နိုင်ငံတကာ ရေးရာ မိတ်ဆက်(83)

by Hla Soewai - Aug 29 2024

ပို့ကုန် သွင်းကုန် ပမာဏ ကို တိုင်းတာဖို့ ပို၍ ခက်ခဲလာနေသည်၊ ကုန်ပစ္စည်း တခု ကို အစ မှ အဆုံး လုံးလုံးလျားလျား ထုတ်လုပ်သော နိုင်ငံဟူ၍ မဆိုသလောက်သာ ရှိတော့ခြင်းကြောင့် ဖြစ်ပေသည်။ အများအားဖြင့် ကုန်ပစ္စည်း တခု ကို ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် အပိုင်းပိုင်း ခွဲထွက်လာသည်။ လိုအပ်သည့် အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများအား ကမ္ဘာတဝှမ်း မှ တင်သွင်းလာသည်။ တပ်ဆင်ထုတ်လုပ်ရေး အားလည်း အလားတူ နိုင်ငံ အများ အပြား တွင် လုပ်ကိုင်လာကြသည်။

 

လူစီးကား များ မှ သည် အိုင်ဖုန်း အထိ ကုန်ပစ္စည်း တိုင်းအား ထိုသို့ လုပ်ကိုင်လာကြသည်။ ကုန်ပစ္စည်း တမျိုး တည်းသည် နယ်ခြား တခု၊ သို့မဟုတ် အများ အပြားကို အခေါက်ခေါက် အခါခါ ကူးချည်သန်းချည် ဖြစ်လာသည်။ ထိုဖြစ်စဉ်အား Global supply chain ဟု ခေါ်သည်။ တခါတရံတွင် value chain ဟုလည်း ခေါ်သည်။ နယ်ခြားစည်း တခါ ကျော်ဖြတ် တိုင်း ပစ္စည်း တန်ဖိုး တက်လာ‌သော ကြောင့်လည်း ဖြစ်သည်။

 

အပြည့်အစုံ မပြီးစီးသေးသည့် ထုတ်ကုန်များ နှင့် ဝန်ဆောင်မှု လုပ်ငန်း ဝယ်ယူ နေခြင်းသည် လက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေး ပမာဏ၏ လေးပုံ သုံးပုံခန့် ရှိနေသည်။

 

ထိုသို့ ရှုပ်‌ ထွေး မှု များ ရှိနေသည့် အတွက် ပမာဏ အတိအကျ ကို စာရင်းကောက်ယူ ပြုစုဖို့ ခက်ခဲနေသည်။ ထို့အတွက် ကုန်သွယ်ရေး ပိုငွေ လိုငွေပြမှု ဆိုသည်က ရှိသင့်သည်ထက် သိသိသာသာ ကွာခြားလာသည်။ 

 

ကုန်ထုတ်လုပ်ငန်းစဉ် အဆင့်ဆင့် ရှိနေမှု ပေါ် မူတည်ပြီး နိုင်ငံတနိုင်ငံသည် ကုန်ပစ္စည်း တခုကို တရာ ရာခိုင်နှုန်း ထုတ်လုပ်သည်ဟု မှတ်ယူပြီး အပြီးသတ် ရောင်းချသည့် တန်ဖိုးကို ပို့ကုန် ပမာဏ အဖြစ် စာရင်းသွင်းကြ သော်လည်း တကယ်တမ်းတွင် ပစ္စည်းကို ကုန်‌ ချော ဖြစ် အောင် အပြီးသတ် တပ်ဆင် ထုတ်လုပ်‌ ပေးခြင်းသာ ဖြစ်ပြီး တန်ဖိုး၏ အစိတ်အပိုင်းတခု မျှသာ စိုက်ထုတ်ခဲ့ရသည်။

 

ကမ္ဘာပို့ကုန် ပမာဏ ၏ သုံးပုံ တပုံသည် ပြည်ပမှ လိုအပ်သည်များ တင်သွင်းပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ တွင် တပ်ဆင်ကာ အသုံးပြုခြင်းမျိုးသာ ဖြစ်သည်။

 

တကယ်တမ်းတွင် အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြနေမှု စုစုပေါင်း ပမာဏ ၏ ၃၀ ရာနှုန်း ခန့်သည် ရှိသင့်သည်ထက် ပို၍ တွက်ချက် ထားသလို ဖြစ်လာခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်၏ အမေရိကန်သို့ တင်ပို့နေမှုများ တွင် တတိယ နိုင်ငံများမှ ကုန်ကြမ်းများ၊ အစိတ်အပိုင်းများ မှာယူ ထုတ်လုပ်သည့် ပမာဏ ကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသောကြောင့် ပင် ဖြစ်သည်။

 

Global supply chain ထွက်ပေါ် လာခြင်းကြောင့် ကုန်သွယ်ရေး မူဝါဒ ပိုင်းတွင် ဂယက် ရိုက်ခတ်မှု များ ရှိလာသည်။ သွင်းကုန်များ အပေါ် အခွန် တိုးမြှင့် စည်းကြပ်ကောက်ခံလာခြင်းသည် ပြည်တွင်း လုပ်ငန်း အချို့ကို အကာအကွယ် ပေးလာနိုင်ခဲ့သော်လည်း အချို့လုပ်ငန်းများ အတွက် ကုန်ပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်သော အစိတ်အပိုင်းများ အတွက် တင်သွင်း စရိတ် ကြီးမြင့်လာပြီး ၎င်းတို့၏ ပြည်တွင်း ထုတ်ကုန်များသည် ဈေးနှုန်း မြင့်တက်လာရသဖြင့် ဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်း အားပျော့သွားခဲ့ရပြန်သည်။

 

အလားတူ အစိုးရများသည် ပို့ကုန် သမားများ ပြည်ပ ဈေးကွက်များ တွင် အသာစီး ရရန် ငွေတန်ဖိုး ကျအောင် ချပေးခဲ့သော်လည်း ပြည်ပမှ မရှိမဖြစ် တင်သွင်းနေရသော ကုန်ကြမ်းများ နှင့် အစိတ် အပိုင်းများကို တင်သွင်းနေရသော သွင်းကုန် သမား များ အတွက် တန်ဖိုးကြီးကြီး ပေး လာရ၍ ၎င်းတို့၏ ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာရသည်။

 

ထိုသို့ ဂယက်ရိုက်ခတ်မှု များ ရှိလာ၍ ဝါရှင်တန် တွင် အမေရိကန် စီးပွားရေးအား တရုတ်နှင့် နွယ်ယှက်နေမှု ကို ဖြတ်ချရန် အရေးတကြီး ဆွေးနွေး ပြောဆိုလာကြသည်။ သို့သော်လည်း လိုအပ်သော ကုန်ကြမ်းများ၊ အစိတ်အပိုင်းများ အပြန်အလှန် ဖလှယ် ပေးနေသော ရှုပ်ထွေးလှသည့် global supply chain ရှိနေပြီ ဖြစ်၍ လက်တွေ့ အကောင်အထည် ဖေါ်ဖို့ မလွယ်ကူပဲ ဖြစ်နေသည်။

 

နိုင်ငံ လုံခြုံရေး နှင့် ဆက်စပ်နေသော 5G နှင့် ဆီမီး ကွန်ဒပ်တာ များ ထုတ်လုပ်ရေး တွင် ထိခိုက်မှု များ ရှိနေ၍ ကမ္ဘာ စီးပွားရေး တွင် အင်အား အကြီးဆုံး နှစ်နိုင်ငံ အဖို့ မပတ်သက်အောင် နေ၍ မရ ဖြစ်နေသည်။

 

ပုံတွင် ဘိုးရင်း ၇၄၇ တစင်း ထုတ်လုပ်နိုင်ရန် လိုအပ်သော အစိတ်အပိုင်းများ ကမ္ဘာတဝှမ်းမှ မှာယူ တင်သွင်းနေရသည်ကို တွေ့နိုင်မည် ဖြစ်သည်။

 

ကုန်သွယ်ရေးသည် စီးပွားရေး ပိုင်းတွင် သာ အကျိုးရှိစေသည် မဟုတ်ပဲ မဟာဗျုဟာ ပိုင်းကိုသာ အားသာစေခဲ့သည်။ ဥပမာ အားဖြင့် ကုန်သွယ်ရေး ဖြင့် နိုင်ငံ အချင်းချင်း မဟာမိတ် အဖြစ် လက်တွဲလာစေခဲ့သည်။ သို့သော် မိမိတို့၏ ရန်ဖက် အဖြစ် သတ်မှတ်ထားသော နိုင်ငံများ နှင့် မဖြစ်မနေ ဆက်ဆံရမည့် အလားအလာ များလည်း ထွက်ပေါ်လာခဲ့သည်။

 

နှစ်နိုင်ငံ အကြား အကျိုးအမြတ် များစွာ ဖြစ်ထွန်းနေသော ကုန်သွယ်ရေး ရှိနေခြင်းကြောင့် ယင်းအား ပျက်ပြားသွားနိုင်သည့် လုပ်ရပ်များ နှင့် စစ်ဖြစ်ပွားဖို့ အရေး ကို အကြိမ်ကြိမ် အခါခါ စဉ်းစားရဖို့ ဖြစ်လာသည်။

 

ဥရောပ နိုင်ငံများ အချင်းချင်း၊ အတ္တလန်တိတ် ဖြတ်ကျော်၍ အမေရိကန် နှင့် ကုန်သွယ်မှု များ ရှိနေခဲ့မှု သည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာမည့် အရေး ကို ဟန့်တား နိုင်စွမ်း မရှိခဲ့ပေ။ သို့သော်လည်း ထိုသို့ မဖြစ်ပွားအောင် အတတ်နိုင်ဆုံး ထိန်းချုပ် ၍ ကြိုးပမ်းမှု များ တော့ ရှိခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ် မတိုင်မီ ဂျပန်သည် ရန်ဖက် ဟု သတ်မှတ်ထား သော နိုင်ငံများ နှင့် ကုန်သွယ်‌ ရေး အရ အပြန်အလှန် အကျိုး ဖြစ်ထွန်း‌ စရာ မရှိခဲ့၍ လည်း ရန်လိုသော အတွေး အခေါ် များ ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

လက်ရှိ တရုတ် နှင့် အမေရိကန် တို့ တနိုင်ငံ နှင့် တနိုင်ငံ အပြန်အလှန် မှီခိုနေရမှု များ ရှိနေခြင်းကြောင့် ရန်လိုသော အပြုအမူ များ ကို ချုပ်တည်း‌နေရခြင်းလည်း ဖြစ်ပေသည်။