ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(7)

by Hla Soewai - Sep 05 2024

ဗိုလ်ချုပ်ကြီးသည် ထိုည က ပုလင်း ဝက်ခန့်သာ ကျန်တော့သော လက်ကျန် ဝီစကီ ပုလင်းကို ကိုင်ပြီး စကားစမြည် ပြောရန် ကျွန်တော့် အခန်းသို့ ပေါက်ချလာသည်။ ကျွန်တော်က ဘွန် နှင့် သူ့မိသားစု ကို ပါ ခေါ်ဖို့ ခွင့်တောင်းလိုက်သည်။ ဘွန် သည် ငယ်စဉ် ကျောင်းသားဘဝ ကတည်းက သွေးရင်းသားရင်း ညီအကိုလို သဘောထားခံ့သည့် ကျွန်တော့် သူငယ်ချင်း နှစ်‌ယောက်ထဲမှ တဦးလည်း ဖြစ်သည်။

 

နောက်တ‌ဦး က မန်း ဖြစ်သည်။ ကျွန်တော်တို့ သုံးဦးသည် အရွယ်ရောက်လာစဉ်တွင် လက်ဖဝါးမှ သွေးကို ဖောက်၍ သွေးချင်း ရောသွားရန် လက်ချင်းဆုပ်ပြီး တဦး အပေါ် တဦး သေတပန် သက်တဆုံး သစ္စာရှိသွားမည်ဟု သွေးသစ္စာ ပြုထားခဲ့သူ များ ဖြစ်သည်။

 

ကျွန်တော်၏ ပိုက်ဆံအိပ်ထဲတွင် ဘွန် နှင့် သူ့မိသားစုဓါတ်ပုံကို ထည့်ထားသည်။ ဘွန် မျက်နှာသည် ကြည့်ပျော်ရှုပျော် ရှိသူ တဦးအား သွေးချင်းချင်း နီအောင် ရိုက်နှက်ခံခဲ့ရသည့် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်သည်၊ တကယ်တော့ သူ့အား မည်သူကမျှ ရိုက်နှက်ခဲ့ဖူးခြင်း မရှိပဲ မွေးရာပါ ဘုရားသခင် ဖန်ဆင်းပေးသည့် ရုပ်ဆင်းအင်္ဂါသာ ဖြစ်သည်။

 

သူ၏ နားရွက်များသည် လေထီးလို စွင့်စွင့်ကားကားကြီး ဖြစ်နေပြီး မေးစိသည် လည်ပင်းထဲတွင် ခေါက်သိမ်းထားသလားဟု ထင်ရသည်။ နှာခေါင်းသည် ပြားနေပြီး သူ၏ နိုင်ငံရေး ခံယူချက်လို ညာဖက်သို့ အတော်လေး စောင်းနေသည်။ သူ ခေါင်းပေါ်က လေထီး စစ်သား ဆောင်း သံပုရာခွံ ဦးထုတ် နှင့် ဝတ်ထားသော မီးပူ ကော့နေအောင် တိုက်ထားသည့် ကျားအရေခွံ အရောင် စစ်ဝတ်စုံသည် ထိုအခြင်းအရာ များ ဖုံးဖိသွားအောင် မတတ်နိုင်ခဲ့။

 

သူ့ဇနီး ဖြစ်သူ လင်း ကို တော့ ကဗျာဆရာများက ကောက်ရိပ်သိမ်းချိန် ထွက်ပေါ်လာသော လမင်းကြီး နှင့် တင်စားကောင်း တင်စားကြလိမ့်မည် ဖြစ်သည်။ လမင်းကြီး ၏ လုံးဝိုင်း သော အသွင်သဏ္ဍန်ကို တင်စားခြင်း သာမက ဝက်ခြံ များ ရှိခဲ့ဖူး၍ ချိုင့်ခွက်များက လ ၏ မျက်နှာပြင်လို ကွက်တိ ကွက်ကျား ရှိနေသည်ကို လည်း ရည်ညွှန်းလို၍ ဖြစ်ပေမည်။

 

ထိုကဲ့သို့သော လူသားနှစ်ဦးက ဒပ် လို ချစ်စရာ ကောင်းလှသည့် ကလေးမျိုး အဘယ်သို့များ မွေးထုတ်နိုင်ခဲ့ကြပေသနည်း။ အနှုတ် လက္ခဏ ပါသော ကိန်းဂဏန်း နှစ်ခု မြှောက်လျှင် အပေါင်း လက္ခဏာ ထွက်သည်ဟူသော သဘောပေလော။ 

 

ဗိုလ်ချုပ်ကြီးက ဓါတ်ပုံကို လှမ်းပေးလိုက်ရင်းက ငါ အနည်းဆုံး လုပ်‌ ပေး နိုင်တာ ဒါပဲ ရှိတယ်၊ သူက လေတပ်က မဟုတ်လား၊ ငါတို့ စစ်တပ်သာ လေတပ်သား တွေ ချည်းပဲ ဆိုရင် ဒီစစ်ပွဲကို နိုင်တာ ကြာပြီ။

 

ယခု အခါ ဗိုလ်ချုပ်ကြီး ပြောသလို ဖြစ်ခဲ့လျင် ဆိုသည်က မရှိတော့၊ ဝိဝါဒ ဖြစ်ဖွယ် မရှိတော့သည့် အချက်က ဗိုလ်ချုပ်ကြီးသည် ကျွန်တော် အခန်းထဲရှိ ခုံစောင်းတွင် ဝီစကီ ထိုင်သောက်နေပြီး ကျွန်တော်သည်လည်း ပြတင်းပေါက်တွင် ရပ်ကာ ဝီစကီလေး ငုံရင်း အပြင်သို့ ငေးကြည့်နေသည် ဆိုသည်ပင် ဖြစ်သည်။

 

ခြံဝင်းထဲတွင် တော့ တပ်သားတဦး သည် မီးဟုန်းဟုန်း တောက်လောင်နေသည့် ငါးဆယ့်ငါး ဂါလန်ဆန့် စည်ကြီးထဲသို့ လျို့ဝှက်စာရွက်စာတမ်းများကို လက်ဖြင့် နိုင်သလောက် ဆုပ်ကိုင်ကာ ထည့်နေ၍ ညသည် ပူလောင်သည်ထက် ပူလောင်လာ‌ နေသည်။ ဗိုလ်ချုပ်ကြီးသည် ဖန်ခွက်ကို လက်က ကိုင်ရင်း ထိုင်နေရာက ထလိုက်ပြီး ကျွန်တော် အခန်းထဲတွင် ခေါက်တုန့် ခေါက်ပြန် လျှောက်နေသည်။ သူ့ကိုယ်ပေါ် တွင် အောက်ခံ ဘောင်းဘီတိုနှင့် စွပ်ကျယ် လက်ပြတ်ကိုသာ ဝတ်ထားသည်။ သူ၏ မေးဖျားတွင် ရိတ်ပြီးစ ထွက်လာသည့် မှုတ်ဆိတ်မွှေး‌ ရေးရေး များ တွေ့ရသည်။

 

ဗိုလ်ချုပ်ကြီးအား ယခုလို ပုံမျိုး ဖြင့် မြင်တွေ့ဖူးသူ ဟူ၍ အိမ်တော်ဝန်ထမ်းများ၊ မိသားစု နှင့် ကျွန်တော်သာ ရှိသည်။ အိမ်တော်သို့ ဧည့်သည်များ မည်သည့် အချိန် ရောက်လာသည် ဖြစ်စေ ခေါင်းကို ဆီရွဲနေအောင် လိမ်းပြီး မီးပူကျ ကာကီ ရောင် စစ်ဝတ်စုံကို ဝတ်ကာ ရင်ဘတ်ပေါ်တွင်လည်း ဘွဲ့အလိုက် ချီးမြှင့်ခံထားရသော ဖဲကြိုးများ အစီအရီ ရှိနေသည်မှာ အလှမယ် တဦး၏ ခေါင်းပေါ်တွင် တွေ့ရသည်ထက်ပင် များနေသည်။

 

ယခုည တွင် အပြင်ဖက်မှ ရံဖန်ရံခါ ထွက်‌ ပေါ်လာသည့် သေနတ်သံများက လွဲ၍ အိမ်တော်တခုလုံး တိတ်ဆိတ်နေသည်။ ဗိုလ်ချုပ်ကြီး၏ ပါးစပ်မှလည်း အမေရိကန်တို့သည် ကျွန်တော်တို့သာ သူတို့ ပြောသည့် အတိုင်း လုပ်ခဲ့မည် ဆိုလျှင် ကွန်မြူနစ် ဝါဒ မှ ကယ်တင်ပေးမည် ဟု မည်သို့ မည်ပုံ ကတိအထပ်ထပ် ပေးခဲ့သည် ဆိုသည်ကို ဗျစ်တောက် ဗျစ်တောက် ပြောနေပြန်သည်။

 

ယခု စစ်ပွဲကို စတင်ခဲ့သူများသည် အမေရိကန်များသာ ဖြစ်ပြီး၊ ယခုအခါ ငြည်းငွေ့လာ၍ ကျွန်တော် တို့အား ပစ်ထားခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောရင်း ကျွန်တော် ခွက်ထဲသို့ အရက် ငှဲ့ထည့် ပေးလိုက်ပြန်သည်။ တကယ်တမ်းတွင် ကျွန်တော်တို့ကို ကျွန်တော်တို့ အပြစ်တင်ယုံကလွဲ၍ မည်သူကို လွှဲချ၍ ရနိုင်ပေဦးမည်နည်း။ ကျွန်တော်တို့သာ အမေရိကန် တို့ သည် ပေးထားသော ကတိကို တည်မည့် သူများဟု ယုံကြည်ခဲ့ကြသည့် ကျွန်တော်တို့သာ မိုက်မဲသူများ မဟုတ်ပါလော။

 

ယခုအခါတော့ အမေရိကား မှ လွဲ၍ ပြေးစရာ မြေမရှိတော့။ အ‌မေရိကားသည် ယခုထက် ပိုဆိုးသော နေရာ ဖြစ်သည်ဟု ကျွန်တော်က ပြောလိုက်သည့် အခါ ဗိုလ်ချုပ်ကြီးက နောက်တကြိမ် ပြန်တိုက်ဖို့ အသက်ရှင်ခွင့် ရလျင်ပင် တော်သေးသည်ဟု ဆိုသည်။ လောလောဆယ်တော့ ကျွန်တော်တို့ အားလုံး ကောင်းကောင်းကြီး အနှပ်ခံခဲ့ရပြီ ဖြစ်သည်၊ ဒီလို အချိန် မျိုး အတွက် ဘယ်လို ပုံစံမျိုး နှင့် များ ဖန်ခွက်ချင်း တေ့ပြီး ချီယား လုပ်နိုင်ဦးမည်နည်း။

 

ခဏလောက် ကြာတော့ ပြောရမည့် စကား ခေါင်းထဲရောက်လာသည်။ ဖန်ခွက် ကို မြှောက်ပြီး ဒါတွေ့ မေ့နိုင်အောင် အမူး သောက်လိုက်ကြစို့ ဟု ပြောလိုက်သည်။

 

Damn right ဟု ဗိုလ်ချုပ်ကြီးက ပြန်ပြောသည်။

 

ကျွန်တော်လည်း အထက်ပါ အတိုင်း အဓိပ္ပါယ်ရသည့် blood in your eye ဆိုသည့် စကားကို ဘယ်က ဘယ်လို တတ်လာမှန်း မမှတ်မိတော့။ အမေရိကား တွင် နေခဲ့စဉ် အတွင်း တတ်လာခဲ့ခြင်း ဖြစ်မည်။

 

ဗိုလ်ချုပ်ကြီးလည်း အရာရှိ ပေါက်စ ဘဝက အမေရိကား သို့ ရောက်ဖူးခဲ့သည်။ ,၁၉၅၈ အတွင်း ဖို့ဒ် ဘင်နင်း တွင် လေထီးခုန် သင်တန်း တက်ရန် လ အနည်းငယ်ခန့် နေခဲ့ဖူးသည်၊ ထို လအနည်းငယ် အတွင်း မှာပင် သံပုရာခွံ ဦးထုတ်စိမ်းများက သူ့အား ကွန်မြူနစ် ဝါဒ ဆန့်ကျင်ရေး သဘောထားများကို ဦးနှောက်ထဲ သံမှိုစွဲ သလို စွဲနေအောင် ရိုက်သွင်းပေးခဲ့သည်။

 

ကျွန်တော်က တော့ အမေရိကန် တို့၏ ရိုက်သွင်းခြင်း မခံခဲ့ရ၊ ကျွန်တော်သည် အမေရိကန် တွင် ရှိနေစဉ် အသွင်ယူထားသော သူလျို ဖြစ်နေပြီး ဖြစ်၍ တဖက်က ပညာသင်ဆုရ ကျောင်းသား အဖြစ် ကျောင်းတက်ရင်း၊ တဖက်ကလည်း စပိုင် အဖြစ် လက်တွေ့ လေ့ကျင်စရာ ကွင်း အဖြစ် မှတ်ယူထားခဲ့သည်။

 

ကျွန်တော် တက်ရောက် သင်ကြားခဲ့သည့် Occidental ဟု အမည်ရသည့် ချောင်ကျ လှသည့် အရပ်ရှိ ကောလိပ်ကျောင်းလေးတွင် ဗီယက်နမ် လူမျိုး ဟူ၍ ကျွန်တော် တယောက်သာ ရှိသည်။

 

ကယ်လီဖိုးနီးယား တောင်ပိုင်းရှိ ထိုကောလိပ်ကျောင်း လေးတွင် ၁၉၆၀ ကျော် နှစ်များ အတွင်း ပူပြင်းလှသော နေရောင်အောက်တွင် ခြောက်နှစ် ကျော်ကာလ ကို ယစ်မူးစွာ ဖြတ်သန်းခဲ့သည်။