ဟန့်တား ကာကွယ် နိုင်စွမ်း ရှိသည့် စနစ်များ ဖြန့်ကျက် ချထားခြင်းမျိုး ဖြင့် နျူကလီယား ထိပ်ဖူးများ တပ်ဆင်ထားသော လေယာဉ်များ၊ ဒုံးကျည်များ ရည်ရွယ်ရာ ပစ်မှတ်များသို့ မရောက်အောင် ပြုလုပ်နိုင် ခြင်းသည် နျူလက်နက်များ ပြန့်ပွားမှု မရှိအောင် တားဆီး နိုင်သည့် နည်းလမ်း တမျိုးလည်း ဖြစ်သည်။
သို့သော်လည်း ထိုသို့ လုံးဝဥသုံ ထိထိရောက်ရောက်ကာကွယ်နိုင်သည့် စနစ် မျိုး တီထွင် ထုတ်လုပ်နိုင်ဖို့က နည်းပညာ ပိုင်းတွင် အခက်အခဲများ ရှိနေဆဲ ပင် ဖြစ်သည်။ အနည်းဆုံး ဒုံးကျည် တစင်း နှစ်စင်းခန့် ဖေါက်ထွက်လာနိုင်ပြီး ကြီးမားစွာ ထိခိုက်သေကြေ ပျက်စီး သွားနိုင်သည့် အန္တရာယ်က ရှိနေဆဲပင် ဖြစ်သည်။ ထိုအန္တရာယ် မျိုး မရှိအောင် ကာကွယ်နိုင်ဖို့ မည်သို့မျှ မဖြစ်နိုင်ပေ။
အကယ်၍ နိုင်ငံ တနိုင်ငံ မှ ထိုသို့ ကာကွယ်နိုင်စွမ်း ရှိလာသည် ဆိုစေဦး ကျန် နျူကလီယား နိုင်ငံများကလည်း ယင်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို မရမက တီထွင် ကြံဆလာကြတော့မည် လည်း ဖြစ်သည်။ သို့မှသာ ထိုနိုင်ငံများသည်လည်း စိတ်ချ လက်ချ နေနိုင်တော့မည် ဖြစ်၍ လက်နက် ပြိုင်ပွဲကြီး စတင်လာပေတော့မည်။
ထို့ပြင် နျူကလီယား မဟုတ်သော သမာရိုးကျ လက်နက်များ၊ နည်းလမ်းများ လည်း အသုံးပြုနိုင်သည်။ ဥပမာ ဆိုက်ဘာ မှ တဆင့် နျူကလီယား အဆောက်အအုံများ၊ ပစ္စည်းများ၊ လက်နက်များ အား လက်ဦးမှု ယူကာ ဖျက်ဆီးပစ်နိုင်ပေသည်။ ၁၉၈၁ တွင် အစ္စရေးသည် အီရတ်ရှိ နျူကလီယား စက်ရုံ နှင့်၂၀၀၇ တွင် ဆီရီယား ရှိ နျူကလီယား စခန်းများကို ကြိုတင်လက်ဦးမှု ယူကာ တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ဖူးပေသည်။
ထိုသို့ တိုက်ခိုက်မှု များ သည် ကုန်ကျစရိတ် အပြင် အန္တရာယ်လည်း များလှသည်။ ကြိုတင် လက်ဦးမှု ယူသည့် အနေဖြင့် တိုက်ခိုက်ဖျက်ဆီးသည် ဆိုသော်လည်း အကယ်၍ အလုံးစုံ ပျက်စီးသွားခြင်း မရှိပါက သုံး၍ ရနေသည့် လက်နက်များ ဖြင့် ချက်ခြင်းလို လက်တုန့်ပြန် တိုက်ခိုက် ခံရနိုင်ခြေ ရှိနေ၍ ပဋိပက္ခသည် ပို၍ ကြီးထွား ကျယ်ပြန့် သွားနိုင်ပေသည်။
ခြုံ၍ ကြည့်မည် ဆိုလျှင် နျူကလီယား လက်နက်များ ပြန့်ပွားမှု မရှိအောင် ဟန့်တားရေး ဆိုသည်က မဖြစ်နိုင် သလောက် ခက်ခဲသည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော် လျစ်လျုရှူထား၍ မရသည့် အချက်များလည်း ရှိနေပေသည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးကာနီး အမေရိကန် မှ ဂျပန် အား နျူကလီယား ဗုံးဖြင့် ပထမ ဆုံး အကြိမ် စတင် တိုက်ခိုက်ပြီး နှစ်ပေါင်း ခုနှစ်ဆယ် ကျော် အကြာ၊ သမ္မတ ဂျွန် အက်ဖ် ကနေဒီ မှ ၁၉၆၄ နှစ်ကုန် ပိုင်း လောက်တွင် နျူကလီယား ပိုင်ဆိုင်သည့် နိုင်ငံပေါင်း နှစ်ဆယ် ခန့် ရှိလာလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီး နှစ်ပေါင်း ခြောက်ဆယ် ကျော်လာသည့် ယခု အချိန်ထိ တကယ်တမ်း ပိုင် ဆိုင်သည့် နိုင်ငံ ဟူ၍ ကိုး နိုင်ငံသာ ရှိနေသေးသည် ဆိုသည်ပင် ဖြစ်သည်။
ဟီရိုရှီမား နှင့် နာဂါစကီ သို့ တိုက်ခိုက်ခဲ့ပြီး နောက်တွင် ယခု ထိ နျူ လက်နက်များကို အသုံးပြု ခဲ့ခြင်း မရှိသေးပေ။ ယူကရိန်း နှင့် တောင်အာဖရိက သည် နျူကလီယား ကို ၎င်းတို့ သဘောဆန္ဒ အလျောက် စွန့်လွှတ်ခဲ့ကြသည်။ ထို့ပြင် ဂျပန်၊ တောင်ကိုရီယား၊ တိုင်ဝမ် ကဲ့သို့ ထုတ်မည် ဆိုလျှင် ထုတ်လုပ်နိုင်စွမ်း ရှိသော နိုင်ငံများကလည်း လက်ရှောင်နေခဲ့ကြသည်။
စိန်ခေါ်မှု ကြီး အဖြစ် ဆက်၍ ရှိနေသည်က နျူကလီယား လက်နက်များ ပိုင်ဆိုင်ထားသည့် နိုင်ငံများမှ ၎င်းတို့ သိုလှောင်ထားသည်များကို လျော့ချ ပစ်နိုင်ရေး၊ အကန့်အသတ် နှင့် သာ ထားရှိရေး၊ မပိုင်ဆိုင်သေးသည့် နိုင်ငံများ ပိုင်ဆိုင်မှု ရှိမလာစေရေး တို့ဖြစ်သည်။ ထိုကဲ့သို့ စိန်ခေါ်လာမှုများသည် ယခုတိုင် လျော့ပါးသွားမည့် အနေအထားမျိုး မတွေ့ရသေးပေ။