နိုင်ငံတကာ ရေးရာ မိတ်ဆက်(82)

by Hla Soewai - Aug 18 2024

ကုန်သွယ်ရေး နှင့် ရင်းနှီး မြုပ်နှံမှု 

 

နိုင်ငံတကာ အဆင့် တွင် ကုန်သွယ်ရေး ဆိုသည်အား နယ်ခြား ဖြတ်‌ ကျော်၍ စက်ရုံထုတ် ကုန်ပစ္စည်းများ၊ လယ်ယာ ထုတ်ကုန်များ ရောင်းခြင်း ဝယ်ခြင်း၊ အာမခံ၊ ဘဏ်လုပ်ငန်း များလို ဝန်ဆောင် မှု ပေးသည့် လုပ်ငန်းများ ဟူ၍ သတ်မှတ်ထားသည်။

 

မည်သည့် နိုင်ငံမျှ ကုန်ကြမ်း ပစ္စည်းများ လုံလုံလောက်လောက် မရှိကြ၊ စားကုန်သောက်ကုန် မှန်သမျှ လည်း ပြည်တွင်း တွင် လုံလုံ လောက်လောက် စိုက်ပျိုး နိုင်ခြင်းလည်း မရှိသည့် အပြင် လိုအပ်သော ကုန်ချော ပစ္စည်းများကိုလည်း လုံလောက်အောင် ထုတ်လုပ် နိုင်စွမ်း မရှိသဖြင့် လည်း ကုန်သွယ်ရေးသည် မရှိမဖြစ် လိုအပ်လာသည်။

 

ကုန်သွယ်ရေး နှင့် ပတ်သက်ပြီး အကောင်းအဆိုးသည် ညီမျှစွာ ဒွန်တွဲနေသည်။ ကုန်သွယ်ရေး ကြောင့် အလုပ်အကိုင် အချို့ ကွယ်ပျောက်သွားနိုင်၍ အချို့ ကုမ္ပဏီ များ နှင့် အလုပ်သမားများကို ထိခိုက် နိုင်သည်၊ တဖက်တွင်လည်း ကုန်သွယ်ရေး ကြောင့် အလုပ်အကိုင် အသစ်များ ထွက်ပေါ်လာပြီး နိုင်ငံတနိုင်ငံ လူနေမှု ဘဝ တခုလုံးကို မြှင့်တင်ပေးနိုင်သည်။

 

ဥပမာ အားဖြင့် လူဦးရေ သန်း ၁၀၀ ရှိသည့် နိုင်ငံတနိုင်ငံ ရှိသည် ဆိုကြပါစို့၊ ထိုနိုင်ငံအား ဖေါက်သည်များ သန်း ၁၀၀ ခန့် ရှိသည့် နိုင်ငံဟု ယူဆ၍ မရပေလော၊ လက်ရှိတွင် ကမ္ဘာ့ လူဦးရေ သည် ၈ ဘီလီယံ ခန့် ရှိနေပြီ ဖြစ်သည်။ 

 

ကုန်သွယ်ရေးသည် ကုန်ထုတ်လုပ်သူ များ လက်လှမ်းမီနိုင်သည့် ဈေးကွက် ပမာဏ အထိ ရောက်အောင် အံ့မခန်း ဆန့်ထုတ်ပေးနိုင် စွမ်း ရှိသည်။ ထိုကုန်ပစ္စည်း များ ထုတ်လုပ်သော ကုမ္ပဏီ များ တွင် လုပ်ကိုင်နေကြသော အလုပ်သမား များ အတွက် အကျိုးကျေးဇူး များ ထွက်ပေါ်လာသည်။ စာရင်းဇယား များကို ကြည့်မည် ဆိုလျှင် ပြည်ပသို့ ပို့ကုန် များ တင်ပို့ ရောင်းချ နေသည့် ကုမ္ပဏီ များရှိ အလုပ်သမား များ၏ လုပ်ခ နှုန်းထားသည် အတော်လေး မြင့်မားနေသည်ကို ‌တွေ့ရှိရမည် ဖြစ်သည်။

 

ကုမ္ပဏီ သည် ဈေးကွက် များ တိုး၍ ရှာဖွေလာနိုင်သည် နှင့် အမျှ ကုန်ထုတ်လုပ်မှု စရိတ်သည် ပျမ်းမျှ အားဖြင့်ဆိုက လျော့နည်း ကျဆင်းလာမည် ဖြစ်၍ ကုန်ပစ္စည်းများကို ဈေးပေါပေါ နှင့် ရောင်းချ လာနိုင်သည်။

 

ကုန်သွယ်ရေးသည် ကုန်ထုတ်လုပ်မှု တိုးတက်ရာ တိုးတက်ကြောင်း၊ စီးပွားရေး တိုးတက်မှု၊ နိုင်ငံ ဖွံ့ဖြိုး လာမှု နှင့် ဆင်းရဲတွင်း မှ ဆွဲထုတ်နိုင်အောင် မောင်းနှင် ပေးနိုင်သည့် အင်ဂျင်စက်ကြီး ပင် ဖြစ်သည်။

 

ကုန်သွယ်ရေး ဖြင့် ဝယ်ယူသူများ အလိုရှိရာ ကုန်ပစ္စည်း အမျိုးမျိုးကို ရရှိအောင် တိုးချဲ့ ပေးနိုင် သည်။ အမေရိကန် တွင် ကော်ဖီ နှင့် လ္ဘက်ခြောက် စိုက်ပျိုး ဖြစ်ထွန်းခြင်း မရှိသလောက် နည်းပါးသော်လည်း အမေရိကန် တို့ မနက် အိပ်ယာထ တိုင်း ကော်ဖီ သောက် နိုင်ကြသည်မှာ ကုန်သွယ်ရေး ကြောင့်ပင် ဖြစ်သည်။

 

အရည်အသွေး အကောင်းဆုံး၊ တီတွင် ဖန်တီး မှု အားကောင်းသော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ကို ကုန်သွယ်ရေး ကြောင့် လူအများ သုံးစွဲခွင့် ရခဲ့ကြသည်။ လုပ်အားခ ကို ‌ဈေးပေါပေါ ပေး၍ ရသော နိုင်ငံများမှ တင်ပို့သော ကုန်ပစ္စည်းများကို ဝယ်ယူသူ များ အနေဖြင့် အဖိုးနှုန်း ချိုသာစွာဖြင့် သုံးစွဲ နိုင်ခဲ့ကြသည်။

 

သွင်းကုန်များကြောင့်လည်း ပြည်တွင်း ထုတ်လုပ်သူများ အဖို့ အိုင်ဒီယာ အသစ် အဆန်းများ ရလာပြီးတီထွင် ဆန်းသစ် မှု အားကောင်းလာစေသည်။ ပြည်ပ ဈေးကွက် သို့ အပြိုင်အဆိုင် ထိုးဖောက်လာရ၍ မိမိတို့ ထုတ်ကုန်များ နှင့် ဈေးနှုန်းကို ယှဉ် နိုင်ရန် အမြဲ ကြံဆနေကြရသည်။

 

ထိုသို့ ယှဉ်ပြိုင်မှု တွင် အားသာစေမည့် သီအိုရီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်တွင် ဗြိတိသျှ ဘောဂ‌ ဗေဒ နှင့် နိုင်ငံရေး သိပ္ပံ ပညာရှင် ဒေးဗစ် ရီကာဒို ဆိုသူက စတင် ချပြလာခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ သီအိုရီ အရ နိုင်ငံတကာ ကုန်သွယ်ရေး ဖြင့် နိုင်ငံ တနိုင်ငံသည် ၎င်းတို့ ထုတ်လုပ်နိုင်သမျှ ကို ဈေးချိုချိူ နှင့် တင်ပို့ ရောင်းချ နိုင်ရန် ကောင်းသည်ထက် ကောင်းအောင် ထုတ်လုပ်လာကြပြီး မထုတ်လုပ် နိုင်သည်များကို တင်သွင်း နိုင်မည် ဖြစ်သည်။

 

ဤသို့ဖြင့် ဂျာမန် သည် ဓါတုပစ္စည်းများ၊ ဆော်ဒီသည် ရေနံ၊ ဆွစ်ဇာလန်သည် နာရီများ၊ ကနေဒါသည် သစ်များ၊ ဂျပန်သည် ကားများ၊ အမေရိကန်သည် စက်ပစ္စည်းများ၊ တရုတ်သည် အဝတ်အထည်များ တင်ပို့လာကြသည်။

 

နိုင်ငံ တနိုင်ငံသည် ၎င်းတို့ ထုတ်လုပ် နိုင်သည်များကို အကောင်းဆုံး ဖြစ်‌ အောင် ထုတ်လုပ် တင်ပို့လာကြခြင်းဖြင့် ကုန်သွယ်ရေးသည် အသက်ဝင်လာ ခဲ့သည်။ အရည်အသွေး မီအောင် ထုတ်လုပ် နိုင်စွမ်း မရှိသည် များကို အခြားနိုင်ငံများမှ တင်သွင်းနိုင်ခဲ့သည်။

 

နိုင်ငံတကာ ကုန်သွယ်ရေး ရေစီးကြောင်းတွင် ပါဝင်စီးမျောနေသည့် နိုင်ငံများသည် ကုန်သွယ်ရေး တွင် ပို‌ ငွေ ပြမှု များ ရှိလာခဲ့သည်၊ ဆိုလိုသည်က ထိုနိုင်ငံများ၏ ပို့ကုန် ပမာဏ သည် သွင်းကုန်ထက် မြင့်မား လာသည့် အခါမျိုး တွင် ဖြစ်သည်။ သွင်းကုန်သည် ပို့ကုန်ထက် များနေသည့် အခါမျိုးတွင် လိုငွေပြလာသည်။ ဤသည်ကို ကုန်သွယ်ရေး ရှင်းတမ်းဟု ခေါ်ဝေါ်ကြသည်။

 

နိုင်ငံတိုင်း ကုန်သွယ်ရေး တွင် ပိုငွေ ပြနေဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပေ၊ ကမ္ဘာတဝှမ်း ကုန်သွယ်မှု တွင် လိုငွေ ပြနေသည့် နိုင်ငံများ၊ ပိုငွေ ပြနေသည့် နိုင်ငံများ ရှိနေ၍ ဖြစ်သည်။ အချို့ နိုင်ငံများသည် တနိုင်ငံ နှင့် လိုငွေ ပြမှုများ ရှိသလို အခြား နိုင်ငံ တနိုင် ငံ နှင့် ပိုငွေပြနေသည်များလည်း ရှိနေသည်။

 

လိုငွေ ပြလာသည့် အကြောင်းရင်း များထဲတွင် နိုင်ငံ၏ ငွေကြေး တန်ဖိုး မည်မျှအထိ ခိုင်မာနေသည့် အချက်လည်း ပါဝင်နေသည်။ ငွေကြေး ခိုင်မာမှု ရှိသည့် နိုင်ငံသည် သွင်းကုန်များကို ဈေး‌ချိုချို ဖြင့် ရလာနိုင်၍ အများအပြား တင်သွင်းလာပြီး ၎င်းတို့၏ ပို့ကုန်များသည် ပို၍ ဈေးကြီးသွား၍ ဝယ်လို အား လျော့လာ သဖြင့် လိုငွေ ပြမှု များ ဖြစ်လာစေသည်။ 

 

ထို့ပြင် နိုင်ငံ တနိုင်ငံ ရှိ နိုင်ငံသားများသည် ငွေကြေး အားဖြင့် ဖူလုံလာသည့် အခါ စုဆောင်းထားမည့် အစား သုံးစွဲရန် အားသန်သည့် အတိုင်းအတာ ပေါ်လည်း မူတည်နေသည်။

 

အစိုးရ များသည် အခွန်အကောက်များကို အကြီးအကျယ် လျော့ချ ပေးပြီး နိုင်ငံသား များ အား လက်ထဲ ပိုလျံလာသော ငွေများ ပို၍ သုံးစွဲလာ‌‌ စေ ခြင်းဖြင့် တုန့်နှေးနေသော စီးပွားရေး တိုးတက်‌ အောင် တွန်းအားပေးလာသည့် အခါတွင် သွင်းကုန်များ အဝယ်လိုက်လာခြင်းကြောင့် လည်း ကုန်သွယ်ရေး လိုငွေ ပြမှုများ ဖြစ်လာရပြန်သည်။

 

လိုငွေ ပြမှုသည် ကုန်သွယ်ရေး တွင် တဖက်‌စောင်းနင်း နှင့် မျှမျှတတ ရှိ မနေခြင်း၊ ထို့ပြင် ငွေကြေး ကစားမှု မရှိခြင်း၊ သွင်းကုန်များကို အခြားနိုင်ငံများက လက်ခံသည့် ငွေကြေးမျိုး နှင့် ပေးချေ နိုင်ခြင်း အစရှိသည့် အနေအထားများ ရှိနေသရွေ့ စိုးရိမ်ဖွယ်ရာ မရှိပေ။

 

ထိုသို့ မဟုတ်ပါက သွင်းကုန်များကို ဖြတ်တောက် ပစ်ခြင်း၊ ပို့ကုန်များကို တန်ဖိုး မြှင့် ရောင်းချခြင်းတို့ ပြုလုပ် ရပေတော့မည်။