ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(11)

by Hla Soewai - Sep 30 2024

ကျွန်တော်သည် လက်ထဲက စီးကရက် ကို လွှင့်ပြစ်လိုက်ရင်း မောင်ရင် တို့ ခုထိ မသေသေပါဘူးလေ၊ ကိုယ့်စခန်းသာ ကိုယ် ပြန်ကြပါ ဟု ‌ပြောလိုက်သည်။

 

ပထမ မရိမ်းက ကျွန်တော့်အား နောက်တကြိမ် စေ့စေ့ ကြည့်လိုက်ပြန်ပြီး သူ့ နှာခေါင်း နှင့် ကျွန်တော့်မျက် နှာ ထိလုမတတ် ရှေ့တိုးလာရင်း မင်းက ဘာကောင်လဲ။

 

လက်ဖတင်နင် ဒါတော့ လွန် လွန်းပြီ ထင်တယ်ဟု ဘွန်က လှမ်းအော်လိုက်သည်။

 

မင်းမပြောရင် မင်း ဘာကောင်လဲဆိုတာ ငါပြောမယ် ဟု ဆိုကာ ကျွန်တော့် ရင်ဘတ်ကို သူ့လက်ချောင်း နှင့် တို့လိုက်သည်။

 

မင်းပြောစရာ မလိုပါဘူးလေ။

 

မင်းက မိမစစ် ဖမစစ် ကောင်လေ၊ သူ့စကားကို ကျန် မရိမ်း နှစ်ယောက်က သဘောကျ၍ ရယ်လိုက်ကြပြီး မိမစစ် ဖမစစ် ကောင်ဟု သံပြိုင် အော်လိုက်ကြသည်။

 

ကျွန်တော်က ခြောက်လုံးပြူးကို ဆွဲထုတ်လိုက်ပြီး သေနတ် ပြောင်းဝအား မရိမ်း၏ မျက်လုံး နှစ်လုံးကြား တေ့ထားလိုက်သည်။ သူ့ နောက်တွင် ရပ်နေကြသော မရိမ်း နှစ်ယောက်က ကြောက်လန့်တကြား နှင့် သူတို့ ရိုင်ဖယ်များ ထံ လက် ရောက်သွားသော်လည်း ထိုထက်ပို၍ လှုပ်ရှားခြင်းမျိုး မတွေ့ရ။ အရက်များ မူးနေကြသော်လည်း သူတို့ထက် ပို၍ တည်တည်ငြိမ်ငြိမ် ရှိသည့် ကျွန်တော် အဖေါ် များက ပို၍ လက်မြန်ခြေမြန် ရှိမည် ဆိုသည်လောက်တော့ စဉ်းစား နိုင်ပေသေးသည်။

 

မောင်ရင်တို့ အတော်မူးနေကြပြီ၊ ဟုတ်တယ် မဟုတ်လား လက်ဖတင်နင် ဟု ပြောလိုက်သော ကျွန်တော့် အသံသည် တုန်ခါနေမှန်း သတိထားမိလိုက်သည်။

 

ဟုတ်ပါတယ် ခင်ဗျ။

 

ကဲ..ဒါဆိုရင်တော့ မောင်ရင်တို့ကို ပစ်လို့ မဖြစ်တော့ဘူး။

 

ထိုသို့ ပြောနေစဉ်မှာ ပင် ဗုံးကွဲသံ ကို ကြားလိုက်ရ၍ စိတ်သက်သာရာ ရသွားမိသည်။ အားလုံး၏ ‌ဦးခေါင်းများက တိုင်ပင် ထားစရာ မလိုပဲ အသံလာရာဖက်သို့ ချာကနဲ့ လှည့်ကြည့်လိုက်ကြသည်။

 

အနောက် မြောက်ဖက် တွင် ဗုံးများ ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ 

 

လေဆိပ်ဖက်က ဖြစ်မယ်ဟု ဘွန်က ပြောသည်။ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးများ ဖြစ်မည်ဟု ဆိုသည်။ ဘွန် ၏ ခန့်မှန်းချက်သည် မလွဲလှပေ။ တအောင့်လောက် အကြာတွင် မီးခိုးလုံးကြီးများ တလိမ့်လိမ့် တက်လာနေသည်ကို လှမ်းမြင်ခဲ့ရသည်။

 

မြို့လယ် ခေါင် မှ လေဆိပ်တလျောက် ရှိ လက်နက်ကြီး၊ လက်နက်လတ်၊ လက်နက်ငယ်များ အားလုံး တပြိုင်တည်း စုပြုံ ပစ်ခတ်နေသည့်အလား ကောင်းကင်တွင် လိမ္မော်ရောင် အလင်းတန်းများ ယှက်ဖြာ ထွက်လာနေသည်။ လမ်းပေါ်ရှိ လူများလည်း အိမ်များထဲ ပြေးဝင်ကုန်ကြပြီး ပြတင်းပေါက်များကို ပိတ်ကုန်ကြသည်။

 

ကျွန်တော်လည်း ခြောက်လုံးပြူးကို ခါးပတ် အိတ်ထဲ ပြန်ထည့်လိုက်သည်။ မြင်ရ ကြားရသည်များ ကြောင့် အမူးပြေသွားပုံရသော မရိမ်း တပ်သားများလည်း သူတို့စီးလာသော ဂျစ်ကား ပေါ် ပြန်တက်ကုန်ကြသည်။ ထို့နောက် စကားတလုံးမျှ မပြောတော့ပဲ ကားကို မောင်းထွက်သွားကြသည်။ လမ်းတလျောက် ဥဒဟို မောင်းနေသော မော်တော်ဆိုင်ကယ် များကို ကွေ့ပတ် ရှောင်ရှားရင်း လမ်းဆုံ အရောက်တွင် ကားကို ရုတ်ခြည်း ထိုးရပ်လိုက်ပြီး ၎င်းတို့ လွယ်ထားသော M-16 ရိုင်ဖယ်များကို လက်ထဲ ပြောင်းကိုင်ကာ ကားပေါ်မှ အလုအယက် ခုန်ဆင်းလိုက်ကြသည်။ ပေါက်ကွဲသံများက ကြားနေရဆဲ ဖြစ်ပြီး လူများက လမ်းဘေး တွင် စုပြုံတိုးဝှေ့ သွားနေကြသည်။

 

မရိမ်းတပ်သားများက ဝါကျင့်ကျင့် လမ်းမီးရောင်‌ အောက်မှ နေ၍ကျွန်တော်တို့ ရှိရာဖက် စူးစိုက်ကြည့် နေသည်ကို တွေ့လိုက်ရ၍ ကျွန်တော်၏ နှလုံးခုံသံများ မြန်ဆန်လာသည်။ ထို့နောက် လက်ထဲရှိ သေနတ်များ နှင့် မိုးပေါ်သို ချိန်ရွယ်လိုက်ကြပြီး အော်ရင် ဟစ်ရင်း ဖြင့် ကျည်ကပ်ထဲ ကျည်တတောင့်မှ မကျန်သည့် အထိ ဆက်တိုက်ဆိုသလို ပစ်ခတ်လိုက်ကြသည်။

 

ကျွန်တော်၏ နှလုံးခုံသံများက မြန်သည်ထက် မြန်လာပြီး ကျောပြင်တလျောက် ချွေးများ အပြိုင်းပြိုင်း စီးကျလာနေသည်။ ကျွန်တော်လည်း အပေါင်း အသင်း များဖက်လှည့်ကာ ဟန်လုပ် ပြုံးပြလိုက်ရင်း စီးကရက် တလိပ်ကို ထုတ်ကာ မီးညှိသောက်လိုက်သည်။

 

ဘွန်က အိမ်တံခါးဝ များ အနီးတွင် ၎င်းတို့၏ သေနတ်သံများ ကြောင့် ကြောက်လန့်တကြားဝပ်တွားနေသော လူအုပ်ကြီးကို ကြည့်ပြီး ဉာဏ် မရှိတဲ့ အကောင်တွေဟု ရေရွတ်လိုက်သည်။

 

မရိမ်းများက ကျွန်တော်တို့ ရှိရာဖက် လှည့်ပြီး စိတ်ကြိုက် ‌ဆဲဆိုရေရွတ်ကာ ဂျစ်ကား ပေါ် ပြန်တက်ပြီး မောင်း ထွက်သွားခဲ့သည်။ ထို့နောက် မန်း လည်းကျွန်တော်နှင့် ဘွန်ကို နှုတ်ဆက်ပြီး သူစီးလာသည့် ဂျစ်ကား နှင့် ပြန်ထွက်သွားသည်၊ ကျွန်တော်လည်း လက်ထဲက ကားသော့ကို ဘွန်ထံ ပစ်ပေးလိုက်သည်။ 

 

ဗုံးကွဲသံ များ နှင့် သေနတ်သံများ ရပ်သွားပြီ ဖြစ်သည်။ ဘွန် သည် စီထရိုဂျင်ကို သူ့တိုက်ခန်း ရှိရာသို့ မောင်းလာခဲ့သည်။ ကား မောင်းရင် တလမ်းလုံး မရိမ်း များကို ဆဲဆို ရေရွတ်နေပြန်သည်။ ကျွန်တော်ကတော့ ဘာမှ မပြောပဲ နှုတ်ဆိတ်နေခဲ့သည်။ မရိမ်းတပ်သား များကို ယဉ်ကျေး သိမ်မွေ့သူများ ဖြစ်မည်ဟု အဘယ်သို့များ မျှော်လင့်ထား၍ ရပေမည်နည်း။ သို့သော် သေရေးရှင်ရေး နှင့် ကြုံလာသည့် အခါမျိုးတွင် သူ့ အလိုအလျောက် မှန်ကန်စွာ တုန့်ပြန် လှုပ်ရှား နိုင်သူ များ အဖြစ်တော့ အားကိုးရသူ များ ဖြစ်သည်။

 

ကျွန်တော်အား မိမစစ် ဖမစစ် ဟု ဆဲဆိုသည့် အခါ ကျွန်တော်သည် လက်ပါ မလို ဖြစ်သွားသည်မှာ မှန်သော်လည်း စိတ်ထဲက သိပ်ပြီး စိတ်မကောင်း ဖြစ်လှသည် တော့ မဟုတ်။ ဤသည်ကလည်း ထိုသို့ အခေါ်ခံရတာ များလာ၍ လည်း ဖြစ်မည် ထင်သည်။

 

သူတို့ ခေါ်သလို ကျွန်တော် ဖြစ်နေသည်တော့မဟုတ်။ ကျွန်တော် မိခင်သည် ဗီယက်နမ် အမျိုးသမီး တဦး ဖြစ်ပြီး ဖခင်သည် နိုင်ငံခြားသား တဦး ဖြစ်သည်။ ထို့အတွက်ကြောင့် လည်း ငယ်ငယ် ‌ကလေး တည်းက တစိမ်းတရံစာများ၊ အသိမိတ်ဆွေများက ထိုသို့ ခေါ်နေကျ ဖြစ်သည်။ တခါတရံတွင် ခေါ်ယုံမက တံတွေး နှင့် ပင် ထွေးသွား တတ်ကြသည်။ တံထွေး နှင့် အရင် ထွေး ပြီး မှ စောစောကလို ခေါ်သလို၊ ခေါ်ပြီးမှ တံထွေးထွေးသည် ဆိုသည် များသာ ကွာခြားပေသည်။