နိုင်ငံတကာ ရေးရာ မိတ်ဆက်(57)

by Hla Soewai - Apr 13 2024

နောက်ပိုင်း တနှစ်အကြာ ဆောင်းဦးပေါက် တွင် အမေရိကန် ထောက်လှန်းရေး ၏ လေကြောင်းကင်း ထောက် ဓါတ်ပုံများ အရ ဆိုဗီယက်သည် ကျူးဘားတွင် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည်များ ချထားရန် ပြင်ဆင်နေသည်ကို သိရှိလာခဲ့သည်။ ဆိုဗီယက်တို့ ဘာကို ရည်ရွယ်ပြီး လုပ်သည် ဆိုသည် နှင့် ပတ်သက်ပြီး အမေရိကန် ထောက်လှန်းရေး သုတေသီ တို့ ဝေခွဲမရ ဖြစ်နေသည်။

 

၎င်းတို့ စဉ်းစား၍ ရသည်က ကျုးဘားရှိ ဒုံးကျည်များ ဖြင့် အမေရိကန် တို့ အား အနောက်ဘာလင် ကို စွန့်လွှတ်ပေးရန်၊ တူရကီရှိ ဒုံးကျည်များ ရုပ်သိမ်း‌ ပေးရန် နှင့် ကျုးဘားကို နောက်တကြိမ် ထပ်၍ ကျုးကျော် တိုက်ခိုက်ခြင်း မလုပ်ရန် အစရှိသည် တို့ကိုအပေးအယူ လုပ်ဖို့ ကြံစည်လာခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။

 

ထို့ပြင် လက်ရှိ နျူကလီယား အင်အား ချိန်ခွင်လျှာကို ပြောင်းလဲရန်၊ ငယ်ငယ်ရွယ်ရွယ် နှင့် သမ္မတ ဖြစ်လာသည့် ကနေဒီ အား ‌၎င်း၏ ဝက် ပင်လယ်အော် အရေးအခင်း အလွဲလွဲ အချော်ချော် ဖြစ်သွားသည်ကို ကြည့်၍ သွေးတိုးစမ်းကြည့် နိုင်ရန် လည်း ဆိုဗီယက် တို့ဖက်မှ တွက်ဆခဲ့၍လည်း ဖြစ်နိုင်သည်။

 

ဆိုဗီယက်တို့ မည်သို့ပင် ရည်ရွယ် ချက် ရှိခဲ့သည် ဖြစ်စေ အတွက်အချက် မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ တွင် ဆိုဗီယက် ပြည်ထောင်စု ထဲတွင် ရှိနေသည့် ဒုံးကျည်များ သည် အမေရိကန် ကို ပစ်ခတ် နိုင်စွမ်း ရှိနေ၍ အန္တရာယ် က ရှိနေပြီး ဖြစ်သည်။ ယခုလို အမေရိကန် နှင့် နီးကပ်သော နေရာမျိုး တွင် လာရောက် ဖြန့်ကြက်ထားခြင်းအား မည်သို့မျှ လက်ခံ နိုင်စရာ မရှိသော နိုင်ငံရေး နှင့် စစ်ရေး အရ စိန်ခေါ်မှု ဖြစ်သည်ဟု သမ္မတ ကနေဒီ နှင့် ၎င်း၏ အကြံပေးများက ဆုံးဖြတ်လိုက်ကြသည်။

 

ထိုမျှ နီးကပ်စွာ ရှိလာမည့် ဆိုဗီယက် ဒုံးကျည်များ၏ ရန်ကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ချိန် မရှိသလောက် ဖြစ်သွားမည့်အပြင် ယင်းအား မည်သို့မျှ အရေးမယူပဲ ထားက မိမိတို့အား အင်အား ချိနဲ့ နေပြီဟု ယူဆစရာ ဖြစ်လာနိုင်သည်။

 

အမေရိကန် သည် ထိုအရေးအား စစ်ရေးအရ လက်တုံ့ပြန်မည် ဆိုက နျူကလီယား စစ်ပွဲအထိ အရှိန် မြင့်လာပြီး နှစ်နိုင်ငံစလုံး ပြာပုံ ဘဝ ရောက်နိုင်သည့် အဖြစ်ကိုလည်း စိုးရိမ်နေပြန်သည်။

 

ထို့အတွက် နျူ ဒုံးကျည်များ သယ်ဆောင်လာမည်ဟု ယူဆရသည့် ဆိုဗီယက် သင်္ဘောများ ကျုးဘားသို့ မရောက်နိုင်အောင် ရေကြောင်း မှ ပိတ်ဆို့ရန် ရွေးချယ်လာခဲ့သည်။

 

နောက်ဆုံးတွင် အမေရိကန် နှင့် ပင်လယ်ပြင်တွင် ထိတ်တိုက် ရင်ဆိုင်ရမည့် အရေးကြောင့် ဆိုဗီယက်တို့ နောက်ဆုတ်သွားခဲ့သည်။ အပြန်အလှန် အနေဖြင့် ကျုးဘားအား ကျုးကျော်တိုက်ခိုက်ခြင်း မပြုပါဟု အမေရိကန် တို့ လူသိရှင်ကြား ထုတ်ဖေါ် ကတိပေးခဲ့ရပြီး တူရကီ တွင် ချထားသည့် တာလတ်ပစ် နျူကလီယား ဒုံးကျည်များကို တိတ်တဆိတ် ဖယ်ရှားပေးခဲ့ရသည်။

 

‌နောက် ပိုင်း စစ်အေး တိုက်ပွဲကြီး အဆုံးသတ် ပြီး နှစ် နှစ်ဆယ် ကြာသွားခဲ့သော် လည်း ကျုးဘားသည် ဒီမိုကရေစီ လက်မခံသည့် ကွန်မြူနစ် နိုင်ငံ အဖြစ် ဆက်ရှိနေခဲ့သည်၊ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒသည်လည်း အမေရိကန် အပါအဝင် အိမ်နီးချင်း နိုင်ငံများ နှင့် မကြာခဏ ဆိုသလို ကန္တေကောစ ဖြစ်နေခဲ့သည်။

 

၁၉၇၀ ကျော် နှစ်များထဲ ရောက်လာခဲ့ချိန်တွင်လည်း အမေရိကား အလယ်ပိုင်း ဒေသသည် စစ်အေး တိုက်ပွဲ ကြီး ဆင်နွှဲရာ အဓိက စစ်မျက်နှာ များ တွင် ပါဝင်လာခဲ့သည်။ ၁၉၈၀ ကျော် အစောပိုင်း နှစ်များထဲတွင် ထိုအတိုင်း ဆက်ရှိနေခဲ့သည်။

 

ဆိုဗီယက် မှ လက်တင် အမေရိကားရှိ လက်ဝဲ ပျောက်ကြား တော်လှန်ရေးများနှင့် အစိုးရများကို ပံ့ပိုးပေးလာခဲ့ပြီး၊ အမေရိကန် မှလည်း ဒီမိုကရေစီ မကျင့်သုံးသည့် တိုင် ကွန်မြူနစ် ဆန့်ကျင်သော အစိုးရများ၊ ကွန်မြူနစ် အစိုးရများ အင်အားချိနဲ့စေရန် ကြိုးပမ်းနေသည့် အုပ်စုများကို ထောက်ခံလာခဲ့သည်။

 

အဓိက အားဖြင့် အယ်ဆာဗေဒို၊ နီကာရာဂွာ နှင့် ဟွန်ဒူးရပ်စ် နိုင်ငံများ တွင် ဖြစ်သည်။

 

၁၉၈၀ ကျော် နှစ် များ အလယ်ပိုင်း ရောက်လာသည့် အခါတွင်တော့ ကွန်မြူနစ် မဟုတ်သည့် အစိုးရများ အာဏာ ရရှိလာခဲ့မှု နှင့် အတူ ဒေသတွင်း ငြိမ်းချမ်းမှု လွှမ်းမိုးလာခဲ့သည်။

 

သို့သော် လပေါင်း များစွာ ကြာအောင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီး အကြောင်းကိုတော့ ချန်လှပ်ထားခဲ့၍ မဖြစ်ပေ။ ထိုစစ်ပွဲကြီးသည် အာဂျင်တီနား ကမ်းလွန် ရှိ ကျွန်းစု များ တွင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

 

ဗြိတိန် မှ နှစ်ပေါင်း တရာ ကျော် ထိန်းချူပ်လာခဲ့သည့် ဖောက်ကလန် ဟု ခေါ်ဝေါ်သည့် ကျွန်းစု များအား အာဂျင်တီနား မှ ၎င်းတို့ပိုင် မားဗီနား ကျွန်းစု အဖြစ် ကြေညာလာခဲ့သည်။

 

၁၉၈၂ တွင် အာဂျင်တီနား ရှိ စစ်အစိုးရသည် ၎င်းတို့ အပေါ် လူထု၏ ထောက်ခံမှု ရလာစေရန် ဆိုင်းမဆင့် ဗုံမဆင့် ပင် အကာအကွယ် မဲ့‌ နေသော ထိုကျွန်းစုများအား ကျုးကျော် သိမ်းပိုက်လိုက်ကြသည်။

 

ထိုစဉ်က ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်သူ မာဂရက် သက်ချာသည် အာဂျင်တီနား၏ လုပ်ရပ်အား လက်ခံနိုင်စရာ မရှိဟု ဆုံးဖြတ်ကာ ရေတပ် ကို စေလွှတ်ကာ ပြန်လည် တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။ ဗြိတိန် နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် အာဂျင်တီနား စစ်အစိုးရသည် ၎င်းတို့ မျှော်လင့်သလို လူထု ထောက်ခံမှု ရမလာပဲ ပြုတ်ကျသွားခဲ့သည်။

 

ဖောက်ကလန် စစ်ပွဲ သည် နိုင်ငံတကာ ဥပဒေ စိုးမိုးရေး နှင့် ဒီမိုကရေစီ အတွက် အောင်ပွဲဟု ဆိုရမည် ဖြစ်သည်။