓါတ်ပြားစက် နှင့် ဖွင့်နိုင်သည်။ အဏှကြည့် မှန်ဘီလူးများက ကျွနုပ်တို့ ခန္နာကိုယ် အတွင်းရှိ ဆဲလ်များကို အနုလုံ ပဋိလုံ ကြည့်နိုင်စွမ်း ရှိသည်။

 

သို့သော် ဓါတ်ပြားစက်သည် ဓါတ်ပြားတွင် သွင်းထားသော သီချင်းများကိုသာ ဖွင့်နိုင်စွမ်း ရှိပြီး သံစုံ တီးဝိုင်း အတွက် တီးလုံးများကို ရေးစပ်နိုင်စွမ်း မရှိ၊ ထို့အတူပင် အဏုကြည့် ကိရိယာသည်လည်း ဆေးဝါး အသစ်များကို ဖေါ်စပ်နိုင်စွမ်း မရှိပြန်ပေ။

 

AI သည် အနုပညာကို ဖေါ်ထုတ်နိုင်စွမ်း ရှိနေသည့် အပြင် သိပ္ပံပညာ ပိုင်း စူးစမ်း ရှာဖွေ ဖေါ်ထုတ် နိုင်ပြန်သည်။ ရှေ့လာမည့် ဆယ်စုနှစ် များ အတွင်း မျိုးရိုးဗီဇ သင်္ကေတ များ သို့မဟုတ် အဇီဝ မူလ ပုံစံများ အတုယူ ကာ သင်္ကေတ ကုဒ်များ ရေးသားပြီး သက်ရှိ အသွင်သဏ္ဍန် မျိုး ဖန်တီးနိုင်စွမ်း ရှိလာနိုင်သည်။

 

လက်ရှိ အချိန်အခါသည် AI တော်လှန်ရေးကြီး သန္ဓေတည်စ ဖြစ်သော်လည်း ကွန်ပြူတာများသည် အိမ်ဝယ်ယူရန် မည်သည့် နှုန်းထားဖြင့် ထုတ်‌ ချေး နိုင်သည်၊ မည်သည့် ကုမ္ပဏီက အလုပ်ခေါ်‌နေသည်တို့ကို အဆုံးအဖြတ် ပေးနေပြီး နောက်ဆုံး ကျွနုပ်တို့ကိုပင် အကျဉ်းထောင် သို့ ပို့ဆောင်နိုင်သည်။

 

ထိုအလားအလာများသည် ရှေ့လျောက် အရှိန် အဟုန် ပြင်းပြင်းနှင့် လျင်မြန်စွာ တိုးလာဖို့သာ ရှိသည် နှင့် အမျှ တဖြေးဖြေး နှင့် မိမိတို့ ဘာဖြစ်နေသည်ကိုပင် နားလည် နိုင်ဖို့ ခက်ခဲလာမည် ဖြစ်သည်။ 

 

ကျွနူပ်တို့ အနေဖြင့် မိမိတို့ အတွက် ပိုမို ကောင်းမွန်သော ကမ္ဘာကြှီး ဖန်တီးနိုင်လိမ့်မည်ဟု ကွန်ပြူတာ ‌အယ်ဂိုရီသမ်များ ၏ ဆုံးဖြတ်ချက်ကို ယုံစား၍ ဖြစ်နိုင်ပါမည်လော။ မှော်ဆရာ၏ တံပျက်စည်း ဖြင့် ရေခပ်ခိုင်းယုံလောက် ယုံယုံကြည်ကြည် လုပ်ခိုင်း၍ ရမည့် အရာမျိုး မဟုတ် လူ့တို့၏ ဘဝ များကို ထပ်၍ အလောင်းအစား လုပ်ရမည့် အနေအထားမျိုး ဖြစ်သည်။

 

AI သည် ကျွနုပ်တို့ မနုဝင်များ၏ သမိုင်းကြောင်းကိုသာ မဟုတ်၊ သက်ရှိ အားလုံး၏ အဆင့်ဆင့် တိုးတက် မှု ဖြစ်စဉ် တခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။