သီအိုရီ အားဖြင့် ဆိုလျှင် ဒေါ်လာ အစား အခြားငွေကြေး တခုဖြင့် အစားထိုး၍ ရပေသည်။ သို့သော် အထူး မှတ်သားစရာ ကောင်းနေသည်က ၂၀၀၈-၀၉ တွင် ဖြစ်ပွားခဲ့သော ကမ္ဘာဘဏ္ဍာရေး အကျပ်အတည်း ကြီးသည် အမေရိကန်မှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း ဒေါ်လာသည် ဆက်၍ ခေါင်းထောင်နေနိုင်ပြီး ကမ္ဘာတဝှမ်းရှိ ရင်းနှီးမြုပ်နှံလိုသူများ၏ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဖြစ် ရပ်တည်နေနိုင်ခဲ့သည် ဆိုသော အချက်ပင် ဖြစ်သည်။
ဤသည်ကလည်း မည်သည့် နိုင်ငံကမျှ အမေရိကန်၏ စီးပွားရေး ပမာဏ မျိုး မရှိသည့်အပြင် ဒေါ်လာသည်သာ မည်သည့် နေရာတွင် မဆို ယုံကြည်မှု အပြည့် နှင့် လွတ်လပ်စွာ အလဲအလှယ် လုပ်နိုင်နေခြင်းကြောင့်ပင် ဖြစ်သည်။ ဂျပန်၏ စီးပွားရေး ပမာဏ သည် အမေရိကန် နှင့် ယှဉ်လျင် သေးငယ်နေပြီး၊ ယူရို ၏ အနာဂတ်သည်လည်း မရေရာ မသေချာ ဖြစ်နေပြန်သည်။ ကမ္ဘာ၏ ဒုတိယ အကြီးဆုံး စီးပွားရေး ပမာဏ ရှိသည့် တရုတ်ပြည်သည် ယခုထိ ၎င်းတို့၏ ငွေကြေးကို ဈေးကွက် ပေါက်ဈေး ဖြင့် လဲလှယ်ရန် ခွင့်မပြုနိုင် ဖြစ်နေဆဲပင် ဖြစ်သည်။ ၎င်းတို့ နိုင်ငံ သို့ အဝင်အထွက် လုပ်မည့် ငွေကြေး ပမာဏ ကို ထိန်းချုပ် နိုင်သည့် အတိုင်းအတာ မျိုးသာ ရှိစေချင်နေကြသည်။
ကမ္ဘာတဝှမ်း ထိန်းချုပ်နိုင်သည့် အမှီအခို ကင်းသော ဗဟိုဘဏ်မျိုး မရှိသည့် အတွက် နိုင်ငံတကာသုံး ငွေကြေး ဟူ၍ ထွက်ပေါ်မလာခြင်းလည်း ဖြစ်သည်။ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး အနေအထားကို လိုအပ်သလို ဖြည့်တင်းပေးနိုင်ရန် ငွေကြေး ထုတ်ယူနိုင်ရန် အထူး အခွင့်အရေးများ အား အကန့်အသတ် နှင့် ပေးထားသည်၊ တချိန်တွင် ထိုအနေအထားမှ နိုင်ငံတကာ ငွေကြေး တခု အသွင် ကူးပြောင်းလာနိုင်သည်ဟု ယူဆချက်များ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖြစ်လာရန် မှာ အလှမ်းကွာနေဆဲပင် ဖြစ်သည်။
ဒေါ်လာသည်လည်း စင်းလုံးချော မဟုတ်ပဲ၊ အနူတော တွင် လူချော လုပ်နေနိုင်သည့် အနေအထားမျိုးသာ ဖြစ်သည်။
အကယ်၍ အခြား နိုင်ငံများ၏ စီးပွားရေး အင်အား ကြီးထွားလာလျှင်သော်၎င်း၊ ပိုမို ပွင့်လင်းသော စနစ် နှင့် ကမ္ဘာ၏ အရံငွေ အဖြစ် တာဝန်ယူလို စိတ် ရှိလာလျှင်သော်၎င်း၊ ဒေါ်လာ နေရာ တွင် အစားထိုး ဝင်ရောက်လာနိုင်ပေသည်။
တရုတ်သည် ထိုသို့ ဖြစ်လာရန် စိတ်ကူးရှိပြီး ဖြစ်သည်။ အမေရိကန်၏ စီးပွားရေး စီမံခန့်ခွဲမှု နှင့် တိုးတက်မှု အပေါ် စိုးရိမ်မကင်း ဖြစ်လာချိန်မျိုး တွင် လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။ အမေရိကန်၏ အကြွေးပမာဏသည် ပျမ်းမျှ တနှစ်လျင် တစ်တြီလီယံ နှုန်း ဖြင့် ရှိလာခဲ့ရာ ယခု အခါ ၂၂ တြီလီယံ အထိ ရောက်လာနေပြီ ဖြစ်သည်။
ထိုအနေအထား အတိုင်း ဆက်ဖြစ်နေမည်ဆိုက ဒေါ်လာ အပေါ် ယုံကြည်မှု များ ယိုင်နဲ့လာနိုင်ပေသည်။
ထိုပြင် အမေရိကန်သည် ဒေါ်လာကို လက်နက်အဖြစ် သုံးပြီး အစိုးရများ နှင့် လူပုဂ္ဂိုလ်များ အား ဘဏ္ဍာရေး အရ ဒဏ်ခတ်မှု များ တိုး၍ လုပ်လာနေသဖြင့် ဒေါ်လာ အစား အခြားငွေကြေး တမျိုးမျိုး ပြောင်းသုံးရန် စဉ်းစားလာကြတော့မည် ဖြစ်သည်။
ဥပမာ အားဖြင့် အမေရိကန်သည် အီရန် နှင့် ရယူထားသော နျူကလီယား သဘောတူညီချက်မှ နှုတ်ထွက်သွားသဖြင့် ဥရောပ နိုင်ငံများသည် အီရန် နှင့် စီးပွား ဆက်ဆံရာတွင် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ် မှု ကို ရှောင်ရှားနိုင်ရန် ဘဏ္ဍာရေး စနစ် တခုဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အောင်မြင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
ကမ္ဘာ စီးပွားရေး စနစ်အား စနစ်တကျ ချောချောမွေ့မွေ့ လည်ပတ်နိုင်ရန် ထပ်ဆောင်း၍ စီစဉ်လာခဲ့ကြသည်။ ကမ္ဘာတဝှမ်း ကူးလူးဆက်သွယ်မှု များ သည်ထက် များလာသည် နှင့် အမျှ ဘဏ်လုပ်ငန်းများ ကြီးကြပ်ရေး အတွက် Basel Committee၊ Financial Stability Board အစရှိသည့် အဖွဲ့အစည်း များမှ စည်းမျဉ်းများ ချမှတ်ပေးလာကြသည်။ သို့မှသာ နိုင်ငံ တနိုင်ငံ အတွင်း ဖြစ်ပွားလာသည့် ဘဏ္ဍာရေး ပြဿနာများသည် အခြား နိုင်ငံများသို့ ကူးစက်မလာနိုင်မည် ဖြစ်သည်။
၂၀၀၈ တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ ဘဏ္ဍာရေး အကျပ်အတည်း ကြီးသည် အဓိကအားဖြင့် အမေရိကန်၏ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ခြင်း ကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ အမေရိကန် စီးပွားရေး အချက်အချာ ကျမှု ကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံ အများအပြား ရိုက်ခတ်ခြင်း ခံခဲ့ရသည်။
ကမ္ဘာပေါ်ရှိ အစိုးရများက ၎င်းတို့၏ စီးပွားရေး စီမံခန့်ခွဲ ပိုင်ခွင့်ကို ကမ္ဘာ ဗဟိုဘဏ် ကဲ့သို့ သောနိုင်ငံတကာ အာဏာပိုင် အဖွဲ့အစည်း တရပ်ရပ် အောက်သို့ လွှဲပြောင်း မပေးလိုသရွေ့ ထိုကဲ့သို့သော ပြဿနာမျိုး ပေါ်ပေါက်နေဦးမည်သာ ဖြစ်သည်။