နိုင်ငံတကာ ရေးရာ မိတ်ဆက်(65)

by Hla Soewai - May 06 2024

နျူကလီယား မပြန့်ပွားရေး စာချုပ် NPT အား နိုင်ငံအားလုံး မဖြစ်မနေ လက်မှတ်ထိုးစရာ မလို၍ အကန့်အသတ် ရှိနေသည်။ ထိုစာချုပ်အား နျူလက်နက်များ ပိုင်ဆိုင်ထားသော အိန္ဒိယ၊ ပါကစ္စတန် နှင့် အစ္စရေး တို့ ယခုထိ လက်မှတ် ရေးထိုးထားခြင်း မရှိသေးပေ။ ထိုစာချုပ် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်မည် ဆိုကလည်း ပြစ်ဒဏ် ပေးခြင်းမျိုးလည်း မရှိ၊ မြောက်ကိုရီယားသည် နောက်ပိုင်းတွင်စာချုပ်မှ နှုတ်ထွက်သွားသည့် အခါ ထိုအချက်ကို သိသာ ထင်ရှားစွာ တွေ့လာရသည်။

 

နျူကလီယား လက်နက်များ ပိုင်ဆိုင်ထားခြင်း မရှိသော နိုင်ငံများက ပိုင်ဆိုင်ထားသူများသည် စာချူပ် ပါ လက်နက်ဖျက်သိမ်းရေး အား ထိထိရောက်ရောက် တိုးတက်မှု ရှိအောင် ဆောင်ရွက်နေခြင်းမျိုး မရှိဟု မကြာခဏ ဆိုသလို ဝေဖန် ပြစ်တင်ခဲ့ကြသည်။ တကယ်တမ်းတွင် အမေရိကန် နှင့် ဆိုဗီယက် တို့ တွင် လက်ရှိ ရှိ‌ နေသော နျူ လက်နက်များ၏ အရည်အတွက်သည် စစ်အေး တိုက်ပွဲ အရှိန်အမြင့်ဆုံး ကာလ များ အတွင်း ၎င်းတို့တွင် ရှိနေသည့် လက်နက် ပမာဏ နှင့် ယှဉ်လျှင် အနည်းငယ်မျှ သာ ရှိပေသည်။

 

စာချုပ် အဖွဲ့ဝင် နိုင်ငံများသည် နျူကလီယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြု နိုင်ရေး အတွက် နည်းပညာ များ ပိုင်ဆိုင်ခွင့် ရှိသည်ဟု NPT တွင် ဖေါ်ပြထားသည်။ ယင်းသည်ကပင် နျူကလီယား မပြန့်ပွားရေး ကာကွယ်ရန် ဆိုသည့် အချက်နှင့် ဝိရောဓိ ဖြစ်လုနီးနီး အဆင့်သို့ ရောက်လာခဲ့ခြင်းဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့် ‌ဆိုသော နျူကလီယား ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်း များသည် နျူကလီယား စွမ်းအင်ကို ငြိမ်းချမ်းစွာ ထုတ်နှုတ် အသုံးချရန် အတွက် အလားတူ လိုအပ်နေသော ကြောင့် ဖြစ်သည်။

 

နောက်ထပ် ပြဿနာ ဖြစ်လာရသည်က IAEA မှ စစ်ဆေးရန် လိုအပ်သည့် အခါ အစိုးရများက ခွင့်ပြုသည့် နေရာများကိုသာ စစ်ဆေးခွင့် ရှိနေခြင်း ဖြစ်သည်။ ဤသည်က လူသား ပီပီ အမြဲလိုရိုးဖြောင့်မှူ မရှိတတ်သည့် ကမ္ဘာကြီး တွင် ကျင့်ဝတ် သိက္ခာ နှင့် အညီ ပြုကျင့်ရမည် ဟု ပြဋ္ဌာန်း ပေးထားခြင်းမျိုး ဖြစ်နေသည်။

 

နျူကလီယား မပြန့်ပွားရေး အတွက် NPT တခုတည်းသာ မဟုတ်၊ အခြား အခြားသော မူဝါဒများ၊ ဟန့်တား ထားသည့် အရာများလည်း ရှိနေပြန်သည်။ လုံခြုံရေး အာမခံချက်ကဲ့သို့သော မူဝါဒများသည် အပြုသဘော ဆောင်သည်၊ ဥပမာ အားဖြင့် အမေရိကန်သည် ၎င်း၏ မဟာမိတ်များ ဖြစ်သော ဂျပန် နှင့် တောင်ကိုရီယား အား "နျူကလီယား ထီး" ဖြင့် မိုးပေးပြီး အကာအကွယ် ပေးထားခြင်းမျိုး ဖြစ်သည်။ သို့ဖြစ်၍ ထိုနိုင်ငံများသည် နျူကလီယား လက်နက်များအား ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရန် မလိုအပ်တော့ပေ။

 

နျူကလီယား ပြန့်ပွားမှု အား ကာကွယ်ရန် သို့မဟုတ် နှေးကွေးသွားရန် ဟန့်တားနိုင်သည့် မူဝါဒ အများစုသည် အနှုတ် လက္ခဏာ ပြ‌နေသည်က များပေသည်၊ ယင်းသည် အစိုးရများအား နျူကလီယား လက်နက်များ ထုတ်လုပ်ရန် လိုအပ်နေသော ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူ ရေး တွင် ခက်ခဲအောင် လုပ်ထားခြင်း မျိုး ဖြစ်သည်။ ထိုကဲ့သို့ ပစ္စည်းများ ထောက်ပံ့ပေးနိုင်သည့် ကုမ္ပဏီများကို အုပ်စု များ ဖွဲ့ပေးထားပြီး နည်းပညာနှင့် စနစ်များ တင်ပို့ရောင်းချခြင်း မရှိရန်၊ တရားမဝင် တင်ပို့မှုများကို ကြားဖြတ် ဟန့်တား ပေးရမည် ဖြစ်သည်။

 

အစိုးရများသည်လည်း ယူရေနီယမ်များ သန်စင်ရာတွင် သုံးသော centrifuge ခေါ် ဒလက်ကြီးများအား မောင်းနှင်သော ကွန်ပြူတာ စနစ်များအား ဆိုက်ဘာ နည်းပညာ ဖြင့် ဝင်ရောက် နှောက်ယှက် ဖျက်ဆီး တတ်ကြသည်။ ထို့အပြင် နျူကလီယား စွမ်းအင် ထုတ်လုပ်ရန် လိုအပ်သော ဓါတ်ပေါင်းဖိုများအားလည်း လက်နက် ထုတ်လုပ်ရေးဖက် လွှဲပြောင်း အသုံးမချ နိုင်အောင် စွမ်းအင် သီးသန့် ထုတ်လုပ်ပေးနိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိနေသည်။

 

နျူကလီယား စွမ်းအင် အသုံးပြု သော နိုင်ငံများသည်လည်း အသုံးပြုပြီးသား လောင်စာများကို ပြင်ပသို့ သယ်ဆောင် စွန့်ပစ်ရန် တာဝန်ရှိ‌ နေသည်။ သို့သော် နျူလက်နက်များ ထုတ်လုပ်ရေး အတွက် ခိုးကြောင်ခိုးဝှက် ပြန်၍ အသုံးမချ နိုင်အောင် အစီအမံများ ပြုလုပ်ပေးထားရသည်။

 

နျူကလီယား နည်းပညာ သို့မဟုတ် ပစ္စည်းများ ဖြန့်ဖြူးပေး နိုင်သည့် ကုမ္ပဏီများ နှင့် လက်ခံရယူသည့် နိုင်ငံများအားလည်း စည်းမျဉ်းများ ချိုးဖောက်ပါက ဒဏ်ခတ် အရေးယူမည့် အစီအမံများနှင့်လည်း ခြိမ်းခြောက်ထားပြီး ဖြစ်သည်။

 

အထက်တွင် ဖေါ်ပြထားပြီး ဖြစ်သည့် ဒေါင်လိုက် ပြန့်ပွားရေး နည်းလမ်းအား နှေးကွေးသွားရန်၊ ပြောင်းပြန်လှန်ပစ်နိုင်မည့် လက်နက် ထိန်းချုပ်ရေးဆိုသည် များလည်း ရှိသည်၊ အထူးသဖြင့် အမေရိကန် နှင့် ဆိုဗီယက်တို့ အကြား ဖြစ်သည်၊ အီရန် ကဲ့သို့ အလျားလိုက် ပြန့် နှံ့ခြင်းကိုလည်း ကာကွယ်ရန် ထိန်းချုပ်ထားမှု များလည်း ရှိနေသည်။

 

ဤနေရာတွင် မကြာမီက အီရန်မှ ထိုသို့ ပိုင်ဆိုင်ရန် ကြိူးပမ်းခဲ့သည့် သမိုင်းကြောင်းကို ထုတ်နှုတ် တင်ပြရန် လိုအပ်လာသည်။ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ရုရှား နှင့် ဂျာမဏီတို့မှ အီရန်၏ နျူကလီယား နှင့် ပတ်သက်၍ လှုပ်ရှားနေမှု များ အပေါ် ကန်သတ်လာမှု များအား လက်ခံလာအောင် စီးပွားရေး ပိတ်ဆို့မှု များ နှင့် ဖိအားပေးလာခဲ့သည်။

 

အဆိုပါ ကန့်သတ်ချက်များအား အီရန်မှ ယာယီ ရပ်ဆိုင်းရန် သဘောတူခဲ့‌၍ ၂၀၁၅ တွင် အလုံးစုံ ပူးတွဲ ဆောင်ရွက်မှု အစီအမံ Joint Comprehensive Plan of Action (JCPOA) ဖြင့် လောင်စာများ ထုတ်လုပ်မှု ကို ကန့်သတ်ပေးနိုင်ခဲ့သည်။ အပြန်အလှန် အနေဖြင့် အီရန်အား ပိတ်ဆို့ ဒဏ်ခတ်မှု အများစု အား ဖယ်ရှားပေးခဲ့သည်။

 

အီရန်သည် သဘောတူညီချက်ကို လိုက်နာပေးခဲ့သည်။ သို့သော် ၂၀၁၈ ဒေါ်နယ်ထရန့် သမ္မတ သက်တမ်း အတွင်း အီရန် မှ ထိန်းချုပ်ပေးထားရမည့် သက်တမ်းသည် လွန်စွာ တိုတောင်းနေသည့် အပြင် အီရန် တွင် ရှိနေသည့် တာဝေးပစ် ဒုံးကျည် ပြဿနာ နှင့် အရှေ့အလယ်ပိုင်း တွင် ဝင်‌ နှောက် နေမှု များ ကိုလည်း ကိုင်တွယ်ခဲ့ခြင်း မရှိ ဆိုသော် အကြောင်းပြချက်များဖြင့် စာချုပ် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။

 

အီရန်သည် တဖက်ပွင့် ကတိကဝတ် မျိုး ဖြစ်သည့် နျူကလီယား လက်နက်များ ထုတ်လုပ်ခြင်း၊ ရယူရန် ကြိုးစားခြင်း မပြုပါဟု သဘောတူခဲ့သည်။ သို့သော် အရေးပါသည့် လုပ်ငန်း ရပ်များ ဖြစ်‌ သော သန့်စင်ပြီး နျူကလီယား လောင်စာ ဖြစ်သည့် ယူရေနီယံ အား ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းများကို ၂၀၂၅ သို့မဟုတ် ၂၀၃၀ အထိ မပြုလုပ်ရန် သာ ကန့်သတ်နိုင်ခဲ့သည်။ ထို‌ နောက်တွင် အီရန်သည် ချက်ခြင်းဆိုသလို နျူကလီယား လက်နက်များ ထုတ်လုပ်နိုင်စွမ်း ရှိလာနိုင်ပြီး ကမ္ဘာကြီးသည်လည်း လက်လွန်သွားပြီ ဆိုကာ လက်ခံရတော့မည် သာ ဖြစ်သည်။

 

အီရန်သည် ယခုအခါတွင် နျူကလီယား လက်နက်များ ပိုင်ဆိုင်ရန် ဆက်၍ ကြိုးစားမည်လော၊ ထိုသို့က ကမ္ဘာကြီးသည် မည်သို့ တုန့်ပြန်လာမည်နည်း ဆိုသည်က သဲသဲကွဲကွဲ မသိနိုင်သေးပေ။