နိုင်ငံတကာ ရေးရာ မိတ်ဆက်(94)

by Hla Soewai - Nov 04 2024

ဖွံ့ဖြိုးမှု

 

အဆိုပါ စကားရပ်အား ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး အဓိပ္ပါယ်အားဖြင့် စီးပွားရေး တိုးတက် မှု ဆိုသည်ထက် ပို၍ နက်ရှိုင်း သည်။ နိုင်ငံ တနိုင်ငံ၏ ဓနဥစ္စာ ကြွယ်ဝမှု သည် လူဦးရေး တိုးတက်မှု နှင့် အမှီလိုက်နိုင်ခြင်း ရှိမရှိ၊ နိုင်ငံသားများ အကြား ကြွယ်ဝ ချမ်းသာမှု ကို မည်မျှအထိ ကောင်းမွန်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိမရှိ နှင့် လူနေမှု အဆင့်အတန်းကို တိုင်းတာနိုင်မှု တို့ နှီးနှောဆက်နွယ်နေသော စကားရပ် ပင် ဖြစ်သည်။

 

ထို့အပြင် သိသိသာသာ ဆင်းရဲသော နိုင်ငံများ၏ စီးပွားရေး အခြေအနေကို ထင်ဟပ်ရာတွင်လည်း ဖွံ့ဖြိုးမှု ဆိုသည်ကို လည်း အသုံးပြုလေ့ ရှိသည်။ ဥပမာ အားဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေသော၊ ဖွံ့ဖြိုးမှု အနည်းဆုံး၊ ဖွံ့ဖြိုးဆဲ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဝေါ် လေ့ရှိတတ်သည်။

 

သို့သော် မည်သည့် အနေအထားသည် ဖွံ့ဖြိုးပြီး နိုင်ငံ၊ သို့ မဟုတ် ဖွံ့ဖြိုးဆဲ နိုင်ငံ ဟု သတ်မှတ် နိုင်ဖို့ ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မျိုး တော့ မရှိပေ။

 

နိုင်ငံ တနိုင်ငံ၏ လူတဦးချင်း ဝင်ငွေပေါ် မူတည်၍ ခွဲခြား သတ်မှတ် ခြင်းမျိုးအား လွယ်လွန်းသည်ဟု ဆိုကာ ကမ္ဘဘဏ်က ပယ်ချခဲ့သည်။ Per Capita income ခေါ် လူတဦးချင်း ဝင်ငွေ ဆိုသည်က နိုင်ငံ ၏ တနှစ်အတွင်း စုစုပေါင်း ကုန်ထုတ်လုပ်မှု ပမာဏ ကို စုစုပေါင်း လူဦးရေ နှင့် စား သည့် ရလဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ ပျမ်းမျှ နိုင်ငံသားတဦး၏ လူနေမှု အဆင့်အတန်းကို အနီးစပ်ဆုံး ခန့်မှန်း နိုင်သည့် ကိန်းဂဏန်း မျိုး လည်း ဖြစ်သည်။

 

ယင်းကို မူတည်၍ နိုင်ငံများအား ဝင်ငွေနည်း နိုင်ငံ၊ ဝင်ငွေ အလယ်အလတ်၏ အောက် ရှိသော နိုင်ငံ၊ အထက်တွင် ရှိနေသော နိုင်ငံ၊ ဝင်ငွေ မြင့်မားသော နိုင်ငံဟူ၍ ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။

 

လူတဦးချင်းစီ၏ GDP တွင် မိုနာကို သည် ဒေါ်လာ ၁၆၀,၀၀၀ အထက်တွင် ရှိပြီး၊ ဆွစ်ဇာလန်သည် ၈၀,၀၀၀၊ ဘူရွန်ဒီ၊ တောင် ဆူဒန်၊ မာလဝီ၊ နိုင်ဂျား၊ မဒါဂါစကား၊ မိုဇမ်ဘစ်၊ ဆိုမာလီယာ နိုင်ငံများသည် ဒေါ်လာ ၅၀၀ အောက်တွင်သာ ရှိကြသည်။

 

အမေရိကန်၏ စီးပွားရေး ပမာဏ သည် တရုတ်နှင့် နှိုင်းစာလျှင် နှစ်ဆခန့် မရှိသော်လည်း လူတဦးချင်းစီ၏ GDP တွင်မူ ‌ဒေါ်လာ ၆၀,၀၀၀ ခန့် ရှိပြီး တရုတ်ထက် ၆ ဆ ခန့် များနေသည်။ ဤသည်ကလည်း အမေရိကန် လူဦးရေသည် တရုတ်၏ လေးပုံတပုံ ခန့်သာ ရှိသောကြောင့်လည်း ဖြစ်သည်။

 

ယခုအခါ တွင်တော့ ဖွံ့ဖြိုးမှု ကို ဆန်းစစ် တိုင်းတာရာတွင် လူမှုရေး ကဏ္ဍ များကိုပါ ထည့်သွင်းရမည်ဟု သဘောတူလာခဲ့ကြသည်။ ဤသို့ဖြင်ြ လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်း Human Development Index (HDI) ကို ဖေါ်ထုတ်လာကြသည်။ နိုင်ငံတနိုင်ငံ၏ HDI ကို တွက်ချက်ရာတွင် လူတဦးချင်းစီ၏ ပျမ်းမျှ ဝင်ငွေ၊ ပညာရေး အဆင့်အတန်း၊ ပျမ်းမျှ သက်တမ်း အစရှိသည်တို့ကိုပါ ထည့်သွင်း လာခဲ့သည်။

 

နိုင်ငံပေါင်း ၁၉၂ နိုင်ငံ အတွက် ကုလ သမဂ္ဂ ၏၂၀၂၄ HDI တွင် ဆွစ်ဇာလန်သည် အမြင့်ဆုံး နေရာတွင် ရှိနေပြီး၊ နော်ဝေး နှင့် အိုက်စလန်သည် ဒုတိယ နှင့် တတိယ နေရာ အသီးသီးတွင် ရှိနေသည်၊ ဟောင်‌ ကောင်သည် စတုတ္ထ၊ စင်္ကာပူသည် ၉ ၊ ကနေဒါ ၁၈ နှင့် အမေရိကန် ပြည်ထောင်စုသည် နံပတ် ၂၀ တွင်သာ ရှိသည်။ ထိုင်းသည် ၆၆၊ တရုတ်သည် ၇၅ တွင် ရှိပြီး မြန်မာသည် ၁၄၉ တွင် ရှိသည်။ ယီမင်၊ ဘူကီနာဖာဆိုနှင့် ဆီရာလီယွန် နိုင်ငံများသည် အနိမ့်ဆုံး တွင် ရှိနေကြသည်။

 

လူသားတို့၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ၁၉၉၀ နှင့် ၂၀၁၅ အကြားတွင် သိသိသာသာ မြင့်မားလာခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသော နိုင်ငံများ အဖြစ် သတ်မှတ်ခံထားရသည့် အရည်အတွက်သည် ၆၂ မှ ၄၁ အထိ ကျဆင်းသွားခဲ့သည်။ လွန်စွာ မြင့်တက် လာသော နိုင်ငံများ အဖြစ် သတ်မှတ်ခံထားရမှု သည် ၁၁ မှ ၅၁ အထိ ဖြစ်လာခဲ့သည်။ သို့သော် တိုးတက်လာမှု သည် ၂၀၁၀ နောက်ပိုင်းတွင် နှေးကွေး သွားခဲ့သည်။

 

ဖွံ့ဖြိုး မှု Development ဆိုသည့် စကားရပ်သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်တွင် ရေပန်းစားလာခဲ့သည်။ အစောပိုင်း တွင် စစ်ဒဏ်ကြောင့် ဗုန်းဗုန်းလဲ သွားပြီးနောက် ပြန်လည်ထူထောင်နိုင်ရေး လုံးပမ်းနေသော ဥရောပ နိုင်ငံများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

 

ယခုအခါ ကမ္ဘာဘဏ် ဖြစ်လာသော အဖွဲ့အစည်းအား စစ်ကြီး အဆုံးမသတ်မီ ၁၉၄၄ တွင် ပြန်လည် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးမှု နိုင်ငံတကာ ဘဏ် International Bank for Reconstruction and development ဟူ၍ ဖွဲ့စည်းခဲ့သည်။

 

နောက်ပိုင်း တွင် အမေရိကန်၏ မာရှယ် စီမံကိန်း ဖြင့် အကူအညီများ ပုံအော် ပေးလာခဲ့မှု ၎င်းတို့၏ အပတ်တကုတ် ကြိုးပမ်းမှု များ နှင့် နောက်ပိုင်းတွင် ဥရောပ ဘုံဈေး အဖြစ် အသွင် ပြောင်းလာမည့် ဥရောပ ကျောက်မီးသွေး နှင့် သံမဏိ အစည်းအရုံး ထွက်ပေါ်လာလာခြင်း တို့ကြောင့် ဥရောပ နိုင်ငံ များ ပုံမှန် အနေအထား သို့ အလျင်အမြန် ရောက်လာခဲ့သည့် အတွက် နောက်ပိုင်းတွင် ဖွံ့ဖြိုးမှု ဆိုသော စကားရပ်သည် မသက်ဆိုင် ဆိုသလို ဖြစ်လာသည်။

 

ထိုစကားရပ်သည် ဥရောပ ထက် ပို၍ ဆင်းရဲနေဆဲ ဖြစ်သည့် အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း နှင့် လက်တင် အမေရိက နိုင်ငံများ နှင့် ပို၍ သက်ဆိုင်လာခဲ့သည်။

 

ထိုနိုင်ငံ အများစုသည် ကိုလိုနီဝါဒ ကျဆုံးသွားပြီး နောက် လွတ်လပ်သော နိုင်ငံများ အဖြစ် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ လွတ်လပ်ရေး နှင့် အတူ ၎င်းတို့ ပြင်ဆင်ထားခြင်း မရှိခဲ့သော စိန်ခေါ်မှု မျိုးစုံ နှင့် နဖူးတွေ့ ဒူး‌တွေ့ ရင်ဆိုင်လာကြရသည်။