နိုင်ငံတကာ ရေးရာ မိတ်ဆက်(61)

by Hla Soewai - Apr 24 2024

အလားတူပင် သတင်း အချက်အလက်များ နှင့် အိုင်ဒီယာ များ အတိုင်းထက် အလွန် စီးမျောလာမှု အား အံ့မခန်း အဖြစ် ရှူမြင်ကြသူများလည်း ရှိပေလိမ့်မည်။ ထိုသို့ စီးမျောလာမှု များ ထဲ ပါဝင်လာသည့် အကြောင်းအရာ အချို့အား စိတ်အနှောက်အယှက် ဖြစ်စရာ အဖြစ် သဘောထားသူများလည်း ရှိနေမည်သာ ဖြစ်သည်။ အစိုးရ အချို့သည်လည်း ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု နှင့် ၎င်းတို့ ဆက်လက် အုပ်ချုပ်သွား နိုင်မှု အား ခြိမ်းခြောက်လာသည် ဆိုကာ ဆန့်ကျင် လာနိုင် ပြန်သည်။

 

ပင်လယ် သမုဒ္ဒရာများ၊ သဲကန္တာရများ၊ အုတ်တံတိုင်းများသည် ဂလိုဘယ်လိုက်ဇေးရှင်း ၏ အကျိုးဆက်များမှ နိုင်ငံတနိုင်ငံ ကို မည်သို့ မျှ မပတ်သက်အောင် ပြုလုပ်နိုင်စွမ်း မရှိပေ။ သို့သော် အစိုးရများသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြင့် ထောင့်ပေါင်းစုံ မှ ဝင်ရောက်လာမှုများကို နှေးကွေးသွားအောင် နှင့် တတ်နိုင်သမျှ ၎င်းတို့ နိုင်ငံ နှင့် မပတ်သက်အောင် မည်သို့ မည်ပုံ တုန့်ပြန်ရမည် ဆိုသည်နှင့် ပတ်သက်၍ လုပ်နိုင်စရာ များစွာ ရှိနေသည်။

 

အစိုးရ များသည် ကုန်သွယ်ခွန် များကို တိုး၍ စည်းကြပ်နိုင်သည်၊ ထိုအခါတွင် သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည်။ ထို့ပြင် ပို့ကုန်သမား များ အတွက် လည်း လုပ်ရကိုင်ရ ခက်အောင် အရံအတား များ ပြုလုပ်လာနိုင်သည်။ ဤသည်က ရှေးအစဉ် အဆက် ကျင့်သုံးခဲ့သည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ပင် ဖြစ်သည်။

 

ထို့ပြင် ပြည်ပ မှ လာရောက် ရင်းနှီးမြုပ်နှံလိုသူ များ အတွက် အခက်အခဲများ ရှိ‌လာအောင် နှင့် ၎င်းတို့၏ ငွေကြေး များ အပြင်သို့ အလွယ်တကူ ထုတ်ယူ၍ မရအောင် စည်းမျဉ်း စည်းကမ်းများလည်း ပြဋ္ဌာန်းလာနိုင်သည်။ နယ်ခြားဒေသများတွင် အုတ်တံတိုင်းများ ကာရံပြီး အစောင့်အကြပ်များ ချကာ အပြင်လူများ ဝင်မလာနိုင်အောင်လည်း ပြုလုပ်နိုင်သည်။ အလားတူပင် ကမ်းရိုးတန်းများ၊ လေကြောင်းပိုင်နက်များ အားလည်း တိုက်လေယာဉ်များ၊ ဒုံးကျည်များ ချထားပြီး ကာကွယ်သွားနိုင်ပြန်သည်။

 

လေဆိပ်များမှ တဆင့် တရားဝင် ဝင်ရောက်လာသူများအားလည်း အရည်အတွက် နှင့် နေထိုင်ခွင့် ရမည့် ရက်များကို ကန့်သတ်လာနိုင်သည်။ ရောက်လာသူများအားလည်း ဖျားနေခြင်း သို့မဟုတ် ကူးစက် ရောဂါများ ပါလာခြင်း ရှိမရှိ ကို စီစစ်၍ ဝင်ရောက်ခွင့် မပေးပဲ ထားနိုင်သည်။ ပစ္စည်းထုတ်များ၊ ကွန်တိန်နာ သင်္ဘောများ၊ ခရီး‌ ဆောင် အိတ်များ၊ ထရပ်ကားများ အားလည်း ရှာဖွေ လာနိုင်သည်။ 

 

သို့သော်လည်း ထိုလုပ်ရပ်များကို တိုတောင်းသောအချိန် အတွင်းသာ လုပ်နိုင်သည်၊ သို့မဟုတ်က စီးပွား‌‌ ရေးလုပ်ငန်းများ နှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ တုန့်ဆိုင်းသွားနိုင်သည်။ အချက်ပြ ဆက်သွယ်မှု များ အား အနှောက်အယှက် ပေးနိုင်သလို၊ အင်တာနက် အားလည်း ပိတ်ပစ်နိုင်ပြန်သည်။

 

ထိုသို့ အစိုးရများက လုပ်ပိုင်ခွင့်များ ရှိနေသလို ဂလိုဘယ်လိုက်ဇေးရှင်း ဖက်မှလည်း ၎င်းတို့ စက်ဝန်း အတွင်းမှ နိုင်ငံတနိုင်ငံ ကို လုံးဝ ဖယ်ထုတ်၍ မရအောင် လုပ်နိုင်သည်များလည်း ရှိနေပြန်သည်။ ဥပမာ ဆိုရက ရာသီဥတု ဖေါက်ပြန် ပြောင်းလဲ မှု သည် နယ်ခြား စည်းမျဉ်း များကို လေးစားသမှု မရှိပေ။ အလားတူပင် နျုကလီယား မတော်တဆ မှု ကြောင့် ရေဒီယို သတ္တိကြွ မှု သည်လည်း ပျံ့နှံ့သွားနိုင်ပြန်သည်။

 

နိုင်ငံ တနိုင်ငံ တွင် စီးပွားရေး တုန့်ဆိုင်းသွားမှု၊ ဘဏ္ဍာရေး အကျပ်အတည်း များ ဖြစ်လာမည် ဆိုက အခြား နိုင်ငံများသို့ အလျင်အမြန် ကူးစက်သွားနိုင်ပေသည်။

 

အင်တာနက်သည် အကျိုးရှိသလို အန္တရာယ်ပေးလာ နိုင်သည်များလည်း ရှိနေပေသည်။ အိုင်ဒီယာများသည် တံခါးပိတ်ထားသော လူ့အဖွဲ့အစည်း များ ထဲသို့ ဝင်ရောက်လာနိုင်ပြန်သည်။ အလည်အပတ် ရောက်လာသူတိုင်း ရောဂါပိုး များ သယ်ဆောင်လာနိုင်သည်။ မည်သည့် စီးပွားရေး မျှ ၎င်းတို့ လိုအပ်နေသမျှ ပိုင်ဆိုင်ပြီး ထုတ်လုပ်နိုင်စွမ်း မရှိသလို ပြည်တွင်းတွင် ထုတ်သမျှ အကုန်လုံး လည်း ရောင်းချ နိုင်စွမ်း မရှိပြန်ပေ။

 

ပြင်ပသို့ တံခါး ပိတ်ထားခြင်းသည်လည်း နိုင်ငံ အဖို့ ထိခိုက်နစ်နာစရာ ဖြစ်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ အဖြစ် ရပ်တည်နေရသည့်မြောက်ကိုရီယား အား နမူနာ အဖြစ် မြင်နိုင်ပေသည်။ ပြည်ပ မှ သွင်းကုန်များကို ပိတ်ပင်ခြင်းကြောင့် နိုင်ငံသားများ အဖို့ လူသုံးကုန်ပစ္စည်းများ ဝယ်ယူနိုင်စွမ်း မရှိတော့ပဲ အခြား နိုင်ငံများကလည်း ထိုနိုင်ငံ၏ ပို့ကုန်များကို အလားတူ လက်တုန့်ပြန်လာနိုင်သည်။ ဤသို့ဖြင့် စီးပွားရေး နှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု များ ထိခိုက်သွားခဲ့ရသည်။ လူများ ဝင်ရောက်လာမှု ကို ကန့်သတ်မည်ဆိုကလည်း ခရီးသွား လုပ်ငန်းမှ ရသော ဝင်ငွေများနှင့်ရင်းနှီးမြုပ်နှံ မှု နှင့် လုပ်ငန်းများလည်း ကျဆင်းသွားမည်သာ ဖြစ်သည်။

 

ထိုအတွက် အစိုးရများသည် ဂလိုဘယ်လိုက်စေးရှင်း အား လုံးဝ လက်ခံသွားမည်လော၊ သို့တည်းမဟုတ် အချို့သော အပိုင်းများကို ငြင်းဆန်သွားမည်လော ဆိုသည်ကိုသာ ရွေးချယ်ကြရဖို့ ဖြစ်လာသည်။ ဆိုလိုသည်က အစိုးရများသည် ၎င်းတို့ အတွက် အပေါင်းလက္ခဏာ ဆောင်စေမည့် အရာများကို မြှင့်တင်ပေးနိုင်ရန် နှင့် အနှုတ်လက္ခဏာ ဆောင်ပြီး ခြိမ်းခြောက်လာနိုင်မည့် အရာများကို ဆန့်ကျင်သွားနိုင်ဖို့ ကြိုးစားရပေတော့မည်။ 

 

ဂလိုဘယ်လိုက်‌ ဇေး ရှင်း အား ထိန်းသိမ်း ကြပ်မတ် သွား နိုင်ရေးသည် အစိုးရတိုင်း အတွက် စိန်‌ ခေါ်မှု ကြီးပင် ဖြစ်သည်။ လူများ ရွှေ့ပြောင်း ဝင်ရောက်လာမှု၊ ရာသီဉတု ဖေါက်ပြန်လာမှု၊ ရောဂါများ ဖြစ်ပွားလာမှု အစရှိသည်များကို ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်း၏ ကျန်ရှိနေသော သက်ရောက်မှု များ အတွက် တာဝန်ခံရဖို့ ရှိနေသောကြောင့်ပင် ဖြစ်သည်။

 

နောက်ထပ် နည်းလမ်းတခုက ထီးထီးကြီး တုန့်ပြန်သွားမည့်အစား အခြားနိုင်ငံ များ နှင့် စုပေါင်း၍ ဖြေရှင်းလာခြင်း ဖြစ်သည်။ ဤသည်ကပင် နိုင်ငံစုံ ပူးပေါင်းခြင်း multilateralism ၏ အနှစ်သာရ ပင် ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ဆိုးကျိုးများကို မည်သည့် နိုင်ငံမျှ တဦးတည်း ကာကွယ်နိုင်စွမ်း မရှိသည့်အပြင် ကောင်းကျိုး များကို သာ ‌ရွေးထုတ်ယူ နိုင်ခြင်းလည်း မရှိပြန်ပေ။ ထို့အတွက် တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျန်းမာရေး၊ ကုန်သွယ်ရေး၊ အင်တာနက်၊ ရာသီဥတု ပြောင်းလဲလာမှု များမှသည် နျူကလီယား၊ မူးယစ်ဆေးဝါးများ နှင့် လူကုန်ကူးမှု များအထိ ဂလိုဘယ်လိုက်ဇေးရှင်း၏ သက်ရောက်လာမှု များကို ဥပဒေပိုင်း၊ နိုင်ငံရေး ပိုင်း၊ ကူးသန်း ရောင်းဝယ်ရေး များတွင် စုပေါင်းစပ်ပေါင်း၍ အစီအစဉ် များ ချမှတ်ဆောင်ရွက်လာကြသည်။

 

တကမ္ဘာလုံး နှင့် သက်ဆိုင်သည့် အစိုးရဟူ၍ မရှိသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်း၏ ကဏ္ဍ အသီးသီး အား အတိုင်းအတာ တခုအထိ ထိန်းချုပ်သွားနိုင်ရန် စီမံ ကွပ်ကဲလာခြင်းလည်း ဖြစ်သည်။ သို့သော် နိုင်ငံရေး အရ လက်တွေ့ကျကျ မည်သို့ မည်ပုံ ရှုမြင်သင့်သည် ဆိုသည်အပေါ် သဘောတူညီကြသည် ဟူ၍ မဆိုသလောက်သာ ရှိပေသည်။ ထို့ အတွက်ကြောင့်လည်း စည်းမျဉ်းစည်းကမ်းများ ဖြင့် ထိန်းချုပ်ကွပ်ကဲ သွားရေး တွင်လည်း သဘောတူညီ မှု ရမလာခဲ့ကြပေ။