နိုင်ငံတကာ ရေးရာ မိတ်ဆက်(60)

by Hla Soewai - Apr 24 2024

ဂလိုဘယ်လိုက်ဇေးရှင်း 

 

ကမ္ဘာကြီးသည် ယခင်ကထက် နယ်ခြားများကို ဖြတ်ကျော်ပြီး အပြန်အလှန် ဆက်သွယ်မှု များ ဖြစ်ထွန်းလာမှုသည် ဂဘိုဘယ်လိုက်ဇေးရှင်းပင် ဖြစ်သည်၊ ထိုသို့ ဖြတ်ကျော်ကြရာတွင် အလုပ်သမားများ၊ ကမ္ဘာလှည့် ခရီးသွားများ၊ အိုင်ဒီယာများ၊ အီးမေးလ်များ၊ ရေနံ ဓါတ်ငွေ့၊ တယ်လီဗီရှင်း၊ ရေဒီယို အချက်ပြ ဆက်သွယ်မှု များ၊ အချက်အလက်များ၊ ဆေးဝါး၊ တရားမဝင် မူးယစ်ဆေးဝါး၊ အကြမ်းဖက်သမားများ၊ တနိုင်ငံမှ တနိုင်ငံသို့ ရွှေပြောင်း ဝင်‌ရောက်လာသူများ၊ ဒုက္ခသည်များ၊ လက်နက်များ၊ ကွန်ပြူတာ နှင့် ဇီဝ ဗိုင်းရပ်စ်များ၊ ရာသီဥတု ကို ဖောက်ပြန်စေတတ်သည့် ကာဘွန်‌ဒိုင် အောက်ဆိုက် နှင့် အခြား ဓါတ်ငွေ့များ၊ စက်မှု ကုန်ထုတ် ပစ္စည်းများ၊ အစားအသောက်၊ ဒေါ်လာ နှင့် အခြား ငွေကြေးများ အစရှိသည်တို့ ပါဝင်ကြသည်။

 

ထိုသို့ စီးမျောဝင်ရောက်မှုများသည် ခေတ်သစ် ကမ္ဘာကြီးအား ပြဋ္ဌာန်းပေးနေသော မျက်မြင် ဒိဌ ဖြစ်စဉ်များ ပင် ဖြစ်သည်။

 

တကယ်တမ်း တွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် လုံးဝ အသစ် အဆန်းမျိုးတော့ မဟုတ်ပေ။ ကမ္ဘာတဝှမ်း ရှိ လူများ နှင့် ကုန်စည်များသည် ရှေးယခင်ကပင် ပိုးလမ်းမကြီး နှင့် ပင်လယ်ပြင်တို့မှ ကူးလူးဆက်ဆံနေခဲ့ကြပြီး ဖြစ်သည်။ အသစ်အဆန်း ဖြစ်လာရသည် ထိုသို့ ကူးသန်းမှု ၏ ပမာဏ၊ လျှင်မြန်မှု အရှိန်အဟုန်၊ ယနေ့ နယ်ခြားများကို ဖြတ်ကျော်ရသည့် အတိုင်းအတာ တို့ပင် ဖြစ်သည်။

 

နိုင်ငံတကာ ခရီးသွားများသည် ယခုအခါ တနှစ်လျှင် ၁.၅ ဘီလီယံ ရှိနေပြီး လွန်ခဲ့သည့် နှစ်အစိတ် ခန့်က သန်း ၆၀၀ ခန့်သာ ရှိခဲ့သည်။ ဒုက္ခသည် အရည်အတွက် သည်လည်း နှစ်ဆယ့် ငါးသန်း မှ သန်း သုံးဆယ် အကြား ရှိနေသည်။ ပြည်ပ တိုက်ရိုက် ရင်းနှီးမြုပ်နှံ မှုများသည် တနှစ်လျင် ဒေါ်လာ တစ် တြီလီယံ ခန့် အထိ ဖြစ်လာသည်။ ကုန်စည် ကူးသန်း ရောင်းဝယ်မှု တန်ဘိုးသည် ဒေါ်လာ တြီလီယံ ၂၀ ခန့် ရှိနေသည်။ ယင်းသည် လွန်ခဲ့သည့် နှစ် သုံးဆယ်ခန့်ကထက် စာလျှင် ခုနှစ်ဆ ခန့် မြင့်တက်လာခဲ့သည်။ နှစ် ငါးဆယ် ခန့်က နှင့် နှိုင်းယှဉ်မည် ဆိုလျင် အဆပေါင်း တရာ နီးပါး ရှိနေသည်။

 

ထိုသို့ စီးမျော ကူးသန်း မှုများက ကြီးမား ကျယ်ပြန့်ယုံမက လွန်စွာ မှလည်း လျှင်မြန်လွန်းလှပေသည်။ အချို့အရာများသည် အလင်း၏ အရှိန် နှုန်း နှင့် တန်းတူ နီးပါး ရှိသည်ဟုပင် ပြောနိုင်သည်၊ ဆိုလိုသည်မှာ နယူးယောက်ရှိ လူတဦးသည် ဂျပန် ရှိ လူတဦး နှင့် ဗီဒီယို မှ တဆင့် စကားစမြည် ပြောနိုင်သလို လန်ဒန် ရှိ လူတဦးသည် ဟောင်ကောင်ရှိ ဘဏ် ငွေ စာရင်း တခုထဲသို့ ငွေကို ချက်ခြင်း လက်ငင်း ဆိုသလို လွှဲပေး၍ ရနေသည်။

 

ကွာလှမ်းသော အရပ်‌ဒေသများသို့ သွားရမည့် ခရီး အတွက်က နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ ကြာတတ်ပေသည်။ သို့သော် လျှင်မြန်မှု နှင့် ပမာဏ အတိုင်းအတာအရ အစိုးရများ အဖို့ မကြာခဏ ဆိုသလို နယ်ခြားများကို ဖြတ်ကျော် ဝင်ရောက်လာသည့် လူတိုင်း၊ အရာရာတိုင်းကို ထိန်းချုပ်ရန် အသာထားဘိဦး၊ စောင့်ကြည့်ရန် ပင် မတတ်နိုင် ဘဲ ဖြစ်လာကြသည်။

 

ထိုသို့ ဖြစ်ရန် အဓိက ပံ့ပိုးပေးခဲ့သည်က နည်းပညာ ပင် ဖြစ်သည်။ အင်တာနက်၊ ဂျက်လေယာဉ်များ၊ မိုဘိုင်းဖုန်းများ၊ ကွန်တိန်နာ တင် သင်္ဘောကြီးများ နှင့် ဂြိုလ်တုများသည် အရေးပါသော ကဏ္ဍ မှ ပါဝင်ခဲ့ကြသည်။

 

ကုန်သွယ်‌‌ ရေး နှင့် ဈေးကွက်များသို့ ဝင်ရောက်နိုင်ခွင့် အဆင်ပြေ ချောမွေ့စေရန် အစိုးရများက ပေါ်လစီများ ချမှတ်ပေးလာခဲ့ခြင်း သည်လည်း အကြောင်းတကြောင်း အဖြစ် ပါဝင်ခဲ့သည်။ ထိုမူဝါဒ များ ကြောင့်လည်း အမေရိကန် ကုမ္ပဏီတခုသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို တရုတ်ပြည်တွင် ထုတ်လုပ်နိုင်ယုံမျှမက ဆိုင်ဖွင့် ရောင်းချ သည်အထိ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ဘူမိနိုင်ငံရေး ဟု ခေါ်ဝေါ်ကြသည့် နိုင်ငံများ အကြား အာဏာ နှင့် သြဇာ သက်ရောက်နိုင်ရေး အတွက် ယှဉ်ပြိုင်ခဲ့မှု များ နှင့်လည်း သက်ဆိုင်နေပြန်သည်။ သို့သော် တမျိုးတဖုံ ကွဲပြားသော နည်းလမ်းမျိုး နှင့် ဖြစ်သည်။ နှစ်ဆယ်ရာစုနှစ် တဝက်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးမျိုး မဖြစ်ပေါ်ခဲ့၍ တည်ငြိမ်မှု ရှိလာခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေး နှင့် ခရီးသွားလာရေး တို့တွင် ပူပင် ကြောင့်ကြမှု မရှိပဲ လုပ်နိုင်ခဲ့ကြသည်။ တဖက်တွင်လည်း ဒေသတွင်း မတည်ငြိမ်မှုများ နှင့် ပြဿာနာများ ကြောင့် နေထိုင်သူ တို့ အတွက် ဖိအားများ ရှိလာပြီး ဒုက္ခသည် အရည်အတွက် သိသိသာသာ များပြားလာခဲ့သည်။

 

စီးပွားရေး ပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက်များသည်လည်း ဂလိုဘယ်လိုက်ဇေးရှင်းကို အားဖြည့်ပေးလာခဲ့သည်။ ဥပမာ ဆိုရက အမေရိကန် ပြည်ထောင်စု တွင် နေထိုင်သူများသည် ကမ္ဘာလူဦးရေ၏ ၅ ရာနှုန်း နီးပါးသာ ရှိသည်။ အမေရိကန် တို့အတွက် ကမ္ဘာ အရပ်ရပ်ရှိ ၉၅ ရာနှုန်းသော လူများ နေထိုင်ရာ ဈေးကွက်များ သို့ ဝင်ရောက် ကုန်သွယ်နိုင်ရန် မရှိမဖြစ် လိုအပ်လာနေသည်။

 

အခြား‌ တရားမဝင် လုပ်ငန်းများ ဖြစ်သည့် မူးယစ်ဆေးဝါး၊ လက်နက် နှင့် လူကုန်ကူးမှု များသည်လည်း ၎င်းတို့ ပိုင် နယ်နမိတ် အပြင်ဖက် တွင် ဈေးကွက်များ ရှာလာကြသည်။ ယင်းသည်လည်း ဂလိုဘယ်လိုက်ဇေးရှင်း ပင် ဖြစ်သည်။

 

ဂလိုဘယ်လိုက်ဇေးရှင်း၏ အဓိက အနှစ်သာရသည် အပြန်အလှန် ထိတွေ့ဆက်သွယ်နိုင်မှု ပင် ဖြစ်သည်။ ထိုသို့ ဆက်သွယ်နိုင်ရန် ပင့်ကူအိမ်များ သဖွယ် ကွန်ယပ်များ ဆက်စပ် ယှက်သွယ်လာကြသည်။ အပြန်အလှန် မှီခို ပတ်သက်လာခြင်း ဆိုသည့် သဘောတရားလည်း ပါဝင်နေသည်။ နိုင်ငံတိုင်း၊ လူတဦးချင်းစီ တိုင်းသည် အခြားနေရာ ဒေသများတွင် ဖြစ်ပျက်နေသမျှ၊ အခြားလူများ လုပ်သမျှ သည် ၎င်းတို့အား အတိုင်းအတာ တခုထိ ပတ်သက်ခံလာရခြင်း မျိုး ဖြစ်သည်။

 

စက်မှု ကုန်ထုတ် ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်များ၊ ရေနံ၊ ရင်းနှီးမြုပ်နှံမှု၊ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော ကွန်ပြူတာ၊ ဆဲလ်ဖုန်းများအား နည်းပညာပိုင်း ပံ့ပိုးပေးမှု အစရှိသည် တို့အတွက် ကမ္ဘာဈေးကွက်ကြီးသည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေသည်။

 

ထိုသို့ အပြန်အလှန် ဆက်သွယ်နေမှုကြောင့် တနေရာတွင် ဖြစ်ပျက်နေမှု သည် အခြားတနေရာသို့ သက်ရောက်မှု ရှိလာခြင်းပင် ဖြစ်သည်။ ဒေသ တခုမှ စတင်လာခဲ့မှုသည် ကမ္ဘာအတိုင်းအတာ အထိ ပတ်သက်လာသည်။ ကူးစက်ရောဂါ ဖြစ်သည့် အီဘိုလာ ဗိုင်းရပ်စ်၊ ကိုဗစ်၊ ၂၀၀၈ အ‌မေရိကန် ဘဏ္ဍာရေး အကျပ်အတည်းကြီး အစရှိသည် တို့သည် ကမ္ဘာတဝှမ်းသို့ ရိုက်ခတ်သွားခဲ့သည်။ ဗီဒီယို ဖိုင် တခုပင် တကမ္ဘာလုံး သို့ ပျံ့နှံ့သွားခဲ့ရသည် မဟုတ်ပါလော။

 

မည်သည့် ပုံစံမျိုး နှင့် မဆို အပြန်အလှန် မှီခိုနေမှု သည် အကျိုး ဖြစ်ထွန်းမှု များ ရှိသလို၊ အန္တရာယ် ပေးလာနိုင်သည်များလည်း ရှိနေသည်။

 

အချို့သော ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုး သက်ရောက်မှု များသည် အကောင်း နှင့် အဆိုး တပြိုင်တည်း လိုလို ဒွန်တွဲ ပါလာတတ်သည်။ ဤနေရာတွင် ကုန်သွယ်ရေး အား ဥပမာ အဖြစ် ပြောရပေမည်။ ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်စွမ်း ရှိလာခြင်းကြောင့် အလုပ်သမား များ အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည်။ အလားတူ ပြည်တွင်း တွင် မထွက်ရှိသော ကုန်ပစ္စည်းများ တင်သွင်း နိုင်ပြန်သဖြင့် သုံးစွဲသူများ အတွက် အရည်အသွေး ကောင်းမွန်သည့် ပစ္စည်းများကို အဖိုးနှုန်း ချိုသာစွာ ဖြင့် ဝယ်ယူခွင့် ရလာခဲ့သည်။

 

သို့သော် သွင်းကုန်များကြောင့် အလုပ်အကိုင်များ ကွယ်ပျောက် သွားစေနိုင်ပြန်သည်။ ဤသည်ကလည်း အလုပ်သမားစရိတ်၊ ထုတ်လုပ်မှု စရိတ် ကွာခြားမှုများ ကြောင့် သော်၎င်း၊ သို့တည်း မဟုတ် အစိုးရ၏ ငွေစိုက်ထုတ် ပံ့ပိုးပေးခြင်း၊ ငွေကြေးဈေးကွက် ကစားလာမှု များ ကြောင့် လည်း ဖြစ်သည်။