Ray Kurzweil ကလည်း ၎င်း၏ The Singularity Is Nearer စာအုပ် တွင် ယခုလို ထောက်ခံ ရေးသားလာခဲ့သည်။ "AI သည် ကျွနုပ်တို့ လတ်တလော ရင်ဆိုင်နေရသော ရောဂါဘယများ၊ ဆင်းရဲမွဲတေမှု၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေမှု ဆုတ်ယုတ်လာခြင်း နှင့် လူသားတို့ စွမ်းဆောင်နိုင်မှု အင်အား ချိနဲ့လာခြင်းများကို ဖြေရှင်းပေးနိုင်မည့် အခရာ ကျသော နည်း ပညာ မျိုး ဖြစ်၍ မိမိတို့ဖက် မှ ကျင့်ဝတ်တရားအရ မရှိ မဖြစ် လက်ခံရမည့် လည်း ဖြစ်သည် ဟု ဖေါ်ပြထားသည်။
သို့သော် Kurzweil သည် ယင်းနှင့် အတူ ကပ်ပါလာမည့် အန္တရာယ်ကို ကောင်းစွာ သိရှိထားယုံမက ကျယ်ကျယ်ပြန့်ပြန့်လည်း လေ့လာထားခဲ့သူ ဖြစ်သည်။ သို့သော် ထိုအန္တရာယ်များကို လျော့ပါး သက်သာသွားအောင် အောင်မြင်စွာ ပြုလုပ် နိုင်မည် ဟု ယုံကြည်ထားသည်။
အခြား ပညာရှင်များကမူ သံသယ ရှိသည့် ဖက်က များနေသည်။ ထိုအထဲတွင် တွေးခေါ်ပညာရှင်များ၊ လူမှုရေး သိပ္ပံ ပညာရှင်များ၊ ထိတ်တန်း AI ကျွမ်းကျင်သူ များ သာ မက စွန့်ဦး တီထွင် သည့် လုပ်ငန်းရှင်များ ဖြစ်သော ယိုရှုဝါ ဘင်ဂျီရို၊ ဂေါ့ဖရေး ဟင်တန်၊ ဆမ် အက်မန်း၊ အီလွန် မတ်စ်၊ မူစတာဖါ ဆူလေမန်း တို့လည်း ပါဝင်နေသည်။ ၎င်းတို့က AI သည် ကျွနုပ်တို့၏ လူ့ယဉ်ကျေးမှု ကို ဖျက်ဆီးပစ်နိုင်သည်ဟု ထုတ်ဖေါ် သတိပေးလာခဲ့ကြသည်။
ဘင်ဂျီရို နှင့် ဟင်တန် အပါအဝင် အခြား ပညာရှင်များ စုပေါင်း ရေးသားထားသည့် ၂၀၂၄ ဆောင်းပါး တွင် AI ၏ ရှေ့သို့ ချီလာနေမှု ကို အတားအဆီး မရှိ လွှတ်ထားမည် ဆိုက လူ့အသက်ပေါင်း များစွာနှင့် တိရိစ္ဆာန်များ၊ အပင်များ၊ အဏုဇီဝ ရုပ်များ အားလုံး မှီတင်းနေထိုင်နေကြရသည့် ဂေဟ စနစ် ကြီး တခုလုံး ဆုံးရှုံး နိုင်ပြီး၊ မနုဿ အနွယ်ဝင် တို့၏ အခန်းကဏ္ဍသည် ဘေးရောက်သွားပြီး နောက်ဆုံး မျိုးတုံးသွားနိုင်သည့် အဖြစ် ရောက်ရှိသွားမည်ဟု ဆိုသည်။
AI ပညာရှင်များအားလုံးအား ၂၀၂၃ တွင် စစ်တမ်းကောက်ရာတွင် ၎င်းတို့ထဲမှ သုံးပုံတပုံကျော် ဖြစ်သည့် ၂,၇၇၈ ဦးသာ AI သည် လူသား တို့ မျိုးတုံးမည့် အန္တရာယ် အထိ ရောက်မလာနိုင်ဟု မှတ်ချက်ပေးကြ ကြောင်း သိရသည်။
၂၀၂၃ တွင် ပင် တရုတ်၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါး မှ အစိုးရများက AI နှင့် ပတ်သက်၍ ဘလက်ချလီ ကြေညာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းတို့အားလုံးမှ အစွမ်းထက်မြက်ဆုံး AI နည်းပညာများမှ ထွက်ပေါ်လာသည့် မိုဒယ် များသည် ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲနှင့် ဖြစ်စေ လူသားတို့အား ကြီးမားစွာ အန္တရာယ် ပြုနိုင်သည်ကို ထိုကြေညာချက် လက်မှတ် ရေးထိုးလိုက်ခြင်းဖြင့် အသိအမှတ် ပြုခဲ့ကြသည်။ သို့သော် ထိုသို့ ကမ္ဘာ ပျက် ကိန်း ဆိုက်မတတ် ပြောဆို သုံးနှုန်း ခဲ့ကြသော်လည်း အစိုးရ များ နှင့် ကျွမ်းကျင်သူ များ စိတ်တွင် တော့ ဟော်လီဝုဒ် ရုပ်ရှင်ကားများ ထဲကလို စက်ရုပ်များ သေနတ် ကိုင်ပြီး လမ်းပေါ် တွင် လူများ အား လိုက်လံ ပစ်ခတ် နေသည်အထိ တော့ တွေးထားခဲ့ကြခြင်း မရှိပေ။
ထိုသို့ ဖြစ်လာနိုင်စရာ မရှိသော်ငြားလည်း ယင်းသည် စိတ်ကူးယဉ်မှု သက်သက် ဆိုကာ လူများအား တကယ့် အန္တရာယ်ကြီးကို မစဉ်းစားမိအောင် လမ်းလွှဲသွားစေခဲ့သည်။ ကျွမ်းကျင်သူများကမူ ဖြစ်နိုင်သည့် အလားအလာ နှစ်ခု ကို သတိပေးလာခဲ့ကြသည်။
ပထမ ဖြစ်စဉ်သည် လက်ရှိ လူသားတို့ ကြုံတွေ့နေရသော ပဋိပက္ခများကို လောင်စာဝင်ပေါက်ကို လေဖိအား ဖြင့် မှုတ်သွင်းသလို ပြင်းထန်သည်ထက် ပြင်းထန်အောင် လုပ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ လူသားများလည်း အချင်းချင်း စိတ်ဝမ်း ပိုကွဲ သွားနိုင်သည်။
နှစ်ဆယ်ရာစု စစ်အေး တိုက်ပွဲ ကာလ အတွင်း သံကန့်လန့်ကာ ကြီးဖြင့် ပိုင်းခြား ပေးလိုက်သလို မျိုး ဖြစ်သည်။ နှစ်ဆယ့်တစ် ရာစု တွင်တော့ သံကန့်လန့်ကာ ကြီး အစား ဆီလီကွန် ကန့်လန့်ကာကြီး ထွက်ပေါ်လာနိုင်သည်။ ထိုကန့်လန့်ကာကြီးသည် သံဆူးကြိုး များ နှင့် မဟုတ်ဘဲ ချစ်ပ် ပြားများ၊ ကွန်ပြူတာ သင်္ကေတများ နှင့် ဖြစ်လာပြီး ကမ္ဘာပဋိပက္ခ ကြီးများ တွင် ပြိုင်ဖက် အင်အားကြီး နိုင်ငံများကို ပိုင်းခြားပေးလာပေလိမ့်မည်။
အဘယ်ကြောင့် ဆိုသော် AI နည်းပညာများဖြင့် အပြိုင်အဆိုင် ထုတ်လုပ်လာသော လက်နက်ဆန်းများသည် ပို၍ လည်း ဖျက်အား ကောင်းလာမည် ဖြစ်သောကြောင့်ပင်။ မီးပွားလေး တစ နှင့်ပင် ပြသာဒ် အထိ တက်၍ မီးတက်လောင် သွားနိုင်ပေသည်။
ဒုတိယ ဖြစ်စဉ် သည်ကား ဆီလီကွန် ကန့်လန့်ကာ ကြီးသည် မနုဝင် အုပ်စု တစု နှင့် အခြားတစု ကို ပိုင်းခြားပေးခြင်း မျိုး မဟုတ်တောဘဲ မနု အနွယ်ဝင် အားလုံး နှင့် AI အရှင်သခင်ကြီးများ အကြား ပိုင်းခြား ပေးလိုက်ခြင်း ပင် ဖြစ်သည်။
ကျွနုပ်တို့ မည်သည့် နေရာတွင် နေသည် ဖြစ်စေ ကျွနုပ်တို့ ဉာဏ် မမီ သော AI အယ်ဂိုရီသမ်များက ကျွနုပ်တို့အား ပိုးခြည်မျှင် များ နှင့် ရစ်ပတ်ထားသလို ရစ်ပတ် ချည်နှောင်ထားခြင်း ခံနေရသည့် အဖြစ် ရောက်နေ ပေလိမ့်မည်။ အယ်ဂိုရီသမ် များသည် ကျွနုပ်တို့၏ ဘဝ ကို စီမံခန့်ခွဲ လာကြ မည်။ ကျွနုပ်တို့၏ နိုင်ငံရေး၊ ယဉ်ကျေးမှု များကို ပြန်လည် ပုံသွင်းလာကြမည်။ နောက်ဆုံး ကျွနူပ်တို့ ၏ ကိုယ်စိတ် နှစ်ပါးစလုံးပါ ၎င်းတို့ အလိုကျ ပြန်လည် စီမံလာကြတော့မည် ဖြစ်သည်။ ကျွနုပ်တို့ ကိုယ်တိုင်ပင် ငြင်းဆန်ဖို့ နေနေသာသာ မည်သည့် အင်အားစု များ က စေစားနေသည်ကိုပင် နားလည် နိုင်စွမ်း ရှိကြတော့မည် မဟုတ်ပေ။
ထိုသို့ နှစ်ဆယ့်တစ်ရာစု တွင် ထိုသို့ သူတလူ ငါတမင်း လုပ်လာနေသော ကွန်ယက်များသာ ကမ္ဘာကြီးကို လွှမ်းမိုး ချုပ်ကိုင် နိုင်ခွင့် ရသွားမည် ဆိုလျင် လူသားစစ်စစ် အာဏာရှင် အစား လူသား မဟုတ်သည့် ဉာဏ်ရည်တု များ၏ စေစားခြင်းကို ခံရနိုင်ဖွယ် ရှိနေသည်။
လူများက တရုတ်၊ ရုရှား နှင့် ဒီမိုကရေစီ ဆိတ်သုံးလာမည့် အမေရိကန် ကိုသာ ၎င်းတို့အား ထားရာနေ စေရာသွား အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာမည့် အိမ်မက်ဆိုးများသဖွယ် ရွေးထုတ် လက်ညိုး ထိုးလာကြမည် ဆိုလျင် နဖုးတွေ့ ဒုးတွေ့ ရင်ဆိုင်လာရမည့် အန္တရာယ်ကြီးကို မသိနားမလည် သေးဟု သာ ဆိုရမည် ဖြစ်သည်။ တကယ်တမ်းတွင် တရုတ်၊ ရုရှား၊ အမေရိကန် တို့သည်လည်း လူသား မဟုတ်သည့် ဉာဏ်ရည်တုများ၏ ကိူယ့်မင်းကိုယ်ချင်း စေစား အုပ်ချုပ်ခံရမည့် အရေး နှင့် တစုတဝေး တည်း ခြိမ်းခြောက်ခံနေရခြင်းပင် ဖြစ်သည်။