နိုင်ငံတကာ ရေးရာ မိတ်ဆက်(63)

by Hla Soewai - May 06 2024

အကြမ်းဖက်ဝါဒအား တိုက်ဖျက်နိုင်ရေး 

 

အကြမ်းဖက် သမား များ နှင့် ၎င်းတို့ ကျင့်သုံးနေသော လုပ်ရပ်များ အထမမြောက်စေရန် ကြိုးပမ်းမှု များအား အကြမ်းဖက် ဝါဒ တန်ပြန် တိုက်ဖျက်ရေး ဟု ဆိုသည်။ ထိုအထဲတွင် လူသစ်များ စုဆောင်းခြင်း မလုပ်နိုင်ရန် ဟန့်တားခြင်း၊ လက်ရှိ အကြမ်းဖက်သမားများ၏ ကျုးလွန်ရန် ကြံရွယ်နေမှု များ လျော့ပါးသွားစေရေး တို့ ပါဝင်သည်။

 

ထိုသို့ လုပ်နိုင်ရန် နည်းလမ်းများစွာ ရှိနေသည်။ စာသင်ခန်းများ၊ ဘာသာရေး အသင်းအဖွဲ့များ နှင့် ဆိုရှယ် နှင့် သတင်း မီဒီယာ များ မှတဆင့် ၎င်းတို့ဖက် ပါမသွားအောင် ဆွဲဆောင် စည်းရုံးနိုင်သည်။ အစိုးရများသည် တဦးချင်းစီသော်၎င်း၊ စုပေါင်း၍ သော်၎င်း အကြမ်းဖက်သမားများ နှင့် ၎င်းတို့၏ အဖွဲ့အစည်းများ လူ၊ ငွေ နှင့် အခြား လိုအပ်သော အရင်းအမြစ်များ ရယူ စုဆောင်းရေး တွင် ပို၍ ခက်ခဲလာအောင် ပြုလုပ်နိုင်သည်။

 

ထောက်လှမ်းရေး အေဂျင်စီ များ မှ တဆင့် ၎င်းတို့ ကြံစည်နေသမျှ ကို ကြိုတင်သိရှိအောင် ထောက်လှန်းခြင်း၊ ဘဏ္ဍာရေး အရ ပိတ်ဆို့ခြင်း၊ ၎င်းတို့အား ထောက်ခံမှု ပေးနေသည့် အစိုးရများအား ဒဏ်ခတ်မှု များ အပါအဝင် နည်းလမ်းပေါင်းစုံ ဖြင့် ဖိအားပေးခြင်း၊ ကန့်သတ် စစ်ပွဲ မျိုးသာ ဆင်နွှဲလို‌ သော အကြမ်းဖက်သမားများ အတွက် အခြားနည်းလမ်း များ ပြောင်းလဲ ကျင့်သုံးလာအောင် စေ့ဆပ် ဆွေးနွေးခြင်းမျိုး ဖြင့် လမ်းဖွင့်ပေးခြင်းများ အစရှိသည်တို့လည်း ပြုလုပ်နိုင်သည်။

 

နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတခုက ၎င်းတို့ရှိရာသို့ ဦးတည် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ယင်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ထောက်လှန်းရေး အဖွဲ့များက တာဝန်ယူ ဆောင်ရွက် နိုင်သည်။ ၎င်းတို့ ကြံစည်နေသည်ကို ကြိုတင် သတင်းရ၍ လက်ဦးမှုယူ တိုက်ခိုက်ခြင်း နှင့် ကြိုတင် ကာကွယ်သည့် အနေဖြင့် အကြမ်းဖက်သမား ဟု သတ်မှတ်ခံထားရသူများ အား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ပစ်ခြင်းတို့ လုပ် နိုင်သည်။ ဖမ်းဆီးနိုင်မည် ဆိုက ၎င်းတို့ ထံမှ သတင်းအစအနများ ဆွဲထုတ်ယူနိုင်ပေသည်။ အမေရိကန် အထူး တပ်ဖွဲ့သည် ပါကစ္စတန် ထဲ ဝင်ရောက်ပြီး အိုစမာ ဘင်‌ ‌လေဒင် ကို အဆုံးစီရင် နိုင်ခဲ့သည်။

 

အခြား နိုင်ငံများမှလည်း အဝေးမှ နေ၍ ဒရုန်းများ၊ ကရုစ် ဒုံးကျည်များ၊ တိုက်လေယာဉ်များ သုံး၍ ၎င်း၊ မြေပြင်သို့ အထူး တပ်ဖွဲ့များ လွှတ်၍ ချေမှုန်းခြင်း များ ပြုလုပ် နိုင်သည်။

 

ထိုလုပ်ရပ်များ အား အချိန်တို အတွင်း အကျဉ်းရုံး၍ လုပ်နိုင်သလို၊ ဆီရီယား နှင့် အီရတ်ရှိ အိုင်းစစ်များအား အမေရိကန် ထောက်လှန်းရေး နှင့် စစ်ဖက်က လုပ်သလို ဒေသတွင်းရှိ အာဏာပိုင်များ နှင့် ပူးပေါင်းပြီး ရေရှည် စစ်ဆင်ရေး တရပ်အနေဖြင့်လည်း လုပ်နိုင်သည်။ ဆိုက်ဘာ နည်းပညာများသုံး၍လည်း ၎င်းတို့၏ အကြံအစည်များ ပျက်ပြားအောင် လုပ်နိုင်စွမ်း ရှိနေသည်။

 

ကြိုတင် ကာကွယ်နိုင်စွမ်း မရှိခဲ့လျင်ပင် အကြမ်းဖက်သမားများ၏ လုပ်ရပ်များ ထိရောက်မှု မရှိအောင် ဟန့်တားနိုင်သည့် နည်းလမ်း များလည်း ရှိနေသည်၊ အစိုးရများ အနေဖြင့် အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်လာမှု များအား ထိထိရောက်ရောက် တုန့်ပြန်နိုင်ရန် အကြမ်းဖက် တန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းများအား အခိုင်အမာ စီမံ ဆောင်ရွက်ထားရမည် ဖြစ်သည်။ ဥပမာ အားဖြင့် 9/11 တိုက်ခိုက်ခံခဲ့ရပြီး နောက် အမေရိကန် တို့ လုပ်ခဲ့ပုံမျိုး ဖြစ်သည်။

 

အစိုးရ များသည်လည်း လူထု အား အကြမ်းဖက် တိုက်ခိုက်ခံရမည့် အန္တရာယ်မှ လုံခြုံမှု ရှိရန် အဆင့် အသီးသီး တွင် လိုအပ်သည့် စီမံမှု များ ချမှတ် ဆောင်ရွက်ထားရမည် ဖြစ်သည်။ ကာကွယ်ရေး နှင့် လုံခြုံရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ များ အား လုပ်ပိုင်ခွင့် များ တိုးမြှင့်ပေးခြင်း၊ အကြမ်းဖက်သမားများမှ ပစ်မှတ် ထားနိုင်သည်များ အား လူအင်အား၊ ဆိုက်ဘာ နည်းလမ်းများ ဖြင့် စောင့်ကြည့်ခြင်းဖြင့် ၎င်းတို့ အဖို့ လှုပ်ရှားနိုင်မှု အခွင့်အလန်းများ ခက်ခဲသည်ထက် ပို‌‌၍ ခက်ခဲလာတော့မည် ဖြစ်သည်။

 

လေဆိပ်၊ အစိုးရ ရုံး အဝင်အထွက်များအား သေချာကျနစွာ စောင့်ကြည့် ရှာဖွေခြင်း မျိုး ဖြစ်သည်၊ အစိုးရများသည် ထိုကဲ့သို့သော နည်းလမ်းများဖြင့် နိုင်ငံသားများကို ပို၍ လုံခြုံမှု ရှိအောင် အကာအကွယ် ပေးနိုင်သလို၊ နိုင်ငံသားများ ဖက်ကလည်း အကြမ်းဖက် သမားများ တိုက်ခိုက်ခံရသည့် အခါတွင်လည်း ၎င်းတို့ ၏ လုပ်ရပ်များ အောင်မြင်မှု မရှိစေရန် အတွက် ကြံ့ကြံ့ခံနိုင်စွမ်း ရှိအောင် မွေးမြူထားရမည် ဖြစ်သည်။ ခံနိုင်ရေ ရှိစေရန် အတွက် အသေအပျောက် အနည်းဆုံး ဖြစ်အောင်တာဝန်ရှိသည့် ဝန်ထမ်းများကို လေ့ကျင့်ပေးထားရန်၊ လိုအပ်သည့် ဆေးဝါးများ၊ လျပ်စစ် ဓါတ်အား အချိန်မီ ပြန်လည် ရရှိရန် လိုအပ်သည့် ပစ္စည်းကိရိယာများ အရံသင့် ဖြစ်အောင် စုဆောင်းထားရန် လည်း ပါဝင်သည်။

 

အစိုးရများသည် အကြမ်းဖက် ဝါဒ အဆုံးသတ် ပပျောက်သွားစေရေး အား ရည်မှန်းချက် အဖြစ် ထားရှိကြသော်လည်း တကယ်တမ်း အကောင်အထည် ဖေါ်နိုင်စွမ်း ရှိမည် မဟုတ်။ သိထားပြီး ဖြစ်သော အကြမ်းဖက်သမား များအား ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ပစ်ခြင်း သည် ခက်ခဲသည်သာမက၊ ၎င်းတို့ နေရာ အစားဝင်မည် အသစ် အသစ်သော အကြမ်းဖက် သမားများ ထွက်ပေါ်မလာအောင် ဟန့်တားနိုင်ဖို့ ဆိုသည်က မည်သို့မျှ ဖြစ်နိုင်ခြေ မရှိလှပေ။

 

လက်ရှိ အနေအထားကို မည်သို့မျှ ကျေနပ်နိုင်စွမ်း မရှိသော ပုဂ္ဂိုလ်များက အမြဲလို ရှိနေမည်သာ ဖြစ်သည်။ ထိုသို့သော လူများက ၎င်းတို့ ဖြစ်စေချင်သည်များ ဖြစ်လာအောင် အကြမ်းဖက် လမ်းစဉ်ကို အသုံးချလာကြမည်သာ ဖြစ်သည်။ 

 

အကြမ်းဖက် သမားများ နှင့် ၎င်းတို့ လုပ်ရပ် တခုခု ကို ဟန့်တား နိုင်သော်လည်း အောင်မြင်သွားသည့် အခါများလည်း ရှိနေမည်သာ ဖြစ်သည်။ သို့သော် ထိုသို့သော ပုဂ္ဂိုလ်များ နှင့် အုပ်စုများသည် ၎င်းတို့လုပ်ချင်သည်များကို မဖြစ်မနေ ‌အကောင်အထည် ဖေါ်မည့် စိတ်အား ထက်သန်မှုများကို ဟန့်တားဖို့က ခက်ခဲနေမည်သာ ဖြစ်သည်။ ၎င်းတို့အဖို့က အသက်ကိုပင် စတေးပစ်ရန် ဝန်လေးကြသူများ မဟုတ်ပေ။

 

ထို့အတွက် အစိုးရများ အနေဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်ကြောင့် နိုင်ငံသားများ၏ နေထိုင်မှု ဘဝများ၊ စီးပွားရေး အစရှိသည်တို့ ဖရိုဖရဲ ဖြစ်သွားသည်အထိ ဖြစ်မသွားစေရန် တားမြစ်နိုင်ဖို့ ကြိုးပမ်းသွားဖို့သာ ရှိသည်။

 

နောက်ထပ် ပေးဆပ်ရဖို့ ရှိနေသည်က အကြမ်းဖက် ဝါဒ အား တန်ပြန် တိုက်ဖျက် နိုင်ရန် အတွက် နိုင်ငံ၏ စီးပွားရေး တိုးတက်မှု၊ စွမ်းဆောင်နိုင်မှု များ၊ လူပုဂ္ဂိုလ် တဦးချင်းစီ၏ လွတ်လပ်ခွင့်များ နှင့် ပေးဆပ်ရသည်များလည်း ရှိလာသည်၊ တခါတရံ တွင် ထိုသို့သော အခြေအနေများသည် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာအောင် မြေတောင်မြှောက်ပေးသလို ဖြစ်လာခဲ့ရပြန်သည်။