ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(5)

by Hla Soewai - Aug 29 2024

တရားဝင်အနေနဲ့ နိုင်ငံက တော်တော်နဲ့ ထွက်ဖို့ အစီအစဉ် မရှိ‌ ‌‌ သေးတော့ လောလောဆယ် ရွှေ့ပြောင်း ကယ်ထုတ်ပေးတာမျိုး လုပ်ဖို့ မရှိသေးဟု ကလော့ဒ်က ပြောလာသည်။

 

ထိုအခါတွင်တော့ လူတဦးတယောက်ကို အသံမာမာ ထန်ထန် ပြောခဲလှသော ဗိုလ်ချုပ်ကြီး၏ ‌ဒေါသသည် ပေါက်ကွဲ ထွက်လာပေတော့သည်။ တရားမဝင် ကတော့ မောင်ရင်တို့ ကျုပ်တို့ကို ဖြစ်ချင်ရာဖြစ် ဆိုပြီး ပစ်ထားတာ မဟုတ်ဘူးလား၊ ‌လေဆိပ်ကနေ နေ့ရော ညရော လေယာဉ် တွေ တစီးပြီး တစီး ထွက်နေကြပြီ၊ ထွက်ခွင့် ဗီဇာရဖို့ အမေရိကန် နဲ့ အတူ တွဲလုပ်ခဲ့တဲ့ လူတိုင်း မောင်ရင်တို့ သံရုံးမှာ တရုန်းရုန်း နဲ့ ဖြစ်ကုန်ပြီ၊အမျိုးသမီးတွေ၊ ကလေး‌တွေ၊ မိဘမဲ့‌ တွေ အားလုံးကိုလည်း ရွှေ့ထားပြီးနေပြီ၊ အမေရိကန် တွေ ခုထိ ဘာကြောင့် မထွက်သေးတာလဲ ဆိုတာ မသိ‌တဲ့ လူတွေဆိုလို့ အမေရိကန်တွေပဲ ရှိတော့တယ်။

 

ကလော့ဒ် သည် ဗိုလ်ချုပ်ကြီး၏ စကားကို ရှက်ရွံရကောင်းမှန်း သိသည့် အသိတရားတော့ ရှိပုံရ ကြောင်း မျက်နှာတွင် ပေါ်လွင်‌ နေသည်။ သူက ကျွန်တော်တို့ ထွက်ဖို့ ရှိနေတယ် ဆိုတာ သိသွားရင် တမြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ပြီး လောလောဆယ် မထွက်နိုင်‌ သေးလို့ ကျန်နေသေးတဲ့ အမေရိကန် တွေပါ ရန်ရှာခံရနိုင်တယ်ဟု ပြောလာသည်။

 

ထိုသို့ အဖြစ်မျိုးက ဒါနန်း နှင့် နာထရန် ‌တွေ ကြုံခဲ့ရပြီး ဖြစ်သည်။ ထိုမြို့များမှ အမေရိကန် တို့ အသက်လု ထွက်ပြေးကုန်၍ ကျန်နေသည့် လူများ တဦးနှင့် တဦး ရန်ပြုကုန်ကြသည်။ ထိုသို့ ဖြစ်ခဲ့သည်များ ရှိ‌သော်လည်း ဆိုင်းဂုံသည် ထူးထူးခြားခြား ငြိမ်သက်နေဆဲပင် ဖြစ်သည်။ ဆိုင်းဂုံ မြိုသူ မြို့သားများသည် ပြိုကွဲလု ဆဲဆဲ အိမ်ထောင်ရေး အခြေအနေ နှင့် ရင်ဆိုင်နေရသော လင် နှင့် မယားလိုပင် တယောက်ယောက်က အိမ်ထောင်ရေး ဖေါက်ပြန်နေသည်ဟု တရားဝင် ထုတ်မပြောမလာမချင်း နေလို့ရသမျှ ဟန်မပျက် နေသွားချင် သလိုမျိုး ဖြစ်နေသည်။

 

တကယ်တမ်း ပြောရမည် ဆိုလျှင် ဆိုင်းဂုံ မြို့နေ လူ တသန်း နီးပါးသည် ရှူးဖိနပ် တိုက်ပေးသည့် အလုပ်မှသည် တနည်းမဟုတ် တနည်း လူတိုင်းလိုလို အမေရိကန် တို့ နှင့် ပတ်သက်နေကြသူများခြည်းသာ ဖြစ်နေသည်။ ဟမ်ဘာဂါ တခု လောက်နှင့်ပင် အမေရိကန် တို့၏ လိင်တံကို စုပ်ရန် ဝန်မလေးသူများလည်း ရှိနေသည်။

 

အတော်များများသည် ကွန်မြူနစ်များဖက်က အနိုင်ရသွားမည် ဆိုသည်ကို ယုံကြည်ရန် ငြင်းဆန်နေကြဆဲ ဖြစ်သော်လည်း အကယ်၍ နိုင်သွားခဲ့ပါက ၎င်းတို့ အတွက် အကျဉ်းထောင် သို့မဟုတ် ကြိုးစင်က အသင့် စောင့်နေမည် ဖြစ်သည့် အပြင် သမီးပျို များအားလည်း အရိုင်းအစိုင်း များ နှင့် အတင်းအကျပ် လက်ဆက်ပေးရတော့မည် အဖြစ် ရောက်လာတော့မည်ဟု သိထားကြသည်။ စီအိုင်အေက ကောလဟသများ ဖြန့်ထားပြီး ဖြစ်၍လည်း ထိုသို့ ဖြစ်လာနိုင်သည်ဟု ယုံကြည် လက်ခံထားကြခြင်း ဖြစ်သည်။

 

ကလော့ဒ်က ဗိုလ်ချုပ်ကြီး၏ ပေါက်ကွဲထွက်လာနေမှု ကို ဖြတ်ပြောလိုက်ရင်းက ဗိုလ်ချုပ်ကြီး အတွက် လေယာဉ် တစီး ရှိထားတယ်၊ ဒါကိုက ဗိုလ်ချုပ်ကြီးကိုယ် ဗိုလ်ချုပ်ကြီး ကံကောင်းတယ်လို့ ယူဆရမယ့် အနေအထားပဲ ဟု ပြောလိုက်သည်။ ဗိုလ်ချုပ်ကြီးကတော့ ဖြစ်အောင်လုပ်ပါဟု တောင်းဆိုခြင်းမျိုး တော့ မလုပ်၊ နှစ်ယောက်စလုံး ဖန် ခွက်ထဲရှိ ဝီစကီ လက်ကျန်ကို မော့သောက်လိုက်ပြီး ကလော့အား စူးစိုက်ကြည့်လိုက်ရင်း ဂွတ်ဘိုင်ဟု ပြောရင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။

 

အမေရိကန်တွေက မျက်လုံးချင်း ဆုံပြီး စကားပြောတာမျိုးကို သဘောကျတယ်ဟု ဗိုလ်ချုပ်ကြီးက တခါက ပြောခဲ့ဖူးသည်။ အထူးသဖြင့် ကိုယ့်ကို နောက်ကျောက ဓါးနဲ့ ထိုးခံရတယ်လို့ ယူဆနေတဲ့ အခါ မျိုး မှာ ဟု ဆိုသည်။ ကလော့ဒ်ကတော့ လက်ရှိ အနေအထားကို နောက်ကျော ဓါးနဲ့ထိုးနေသည်ဟု မယူဆ၊ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေက တော့ သူတို့ရဲ့ မိသားစု အရင်းအခြာ တွေ လိုက်လို့ရအောင်ပဲ ပြောတာဆိုတာမျိုး ရှိတယ်ဟု ပြန်ကာနီး ပြောသွားသည်။ ဒီလို အခြေအနေမျိုးတွင် ဘုရားသခင် နှင့် နိုရာ (သမ္မာန် ကျမ်းစာလာ ရေလွှမ်းမိုးမှု မှ ကြွင်းကျန် ရစ်‌ သော လူ့သားများ နှင့် တိရိစ္ဆာန် များကို ကယ်တင်ပေးခဲ့သူ) လူတိုင်းကို ကယ်တင်နိုင်မည် မဟုတ်။ ကယ်လို့ရသည် ဆိုစေဦး ကယ်တင်ကြမည်လည်း မဟုတ်ပေ။

 

ဘာလို့ မကယ်နိုင်တာလဲ၊ အဲ့တာနဲ့ ပတ်သက်ပြီးအဖေကကော ဘာပြောဦးမည်နည်း။ အဖေသည် ကက်သိုလစ် ဘာသာဝင် ဘုန်းကြီး တပါး ဖြစ်သည်။ အဖေသည် နိုရာ အကြောင်း တရားထဲ ထည့်ဟော သလား ဆိုသည်ကို ကျွန်တော် မမှတ်မိ၊ ကျွန်တော်သည် လက်ရှိ ကြုံတွေ့နေရမှုများ ကို မေ့ထားပြီး စိတ်ကူးယဉ်ချင်သည့် အခါမျိုးသာ တရားပွဲသို့ ခြေဦးလှည့် ဖြစ်ခဲ့သည်ကိုတော့ ဝန်ခံရမည်သာ ဖြစ်သည်။

 

ဘုရားသခင် နှင့် နိုရာတို့ ကယ်နိုင်သည်၊ မကယ်နိုင်သည် ဖြစ်စေ၊ ဗိုလ်ချုပ်ကြီး လက်အောက်ရှိ လူတိုင်းကတော့ အခွင့်ရမည် ဆိုလျှင် ၎င်းတို့၏ ဆွေမျိုးသားခြင်း များ အား ရာ နှင့် ချီ ၍ ကယ်တင်ကြလိမ့်မည်သာ ဖြစ်သည်။ ဆွေမျိုးများသာ မက လဘ် ယူပြီး စာရွက်ပေါ်တွင် ဆွေမျိုးလုပ်ပြီး ကယ်ထုတ်ကြပေဦးမည်။

 

ဗီယက်နမ် မိသားစု ၏ ဆွေမျိုး တော်စပ်ပုံသည် အစိတ်အပိုင်းများစွာ ဆက်စပ်နေ၍ ရှုပ်ထွေး ကျယ်ဝန်းပြီး နားလည်ရန် ခက်ခဲသည်ဟု ဆိုရမည် ဖြစ်သည်။ ကျွန်တော်သည် တဦးတည်းသော သားဖြစ်သည့်အပြင် မွေးလာကတည်းက အမေအား ‌ဆွေမျိုး များက ဝိုင်းပယ်ထားခဲ့ကြ၍ လားမသိ၊ တခါတရံ တွင် ဆွေမျိုး အသိုက်အဝန်းနှင့် နေရသည်ကို တောင့်တမိသည်။ အခုလို အချိန်မျိုး တွင်တော့ မတောင့်တမိတော့။

 

ကလော့ဒ် လာသည့် နေ့ ည ပိုင်းမှာပင် သမ္မတ သည် ရာထူး မှ နှုတ်ထွက်သွားသည်။ ကျွန်တော်က အာဏာရှင်များ ထုံးစံ အတိုင်း ပြီးခဲ့သည့် ရက်သတ္တပတ် ပေါင်း များစွာ ကတည်းက တိုင်းပြည်ကို စွန့်ထားခဲ့လိမ့်မည်ဟု ထင်ခဲ့မိသည်။

 

ကျွန်တော်လည်း အတူလိုက်ရမည့် လူစာရင်းကို ပြုစုနေရ၍ သူ့အကြောင်း ကြာကြာ မစဉ်းစား နိုင်၊ ဗိုလ်ချုပ်ကြီးသည် ဇီဇာကြောင်ပြီး အသေးစိတ် ဂရုထားတတ်သူ ဖြစ် ပြီး ခက်ခဲသော ဆုံးဖြတ်ချက်များ ကို ချမှတ်ရာတွင် ကျင့်သားရနေသူ ဖြစ်သည်။ ယခု လူစာရင်းပြုစုရမည့် တာဝန်ကိုတော့ ကျွန်တော့်ကို လွှဲပေးလာသည်။

 

နေ့စဉ်လို မနက်တိုင်း စစ်ကြောရေး စခန်းမှ လာသော အစီရင်ခံစာများ ဖတ်ရခြင်း၊ ပြီးလျှင် ပူးတွဲ စစ်ဦးစီးချုပ် ရုံး အစည်းအ‌ဝေး တက်ရခြင်း၊ ထို့နောက်တွင် ယုံကြည် စိတ်ချရသူများ နှင့် မြို့တော်ကို ဘယ်ပုံ ဘယ်နည်း ကာကွယ်လျင် ရနိုင်မည် ဆိုသည် ကို တယ်လီဖုန်း ဆက်၍ တိုင်ပင်ပြန်သည်။ တချိန်တည်း မှာပင် ပြေးဖို့ ဖြစ်လာလျင် ပြေးနိုင်အောင် ပြင်ဆင်ထားရမည့် အကြောင်းများလည်း ပါသေးသည်။

 

ပါတီပွဲများ ပစ်ကနစ် များ တွင် တွေ့ရသည့်သီချင်း ဖွင့်ထားစဉ် အစီအရီ ချထားသော ခုံများ ပတ်ပတ်လည် လမ်းလျောက်ပြီး သီချင်း ဆုံးသည်နှင့် လွတ်ရာခုံ အမြန် ဝင်ထိုင်ရသည့် ကစားနည်းလို ပတ်ဝန်းကျင်ကို မျက်‌ ခြေ မပြတ် ကြည့်တတ်ရမည့်အပြင် မိမိဘာလုပ်မည်ဆို သည့် ဗျုဟာမျိုးလည်း ခေါင်းထဲ ထည့်ထားတတ်ဖို့ လိုသည်။

 

ကျွန်တော် အဖို့က ညအချိန်မတော်အထိ စာရင်းပြုစုနေရ၍ သီချင်းကို အဖေါ်လုပ်ဖို့ လိုနေသည်။ ကျွန်တော့် အခန်းထဲရှိ ဆိုနီ ဖြင့် အမေရိကန် ရေဒီယို အသံလွှင့် ဌာန မှ လွှင့်နေသော Temptations အဖွဲ့၏ သီချင်းများ၊ ဂျာနစ် ဂျော့ပလင်၊ နှင့် မာဗင် ဂေး တို့၏ သီချင်းများက ဒီလိုညမျိုး အတွက် အသုံးတည့်နေသည်။