ကျွန်တော် ဘုရင်ခံချုပ်(4)

by Hla Soewai - Feb 16 2020

၁၇၅၇ ဇွန်လ ၂၃ ရက်တွင် ပဲလက်ဆီ ဟု ခေါ်သော ဘင်္ဂါလီ ကျေးရွာ အပြင် လယ်ကွင်း ထဲတွင် မိုးများ သည်းထန်စွာ ရွာသွန်းနေသည့် ကြားမှ ဗိုလ်ချုပ်ကြီး ရော်ဘတ် ကလိုက် ဆိုသူ ဦးဆောင်သည့် ဗြိတိသျှ စစ်သား ၉၀၀ ခန့်နှင့် ဂေါ်ရခါး စစ်သား ၂၀၀ ခန့်သည် ချီတက်လာပြီး ပြဿနာ ရှာနေသော နာဝပ် သူပုန်တပ်ဖွဲ့အား ချေမှုန်းခဲ့ကြသည်။

 

ကလိုက် ၏ အောင်ပွဲခံလိုက်နိူင်မှုကြောင့် အိန္ဒိယ မြောက်ပိုင်း တံခါးများ ပွင့်သွားခဲ့ရမှုနှင့်အတူ အိန္ဒိယ အား သိမ်းပိုက်နိူင်ရေး အတွက် ဗြိတိသျှ တို့ ကြိုးပမ်းမှု ၏ အစပထမ ခြေလှမ်း ဖြစ်လာခဲ့ရသည်။ ကုန်သည်ကြီးများကလည်း ကုန်သွယ်မှု အစား အင်ပိုင်ယာ တည်ဆောက်နိူင်ရေး ကို အာရုံထားလာခဲ့ကြပေတော့သည်။

 

သို့သော် လန်ဒန်မှ နယ်မြေ သိမ်းပိုက် ချဲ့ထွင်ရေး မလုပ်ကြရန် ထိုအချိန်က ညွှန်ကြားထားခဲ့သော်လည်း ၎င်းတို့ ခန့်အပ်သည့် ဘုရင်ခံချုပ်များ သည် အလေးမမူသည့်အပြင် ထိုအရေးကိုသာ မဆုပ်မနစ် ကြိုးပမ်းခဲ့ကြသည်။

 

အိန္ဒိယ လူမျိုး များသည်လည်း ဗြိတိသျှ အုပ်ချုပ်ရေးကြောင့် တရားဥပဒေ၊ ပညာရေး တို့တွင် အတိုင်းအဆ မရှိသော အကျိုးကျေးဇူးများ ခံစားခဲ့ကြရသည်။ ထိုအထဲတွင် အထင်ရှားဆုံး မှာ အင်္ဂလိပ် ဘာသာရပ် ကို သင်ယူ တတ်မြောက်လာခဲ့ကြခြင်းပင် ဖြစ်သည်။

 

သို့သော် ၁၈၅၇ တွင်အိန္ဒိယ၌ ဖြစ်ပွားခဲ့သော တပ်တွင်း ပုန်ကန်မှုကြီးသည် ဗြိတိသျှ အုပ်ချုပ်ရေး ကို ရုတ်ခြည်း ဆိုသလို ပြောင်းလဲသွားစေခဲ့ရသည်။ နှစ်ပေါင်း ၂၅၈ နှစ် နီးပါး အိန္ဒိယ ကို အုပ်ချုပ်ခဲ့ကြသော အရှေ့ အိန္ဒိယ ကုမ္ပဏီကြီး၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရပြီး အသက် ၃၉ နှစ်ရှိ ပုပု ၀၀ အမျိုးသမီး တဦး၏ လက်ဝယ်သို့ လွှဲပြောင်းပေးခဲ့ရသည်။ ထိုအမျိုးသမီးကြီးမှာ ၀ိတိုရိယ ဘုရင်မကြီး ဆိုသူပင် ဖြစ်ပြီး သူမ ကြောင့် ကမ္ဘာကြီးကို လွှမ်းမိုးနိူင်ရေး သည် အင်္ဂလိပ်လူမျိုး တို့အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် ဦးတည်လာစေခဲ့သည်။ အိန္ဒိယ အား သူမကိုယ်စား အုပ်ချုပ်မည့် ဘုရင်ခံချုပ် တယောက်ထားကာ ဆက်လက် အုပ်ချုပ်လာခဲ့ပေသည်။

 

ထိုစဉ်က ဗြိတိသျှ လူမျိုး စာပေ ပညာရှင်ကြီး ရူယတ် ကစ်ပလင် ၏ ဥပဒေမဲ့ အရိုင်းအစိုင်း များကို အုပ်ချုပ်ရန် တာဝန်ကြီးသည် လူဖြူ အင်္ဂလိပ်တို့၏ ပုခုံးပေါ်သို့ ကျရောက်လာခဲ့ရသည် ဟူသော အယူအဆသည် လွှမ်းမိုးလာနေခဲ့သည်။

 

ထိုတာဝန်ကြီးသည် နောက်ဆုံးတွင် အိုင်စီအက်စ် ခေါ် အိန္ဒိယ မြို့ပြ အုပ်ချုပ်ရေး Indian Civil Servants ၀န်ထမ်း ၂,၀၀၀ နှင့် အိန္ဒိယ ရှိ ဗြိတိသျှ စစ်မှုထမ်း ၁၀,၀၀၀ တို့ ပုခုံးပေါ် ကျရောက်လာခဲ့ရပေသည်။ ထိုကဲ့သို့ လူဦးရေး သန်းသုံးရာ ခန့် ရှိသော လူမျိုးများကို နိူင်နင်းစွာ ဆက်လက် အုပ်ချုပ်နိူင်ရေး အတွက် ဗြိတိသျှ စစ်မှု ထမ်း ၆၀,၀၀၀ နှင့် အင်အား ၂၀၀,၀၀၀ ရှိသော အိန္ဒိယ စစ်တပ်ကြီးကို တိုးချဲ့ ဖွဲ့စည်းလာခဲ့သည်။

 

အိန္ဒိယ ကို တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဗြိတိသျှ အရာရှိများ၏ စိတ်ထဲတွင် ကစ်ပလင်း ရေးသားခဲ့သော စာကဗျာ များထဲကလို သာယာ လှပ ရှုမငြီး ဘွယ် ရှုခင်းများ က လွှမ်းမိုးနေပေသည်။ ခေါင်းပေါင်းကြီးများ ပေါင်းထားသော အိန္ဒိယ စစ်ဗာရီ များ၊ ထိပ်မှ ငှက်မွှေး တလူလူ နှင့် သုံးဒေါင့်ချွန် စစ်ဦးထုပ်ကြီးများ ဆောင်းကာ မြင်းစီးလိုက်လာသော ဗြိတိသျှ အရာရှိများ၊ ဟိမ၀န္တာ အရပ်တွင် သွားရောက် အပန်းဖြေနေကြသော ခရိုင်တရားသူကြီးများ၊ ကာလကတ္တား ရှိ ဘင်္ဂလားကလပ်တွင် ညီညာစွာ ရိတ်ထားသော မြက်ခင်းပြင်ပေါ်ရှိ ကရစ်ကက် ကစားပွဲများ၊ ရာဂျာစတန် မြေပြန့်အရပ်များ ရှိ ပိုလို ကစားပွဲများ၊ အာသံပြည်နယ်တွင် ကျား များ လိုက်လံသတ်ဖြတ်ရသည့် ပွဲများ အစရှိသည့် ပျော်ပွဲရွှင်ပွဲများ တွင် ပါဝင် ဆင်နွှဲလာခဲ့ကြပေသည်။ တကယ်တမ်း တွင် ထို အရာရှိများသည် ဗြိတိသျှ သူကောင်းမျိုးနွယ်များမှ ဆင်းသက်လာကြသူများ မဟုတ်ပဲ အင်္ဂလန်ရှိ သာမန် လူတန်းစားများမှ မွေးဖွားကြီးပြင်းခဲ့ကြသူများသာ ဖြစ်ပေသည်။

 

ထိုသို့သော မိသားစုများ မှ ဆင်းသက်လာသော အင်္ဂလိပ် လူငယ်လူရွယ်များ အဖို့ ၎င်းတို့ကြီးပြင်းခဲ့ရာ အရပ်တွင် မရနိူင် မခံစားနိူင်သည်များ ကို ရယူနိူင်ကြသည့် ကိုလိုနီ ဒေသများသို့သွားရောက်အမှုထမ်းရန် လွန်စွာ စိတ်အားထက်သန်ခဲ့ကြသည်။

 

အသက် နှစ်ဆယ့်လေး၊ နှစ်ဆယ့် ငါး အရွယ်လောက် နှင့် ရောက်လာကြသော အိုင်စီအက်စ် အရာရှိ ပေါက်စလေးများ မှ စကော့တလန်ထက်ပင် အရွယ်အစားကြီးမားသော ဒေသ ကို တဦးတည်း အုပ်ချုပ်ခဲ့ကြရပြီး လူတသန်း ခန့် အကြား ဖြစ်ပေါ်နေသော အမှု အခင်းများကို စီရင် ကိုင်တွယ်ခဲ့ရပြန်သည်။

 

၎င်းတို့အဖို့ကား ဘုံဘေ၊ ကာလကတ္တား၊ လာဟို၊ ဒေလီ နှင့် ဆင်းမလား ရှိ ဧည့်ခံပွဲကြီးများ လည်း တက်ရောက်ခဲ့ကြရပြန်သည်။ သို့သော် ထိုဧည့်ခံပွဲကြီးများတွင် လင်ဗန်းများ ကိုင်ကာ စားပွဲတခုမှ တခု သွားလာနေသော အိန္ဒိယ လူမျိုး စားပွဲထိုးများမှ အပ ဧည့်သည် အဖြစ် တက်ရောက်လာသော အိန္ဒိယ လူမျိုး တဦးတလေမျှပင် မြင်တွေ့ကြရလိမ့်မည် မဟုတ်ပေ။ စာပို့ရထားတွဲကြီးများ တွင်လည်း အိစက်ညက်ညောသော ကတ္တီပါ ထိုင်ခုံများ၊ လိုက်ကာများ တပ်ထားသော ပြတင်းပေါက်များ၊ သန့်ရှင်း သပ်ယပ်လှသည့် စားသောက်တွဲများ ပါသည့် ပထမတန်း တွဲများမှ သာ လိုက်ပါစီးနင်းခဲ့ရပြီး အိန္ဒိယ လူမျိုး ဆို၍ လက်မှတ်စစ်များကိုသာ တွေ့ကြရပေသည်။ ထို့အတွက် အင်္ဂလန် သည် အိန္ဒိယကို အုပ်ချုပ်ခဲ့သော်လည်း အင်္ဂလိပ်များ က တသီးတခြား နေခဲ့ကြသည်ဟု ဆိုရမည် ဖြစ်သည်။

 

ငယ်ရွယ်သူများ အဖို့ အိန္ဒိယ တွင် လောက စည်းစိမ်များ ခံစားနေနိူင်သော်လည်း ရာသီဥတု ဒဏ် နှင့် ရောဂါအမျိုးမျိုး ကြောင့် သေဆုံးခဲ့ရသူများလည်း မနည်းလှပေ။

 

၁၉၁၈ ပထမ ကမ္ဘာစစ်ကြီး အတွင်း ဗြိတိသျှ စစ်သား ၆၈၀,၀၀၀ ခန့် ကတုတ်ကျင်းများထဲတွင် ကျဆုံးသွားခဲ့ရပြီးနောက်ပိုင်း အိန္ဒိယ တွင် အိုင်စီအက်စ် အဖြစ် အမှုထမ်းရန် လူ အတော် ရှားပါးလာသဖြင့် ထို ရာထူးများကို အိန္ဒိယ လူမျိုးများအား အစားထိုး ခန့်အပ်လာခဲ့ကြသည်။

 

၁၉၄၇ နှစ်သစ်ကူး နေ့တွင် မူ အိန္ဒိယ တွင် ဗြိတိသျှ လူမျိုး အိုင်စီအက်စ် ၀န်ထမ်း တထောင်ခန့်သာ ကျန်ရှိခဲ့တော့သည်။ ၎င်းတို့က လန်ဒန် တွင် တိတ်တခိုး ဆွေးနွေးခဲ့ရာမှ စတင်ခဲ့သည့် လျှောင်လွှဲ၍ မရသော သမိုင်း ရေးစီးကြောင်းကြီးတွင် တွယ်ညိကျန်ခဲ့ရသူများသာ ဖြစ်ပေတော့သည်။