နျူကလီးယား ပြန့်ပွားလာမည့် အန္တရာယ်
Proliferation ဆိုသည့် တဟုန်ထိုး တိုးပွားလာခြင်းသည် လူ့ခန္တာကိုယ် အတွင်းရှိ ဆဲလ် များ မှသည် အိုင်ဒီယာ များ ထိ ပျံ့ပွားလာနိုင်သည့် မည်သည့် အရာမဆို ရည်ညွှန်းရာတွင် သုံးနှုံးသော အင်္ဂလိပ် ဝေါဟာရ ဖြစ်သည်။ သို့သော် နိုင်ငံခြားရေး မူဝါဒ နှင့် နိုင်ငံတကာ ဆက်ဆံရေး ပိုင်းများ တွင်မူ အဆိုပါ ဝေါဟာရ အား စစ်ရေး နည်းပညာ နှင့် စနစ်များ ပျံ့နှံ့ လာခြင်း မျိုးတွင် သုံးစွဲလာခဲ့ကြသည်။
အထူးသဖြင့် လူ့အသက် အိုးအိမ်များ အကြီးအကျယ် ပျက်စီး ဆုံးရှုံးစေနိုင်သည့် လက်နက်များ Weapons of Mass Destruction (WMD) အမျိုးအစား တွင် ပါဝင်သည့် နျူကလီယား၊ ဓါတု နှင့် ဇီဝလက်နက်များ၊ ၎င်းတို့အား ထည့်သွင်း တိုက်ခိုက်ရန် သုံးသည့် ပဲ့ထိန်းတပ် ဒုံးကျည်များ ကို ရည်ညွှန်းရာတွင် အသုံးပြု ခေါ်ဝေါ်ခဲ့ကြသည်။ အဆိုပါ လက်နက်များ မပျံ့ပွား စေရန် ဟန့်တားရာ တွင် သုံးသည့် မူဝါဒ များ နှင့် နည်းလမ်း များ ကို မပျံ့ပွားရေး non-proliferation ဟု ခေါ်ဝေါ် သုံးနှုံးခဲ့ကြသည်။
မူအားဖြင့် ဆိုမူ နိုင်ငံများသည် WMD လက်နက်များကို ဒေါင်လိုက် သို့မဟုတ် အလျားလိုက် နည်းလမ်း နှစ်သွယ် ဖြင့် ပျံ့ပွားအောင် လုပ်နိုင်စွမ်း ရှိနေသည်။ဒေါင်လိုက် နည်းလမ်း ဆိုသည်ကား နိုင်ငံများသည် ၎င်းတို့ လက်ရှိ ရှိနေပြီးသား နျူကလီယား လက်နက်များ တိုးပွားသည်ထက် တိုးပွားအောင် စုဆောင်းခြင်း၊ ခေတ်မီ အောင် ပြုလုပ်ခြင်း ပင် ဖြစ်သည်။ ယင်းအား စစ်အေး တိုက်ပွဲ ကာလ အတွင်း အမေရိကန် နှင့် ဆိုဗီယက် တို့ လုပ်နေကျ နည်းလမ်းလည်း ဖြစ်သည်။ ယခုအခါ နျူလက်နက် များ ပိုင်ဆိုင်လာသည့် နိုင်ငံ ပေါင်း ကိုး နိုင်ငံ ရှိလာပြီး ထိုသို့ စုဆောင်းခြင်း၊ ခေတ်မီအောင် ပြုလုပ်ခြင်း ဆိုသည့် ဒေါင်လိုက် နည်း ကို အသုံးပြု နေကြသည်။
အလျားလိုက် နည်း ဆိုသည်က နိုင်ငံ တနိုင်ငံ သို့မဟုတ် အုပ်စုတစုသည် နျူလက်နက်များ၊ ဓါတု လက်နက်များ နှင့် တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်လာအောင် ပြုလုပ်ခြင်း မျိုး ကို ခေါ်ဆိုသည်။ နျူကလီယား ပျံ့ပွားခြင်းဟု ဆိုလျှင် အများစုသည် အလျားလိုက် နည်းလမ်းကို ပြောဆိုတတ်ကြသည်။
နျူကလီယား ပျံ့ပွားလာခြင်းသည် စိုးရိမ်စရာ မဟုတ်၊ ကြိုဆိုရမည် ဆိုသော ယူဆထားမှု များလည်း ရှိလာခဲ့သည်။ နျူကလီယား လက်နက်များ ပိုင်ဆိုင်လာခြင်းကြောင့် စစ်အေးတိုက်ပွဲ မှ စစ်ပူ ကြီး အဖြစ် ကူးပြောင်း မသွားအောင် ထိန်းသိမ်းပေး နိုင်သည်ဟူသော ယုံကြည်မှု မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့ သော် နျူလက်နက် များ ပျံ့ပွားလာမည်ဆိုက ပဋိပက္ခများသည် နျူကလီယား စစ်ပွဲကြီး အဖြစ် ကူးပြောင်းသွားနိုင်၍ ထိုအရေး ကို သတိဝိရီယ ကြီးစွာ ဖြင့် ထိန်းသိမ်း ကိုင်တွယ်သွားရမည်ဟု လက်ခံထားကြသည်။ ဆိုဗီယက် နှင့် အမေရိကန် အကြား စစ်ပွဲကြီး ဖြစ်မလာခဲ့သည်က သက်သေပြနေသည်ဟု ဆိုသည်။ ယခု အခါ အိန္ဒိယ နှင့် ပါကစ္စတန်၊ တရုတ် နှင့် ဂျပန်၊ အစ္စရေး နှင့် အီရန် အကြား ငြိမ်းချမ်းရေး ကို ထိမ်းသိမ်း ပေးနိုင်ခဲ့သည်။
ဤသည်ကိုကြည့်၍ အချို့သော သုတေသီ များ က ကျိုးကြောင်း ဆီလျော်ဟန် ရှိသော်လည်း (အလွန်အကျွံ) ကောက်ချက်ချခဲ့သည်၊ ၎င်းတို့မှ ယခုထက် ပို၍ နိုင်ငံမျာသည် နျူလက်နက်များ ပိုင်ဆိုင်ကြမည် ဆိုက ကမ္ဘာကြီးသည် ပို၍ တည်ငြိမ်ပြီး ငြိမ်းချမ်းမှု ရလာလိမ့်မည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် နျူကလီယား ရှိ နိုင်ငံ တနိုင်ငံ မှ အခြား နျူ ကလီယား နိုင်ငံ တနိုင်ငံအား လက်တုန့်ပြန်ခံရမည် စိုး၍ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်။
ဤသည်က လူနည်းစု၏ အမြင်ဟု ပြော၍ ရသည့် အကြောင်းပြချက် ကောင်းများ ရှိနေသည်။ နျူလက်နက်များ ပိုင်ဆိုင်သော နိုင်ငံများ ထပ်၍ တိုးလာမည် ဆိုက ကမ္ဘာကြီးသည် ပို၍ တည်ငြိမ်မှု ကင်းမဲ့ကာ အန္တရာယ်များလာမည် ဖြစ်သည်။ ပဋိပက္ခများ ဖြစ်ပွားလာသည့် အခါ လူအစုလိုက် အပြုံလိုက် သေကြေနိုင်သည့် လက်နက်များ သုံးလာပြီး လွန်စွာ ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းသည့် အကျိုးဆက်များ ထွက်ပေါ်လာပေလိမ့်မည်။
စစ်အေး တိုက်ပွဲကာလ အတွင်း ရှိထားခဲ့သည့် ဟန့်တားထားနိုင်သည့် အခြေအနေများ ဖန်တီးထားနိုင်မှသာ ဖြစ်ပေမည်။ နျူလက်နက် ပိုင် နိုင်ငံ တနိုင်ငံသည် ဦးစွာ ပထမ တိုက်ခိုက်ဖို့ ဆိုသည်က ပြန် ၍ လက်တုန့်ပြန့် ခြင်းကို ကာကွယ်နိုင်အောင် နှင့် တဖန်ပြန်၍ တိုက်ခိုက်နိုင်အောင် လက်နက် အင်အား တောင့်တင်း ခိုင်မာ နေဖို့ လိုအပ်လာနေ၍ ထိုသို့ လုပ်ရန် ဆွဲဆောင်နိုင်စွမ်း မရှိ ဖြစ်နေကြသည်။
ထိုသို့ အနေအထားမျိုး မရှိက နျူကလီယား လက်နက်များ ပိုင်ဆိုင်ထားသော နိုင်ငံ နှစ်နိုင်ငံ အကြား အင်အား ချိန်ခွင်လျှာသည် တဖက် စောင်းနင်း ဖြစ်ကာ တဖက်မှ လက်ဦးမှု ယူ တိုက်ခိုက်ခံရဖို့ ရှိလာသည်။ ယင်းအား ကြိုတင်ကာကွယ်သည့် အနေဖြင့် တိုက်ခိုက်ခြင်း preemptive strike ဟု ခေါ်ပြီး ထောက်လှန်းရေး သတင်းများကို အခြေခံကာ WMD လက်နက်များ ထားရှိရာ နေရာများကို အရင်ဦးစွာ တိုက်ခိုက် ဖျက်ဆီးပစ်ကြမည် ဖြစ်သည်။
နောက်ထပ် အန္တရာယ်တခု ရှိနေသည်ကား နျူလက်နက်များအား မတော်တဆ အသုံးပြုလာနိုင်သည့် အရေးနှင့် မသမာသူများ အထူးသဖြင့် အကြမ်းဖက်သမားများ လက်ထဲသို့ ရောက်ရှိသွားမည့် အရေး ပင် ဖြစ်သည်။ အဆိုပါ လက်နက် ပစ္စည်းများကို ထိမ်းသိမ်း စောင့်ရှောက်နိုင်မှု တနည်းမဟုတ် တနည်း ပျက်ပြားသွားမည်ဆိုက ထိုသို့ ဖြစ်လာနိုင်ခြေ ရှိနေသည်။
နောက်ဆုံး ထပ်မံ ငြင်းချက်ထုတ် ပြောဆိုလာကြသည်က အချို့သော အစိုးရများသည် ကမ္ဘာကြီးကို ကယ်တင်မှ ဖြစ်မည်ဆိုသည့် ဘုရားသခင်၏ အလိုတော်ဟု ယူဆကာ အနစ်နာခံ ဖျက်ဆီးပစ်ရန် ဝန်မလေးသည့် စိတ်မျိုး ရှိနေကြ၍ ဟန့်တားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟူ၍ ဖြစ်သည်။
ထိုကဲ့သို့သော စိုးရိမ်ကြောင့်ကြမှု များ ပေါင်းစပ်ကာ နိုင်ငံတကာ နျူကလီယား လက်နက် မပြန့်ပွားရေး စာချုပ်ကြီး Non-Proliferation Treaty (NPT) သည် ၁၉၇၀ တွင် စတင် အသက်ဝင်လာခဲ့သည်။ ထိုစာချုပ်အား ထိုအချိန်က နျူကလီယား လက်နက်များ ပိုင်ဆိုင်ထားကြသော နိုင်ငံ ငါးနိုင်ငံ ပါဝင် လက်မှတ် ရေးထိုးရန် လိုအပ်ပြီး ၎င်းတို့အားလည်း နျူလက်နက်များ ပိုငိဆိုင်ထားသည့် နိုင်ငံ များ အဖြစ် တရားဝင် အသိအမှတ် ပြုပေးရမည် ဖြစ်သည်။ အဆိုပါ ငါးနိုင်ငံ တွင် ပါဝင်သည့် အမေရိကန်၊ ဆိုဗီယက်၊ တရုတ်၊ ဗြိတိန် နှင့် ပြင်သစ်တို့ အနေဖြင့် နျူကလီယား လက်နက်များ မလွှဲပြောင်းရေး၊ အခြား နိုင်ငံများ ပိုင်ဆိုင် လာအောင် အကူအညီပေး၊ သွေးဆောင်ခြင်း မရှိစေရေး အစရှိသည့် အချက်များ လိုက်နာရမည် ဖြစ်သည်။ (၁၉၉၁ တွင် ဆိုဗီယက် ပြည်ထောင်စုသည် စာချုပ်ပါ တာဝန် ဝတ္တရားများကို ရုရှားသို့ လွှဲပြောင်းပေးခဲ့သည်။)
အဆိုပါ စာချုပ်တွင် နျူလက်နက် ပိုင်ဆိုင်သော နိုင်ငံ အချင်းချင်းလည်း လက်နက်များ အပြိုင်အဆိုင် ထုတ်လုပ်ခြင်းမျိုး ကို ရှောင်ရှားရန်နှင့် အလုံးစုံ ဖျက်ဆီး ပစ်ရေး ကို ရှေးရှု ဆောင်ရွက်ကြရန် လည်း မူများ ချမှတ်ထားခဲ့သည်။
ထို့ပြင် နျူကလီယား ပိုင်ဆိုင်ခြင်း မရှိသေးသော နိုင်ငံများသည်လည်း ထုတ်လုပ်ခြင်း၊ ရရှိရန် ကြိုးစားခြင်းမျိုး မှ ရှောင်ရှားရမည်ဟု လည်း ပါရှိသည်။ နျူကလီယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုသွားရေး အာမခံ ရမည် လည်း ဖြစ်သည်။
ထိုသို့ အာမခံ နိုင်ရန် နျူလက်နက်များ ပိုင်ဆိုင်ခြင်း မရှိသော နိုင်ငံများသည် စာချုပ်ပါ အချက်များ လိုက်နာခြင်း ရှိမရှိ ဆိုသည်ကို သက်သေပြနိုင်ရန် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ မဖြစ်မနေ လိုအပ်လာသည့် အခါ ဝင်ရောက် စစ်ဆေးခြင်းကို ခွင့်ပြုရမည် ဖြစ်သည်။