နိုင်ငံတကာ ရေးရာ မိတ်ဆက်(87)

by Hla Soewai - Sep 05 2024

ကမ္ဘာ ကုန်သွယ်ရေးစာချုပ် များသည် လယ်ယာ ထွက်ကုန်များ၊ ဝန်ဆောင်မှု လုပ်ငန်း များ ဖြစ်သည့် ဆောက်လုပ်ရေး၊ ဘဏ္ဍာရေး၊ စာရင်းကိုင် လုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ တွင် ရှိနေသော အတားအဆီးများကို လျော့ချနိုင်ရေး တွင် ထိရောက်မှု မရှိခဲ့၊ ထို့အပြင် ကုန်သွယ်ရေး အား ပုံပျက် ပန်းပျက် ဖြစ်စေသည့် အစိုးရများ၏ ငွေကြေးပံ့ပိုးပေးထားမှုများ၊ ငွေကြေး ကစားခြင်းနှင့် တီထွင် ဖန်တီးထားမှု များ အား ခိုးယူခြင်း များကိုလည်း လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပေ။

 

ထိုသို့ ထိထိရောက်ရောက် မလုပ်နိုင် ဖြစ်လာရသည့် အကြောင်းရင်းများထဲတွင် နိုင်ငံများသည် ‌ဒေသ အလိုက်၊ နိုင်ငံ ချင်း အလိုက် "ကျဉ်းမြောင်းသည့် အမြင်" အပေါ် အခြေခံထားသည့် ကုန်သွယ်ရေး စာချုပ် များ ချုပ်ဆိုလာခြင်း လည်း ပါဝင်နေသည်။

 

ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ် အတွင်း ထိုသို့သော စာချုပ်များသည် ဆယ်ငါးဆ တိုးလာသည်ဟု WTO စာရင်းများ အရ သိရသည်။ ၁၉၉၀ တွင် စာချုပ်ပေါင်း နှစ်ဆယ်သာ ရှိခဲ့ရာမှ၂၀၁၉ အစောပိုင်းကာလ တွင် သုံးရာခန့် အထိ ရှိလာခဲ့သည်။

 

အီးယူသည် အဖွဲ့ဝင် နိုင်ငံများ အတွက် ဒေသတွင်း ကုန်သွယ်‌ ရေး သဘောတူညီချက် မျိုး ဖြစ်၍ တစိတ်တပိုင်း အားဖြင့် နားလည် ပေး၍ ရသည်၊ မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါသည် မြောက်အမေရိကား ၏ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ကို ၁၉၉၄ တွင် ချုပ်ဆိုခဲ့ကြသည်။

 

ထိုစာချုပ် ဖြင့် စည်းကြပ်ခွန်များ လျော့ချခြင်း၊ ရင်းနှီးမြုပ်နှံမှု များ အဆင်‌ ပြေ ‌ ချောမွေ့စွာ စီးဝင်လာခြင်း၊ တီထွင် ထုတ်လုပ်မှု များ အကာအကွယ်ပေးခြင်း တို့ကို ပြုလုပ်ပေးနိုင်ခဲ့သည်။ ဤသို့ဖြင့် ဒေသတွင်း ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု အပိုင်းတွင် အကြီးအကျယ် တိုးချဲ့ နိုင်ခဲ့ပြီး သုံးနိုင်ငံ စလုံး အတွက် အကျိုး ဖြစ်ထွန်းလာခဲ့သည်။

 

အထူးသဖြင့် မက္ကဆီကို၏ စီးပွားရေး သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ပြည်တွင်း တွင် အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်ခဲ့သဖြင့် အမေရိကန် သို့ ဝင်ရောက် ခိုလှုံလာမည့် လူအရည်အတွက် လျော့ကျသွားစေခဲ့သည်။

 

သို့သော် ဒေါ်နယ် ထရန့် လက်ထက်၂၀၁၈ တွင် မြောက်အမေရိကား ၏ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အား တစိတ်တပိုင်း ပြန်လည် ပြင်ဆင်လာခဲ့သည်။ အမည်အားလည်း အမေရိကန် ပြည်ထောင်စု-မက္ကဆီကို-ကနေဒါ သဘောတူညီချက်ဟု ပြောင်းလဲ ခေါ်ဆိုခဲ့ပြီး ၂၀၂၀ အစောပိုင်းတွင် အမေရိကန် အစိုးရမှ ဥပဒေ အဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

 

အမေရိကား နှင့် အာရှ နိုင်ငံ ဆယ်တစ်နိုင်ငံ တို့သည်လည်း ပစိဖိတ် ဖြတ်ကျော် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု စာချုပ်အား ၂၀၁၈ တွင် စတင်ပြီး ဒေသတွင်း ကုန်သွယ်ရေး၊ လုပ်ငန်းခွင် အဆင့်အတန်း မြင့်မားရေး၊ ပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို တိုးချဲ့ မြှင့်တင် ရန် သဘောတူ ‌လာခဲ့ကြသည်။

 

အိုဘာမား လက်ထက်တွင့် ‌ဆွေးနွေးပြီး အဖွဲ့ကြီး ဖြစ်ပေါ်လာရေး ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော အမေရိကန်သည် ထရန့်လက်ထက် ၂၀၁၇ တွင် မပါဝင်တော့ဟု ဆုံးဖြတ်လာသည်။ ထို့အတွက် တရုတ် ၏ ကုန်သွယ်ရေး ပိုင်း မတော်မတရား လုပ်ရပ်များ၊ ၊ လုပ်ခွင့် အဆင့်အတန်း နှင့် တီထွင် ဖန်တီးမှု များ ခိုးယူနေခြင်းတို့ကို အမေရိကန် ဦးဆောင်ပြီး အုပ်စုလိုက် ဖိအားပေး ပြောင်းလဲလာအောင် လုပ်နိုင်မည့် အခွင့် အရေး ဆုံးရှူံးသွားခဲ့ရသည်။

 

ကုန်စည်များ တင်သွင်းနေ‌သော နိုင်ငံများ အတွက် ကုန်သွယ်ရေးသည် ကောင်းကျိုးများ ဖန်တီးပေးနိုင်သည်။ သွင်းကုန်များကို မိမိတို့ စိတ်ကြိုက် တင်သွင်း နိုင်၍ ‌ပစ္စည်းများ သည် အဖိုးနှုန်း ချိုချိုသာသာ နှင့် ဝယ်ယူခွင့် ရလာကြသည်။ သို့သော်လည်း လူ့အဖွဲ့အစည်း တခုလုံးနှင့် ခြုံကြည့်လျင် အနည်း နှင့် အများ ဆိုသလို ထိခိုက်မှု ရှိလာတတ်သည်။ သွင်းကုန် ပစ္စည်း တခုသည် ပြည်တွင်းတွင် လွန်စွာ လူကြိုက်များလာပါက အဆိုပါ ပစ္စည်းမျိုး ထုတ်လုပ်နေသော ပြည်တွင်း လုပ်ငန်းများ အန္တရာယ် ကျရောက်လာပြီး စက်ရုံများ ပိတ်သည်အထိ ဖြစ်လာက အလုပ်သမား များ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။

 

ထိုအခါမျိုး တွင် ကိုယ်ကျိုး စီးပွား ကာကွယ်သည့် ဝါဒ ဆွဲထုတ်လာတတ်ကြပြီး သွင်းကုန် အတွက် စည်းကြပ်ခွန် များကို တိုးမြှင့် ကောက်ခံလာကြသည်။ ထိုအခါ တွင်တော့ ယခင်က ဈေးချိုချို ဖြင့် ဝယ်ယူ နိုင်သော ကုန်ပစ္စည်းများအား ဈေးကြီးပေး၍ ဝယ်ယူလာကြရသည်။ အခြား ထုတ်ကုန်များ အတွက် လိုအပ်သော ကုန်ကြမ်း ဈေးနှုန်းများလည်း မြင့်တက်သွားခဲ့ရသည်။ 

 

သွင်းကုန် ခွန်များ မြှင့်တင်လိုက်ခြင်းကြောင့် အခြား နိုင်ငံများ ကလည်း အလားတူ လက်တုံ့ ပြန်လာနိုင်သည့် အတွက် ကုန်သွယ်ရေး စစ်ပွဲ ကြီး ဖြစ်ပွားလာနိုင်သည်။

 

ထိုသို့ ဖြစ်လာမည် ဆိုက နှစ်ဦး နှစ်ဖက် ဆုံးရှုံး သွားဖို့သာ ရှိပေတော့သည်။

 

ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူ ကို ကျင့်သုံးမည့်အစား အလုပ်ပြုတ်သွားသော အလုပ်သမားများကို ငွေကြေး ထောက်ပံ့ ကူညီခြင်း၊ အလုပ်သစ် ရှာနိုင်ကန် လက်တွေ့ သင်တန်းများ ပို့ချပေးခြင်းများ ဖြင့် အထောက်အကူ ပေးနိုင်သည်။

 

ပြည်ပ ကုမ္ပဏီ များက ဝင်ရောက်ယှဉ် ပြိုင်လာခြင်း၊ ကုန်ပစ္စည်း များအား ဈေးပေါပေါ နှင့် တင်သွင်းနိုင်ခြင်း အစရှိသည်များ ကြောင့် ကုမ္ပဏီများ ပိတ်ပစ်လိုက်ရခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်း တို့ မကြာခဏ ဆိုသလို ဖြစ်လာနိုင်၍ နစ်နာသွားသူများကို အထက်တွင် တင်ပြခဲ့သည့် အတိုင်းအထောက်အကူ ပေးနိုင်ရန် အဆင်သင့် ပြင်ထားဖို့ မရှိမဖြစ် လိုအပ်လာသည်။

 

ယခုအခါ တိုးတက်လာသော နည်းပညာ အသစ် အဆန်းများကြောင့် လူအင်အားနည်းနည်း နှင့် ကုန်ထုတ်လုပ်မှု ပမာဏ ကို တိုးမြှင့် လာနိုင်ခြင်း ကြောင့် ကုန်ပစ္စည်း များကို ယခင်ကထက် ဈေးနှုန်း ချိုသာစွာ ထုတ်လုပ် ရောင်းချ လာနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

 

ဉာဏ်ရည် တု နည်းပညာများ၊ စက်ရုပ်များ၊ မောင်းသူမဲ့ ယာဉ်များ အစရှိသည်တို့ ပေါ်ထွက်လာနေခြင်း ‌ကြောင့် အစိုးရများ နှင့် ကုမ္ပဏီ များ အဖို့ အလုပ်သမားများအား နည်းပညာ အသစ်များ နှင့် ထွက်ပေါ်လာသော အလုပ်များ ထံ ကူးပြောင်းနိုင်ရန် လေ့ကျင့်ပေးဖို့ ယခင်ကထက် ပို၍ အရေးတကြီး လိုအပ်လာသည်။ အလုပ်သမား များ အလုပ်တခု မှ တခု အကူးအပြောင်း စပ်ကူးမတ်ကူး ကာလ တွင် ကျန်းမာရေး ‌စောင့်ရှောက်မှု၊ ပင်စင် ရံပုံငွေများအားလည်း လိုအပ်က အလွယ်တကူ ရရှိအောင်လည်း စီစဉ်ထားရမည် ဖြစ်သည်။