ဒေလီတွင် ရှိခဲ့စဉ် ဝေဗဲလ် နှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့သည်များ ထဲမှ တခုကို မဖြစ်မနေ စည်းကမ်းချက် တခု အနေဖြင့် ၀န်ကြီးချုပ် ထံမှ တောင်းဆိုရမည်ဟု စိတ်ကူးရလာခဲ့သည်။ ဤသည်ကား အိန္ဒိယအား မည်သည့် အချိန်တွင် လွတ်လပ်ရေး ပေးမည်ကို အတိအကျ ကြေငြာပေးရန်ပင် ဖြစ်သည်။ သို့မှသာ နိူင်ငံရေး ခေါင်းဆောင်များ အနေဖြင့် အချိန်မရှိတော့သည်ကို သိလာပြီး လက်တွေ့ကျကျ လေးလေးနက်နက် စတင် ဆွေးနွေးလာကြလိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့၍ ဖြစ်ပေသည်။
နောက်တချက် တောင်းဆိုရမည်မှာ ဘုရင်ခံချုပ် အနေဖြင့် သူလုပ်သင့်သည်များကို လန်ဒန်သို့ ပြန်၍ အစီရင်ခံပြီး ခွင့်ပြုချက် တောင်းခံစရာ မလိုသည့် အလုံးစုံသော အာဏာကို အပ်နှင်းပေးရေးပင် ဖြစ်သည်။
အက်တလီ သည် စကား ပြန်မပြောနိူင်အောင် အတန်ကြာ တိတ်ဆိတ်သွား၍ မောင့်ဘက်တန် က သူ့အား ခန့်အပ်မှု ရုတ်သိမ်းပေတော့မည်ဟု စိတ်ထဲမှ ကြိတ်၍ ကျေနပ်နေသည်။
အဆုံးတွင် အက်တလီလည်း သက်ပြင်းကြီး တချက် လေးကန်စွာ ချလိုက်ပြီး သူ တောင်းဆိုသည်များကို သဘောတူလိုက်သည်။ နောက်တနာရီ လောက်အကြာတွင် မောင့်ဘက်တန်လည်း ခေါင်းငိုက်စိုက် ဖြင့် ဒေါင်းနင်းလမ်း မှ ထွက်လာခဲ့တော့သည်။ ဤသို့ဖြင့် မောင့်ဘက်တန်သည် သူ၏နိူင်ငံသားများ အမြတ်တနိူး အထားဆုံး အင်ပိုင်ယာကြီးကို ကြိုးမိန့်ပေး ရမည့် သားသတ်သမား ဘုရင်ခံချုပ် ဘ၀ ရောက်ခဲ့ရပေတော့သည်။
ကားထဲ ၀င်ထိုင်လိုက်သည့် အချိန်တွင် ခေါင်းထဲ အတွေးတခု ၀င်လာခဲ့ရသည်။ ယခု အချိန် နှင့်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ဆယ် တိတိမြောက် နှစ်သစ်ကူးနေ့တွင် သူ့အဖွား၏ မိခင် ဖြစ်သူသည် ဒေလီ မြို့ပြင် ကွက်လပ်ကြီး တခုတွင် အိန္ဒိယ အင်ပိုင်ယာကြီး၏ အရှင်သခင်မ ဖြစ်ကြောင်း ကြေငြာခဲ့သည်။
ယခု နှစ်သစ်ကူးနေ့တွင် မြစ်တော်သူ သူ့အဖို့ အဆိုပါ အင်ပိုင်ယာကြီး ၏ နောက်ဆုံး ထွက်သက်ကို သတ်မှတ်ပေးရမည့်သူ ဖြစ်လာနေခဲ့ခြင်းပင် ဖြစ်သည်။
*************************************************************************************************************************************
ခမ်းနားကြီးကျယ်လှသော အောင်မြင်မှုကြီးများသည် တခါတရံတွင် ဘာမှ မဟုတ်သည့် အရာများ နှင့် စတင်ခဲ့ခြင်း မျိုး ရှိတတ်သည်။ ဗြိတိသျှ တို့၏ စတင် ကိုလိုနီ ကျွန်ပြုခဲ့ရသည့် အကြောင်းမှာ ငါး ရှီလင်မျှသာ တန်ဖိုး ရှိသော ငရုတ်ကောင်းမှုန် တပေါင် နှင့် စတင်လာခဲ့သည်။ ဟင်းခတ် အမွှေးအကြိုင်များ ကုန်သွယ်မှုကို ထိမ်းချုပ်ထားသော ဒပ်ခ်ျ စွန့်စားသွားလာသူများက ငရုတ်ကောင်းမှုန့် တပေါင်၏ ဈေးနှုန်း ကို မြှင့်တင်ခဲ့ကြသည်။
အကြောင်းမဲ့ ဈေးနှုန်းမြှင့်တင်လိုက်သည်ကို မခံမရပ်နိူင် ဖြစ်လာကြသော လန်ဒန် ရှိ ကုန်သည်ကြီး နှစ်ဆယ့်လေးယောက် သည် ၁၅၉၉ စက်တင်ဘာ ၂၄ ရက်တွင် လီဒင်ဟော လမ်းရှိ မထင်မရှား အဆောက်အဦးတခုသို့ စုရုံး ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ စုရုံးရောက်ရှိလာသည့် ရည်ရွယ်ချက်သည်ကား ကုန်သွယ်ရေး လုပ်ငန်းများ အတွက် ကုမဏ္ဍီ တခု မိမိတို့ အစီအစဉ် ဖြင့် စတင်တည်ထောင်နိူင်ရေး ဆွေးနွေးရန် ဖြစ်သည်။ ထို အစည်းအဝေးမှ ကနဦး မတည်ငွေ ပေါင်စတာလင် ၇၂,၀၀၀ အား အစုရှယ်ယာ ၀င် ၁၂၅ ဦး မှ ထည့်ဝင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို လုပ်ငန်းကြီး ကျယ်ပြန့်လာရသည်နှင့်အမျှ အိန္ဒိယ ကုန်းမြေကြီးတွင် ဗြိတိသျှ ရပ်ခ်ျ** ခေါ် ဗြိတိသျှ အုပ်ချုပ်ရေးကို တည်ထောင်လာနိူင်ခဲ့ကြပေတော့သည်။
(**Raj ဆိုသည်ကား ဟိန္ဒူ ဘာသာ စကား ဖြစ်ပြီး ၁၈၅၈ တွင် အရှေ့ အိန္ဒိယ ကုမဏ္ဍီကြီးမှ အိန္ဒိယ အား ဆက်လက်အုပ်ချုပ်ရန် ဗြိတိသျှ ထီးနန်း ထံ လွှဲပြောင်းပေးအပ်ခဲ့ချိန်မှ စ၍ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။)
၁၅၉၉ ဒီဇင်ဘာ ၁ ရက်နေ့တွင် ပထမ အဲလီဇဘက် ဘုရင်မကြီးသည် ဂွတ်ဟုတ် အငူ တဖက်ရှိ နိူင်ငံများ အားလုံးသို့ အထူး သီးသန့် ကုန်သွယ် ခွင့် ပဋိညာဉ်စာတမ်း ကို အဆိုပါ ကုမဏ္ဍီကြီးအား လက်မှတ်ထိုး ပေးအပ်ခဲ့သည်။ ဤသို့ ဖြင့် ၁၆၀၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်တွင် ဟက်တာ ဟု အမည်ပေးထားသည့် တန်ချိန် ၅၀၀ ရှိ ဗြိတိသျှ ရွက်သင်္ဘောကြီး သည် ဘုံဘေ ရှိ ဆူရတ် ဆိုသည့် ဆိပ်ကမ်းလေးသို့ စတင် ရောက်ရှိလာခဲ့ခြင်းနှင့်အတူ ဗြိတိသျှ တို့ အိန္ဒိယ အား ခြေချလာခဲ့ကြသည်။
သင်္ဘော မာလိန်မှူး ဖြစ်သူ ၀ီလျံ ဟောကင်းသည် အဂ္ဂရာ (Agra) ရှိ မိုဂူးလ် အင်ပါယာ ပြည့်ရှင်နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရှိလာရသည့်အခါ ၎င်း လွန်စွာ အထင်ကြီးခဲ့သော ဗြိတိသျှ ဘုရင်မကြီး အဲလီဇဘက်သည် ပြည်နယ် လေး တခုရှိ ထီးနန်းလောက်ကိုသာ အုပ်ချုပ်စိုးစံနေသည့် အဆင့်သာ ရှိသည်ကို သိရှိသွားခဲ့ရပေသည်။
မိုဂူးလ် ဘုရင်က သူ့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး နန်းတော်တွင် တည်းခိုစေသည့်အပြင် မောင်းမမိဿံများထဲမှ အချောဆုံး အလှဆုံး ဖြစ်သည့် အာမေးနီးယန်း အပျိုတော် တဦးကိုပါ လက်ဆောင် အဖြစ် ပေးခဲ့ပြန်သည်။
ဘုံဘေ မြို့ မြောက်ဖက်တွင် အရှေ့ အိန္ဒိယ ကုမ္ပဏီ ၏ ကုန်သွယ်ရေး စခန်း ဖွင့်ခွင့် ပြုသည့် အမိန့်ပြန်တမ်းကိုပါ ဟော့ကင်း ရရှိသွားခဲ့ပေတော့သည် ။ နောက်ပိုင်းတွင် တလ လျှင် သင်္ဘော နှစ်စီး နှုန်းဖြင့် အိန္ဒိယ မှ ဟင်းခတ် အမွှေးအကြိုင်များ၊ သစ်စေး၊ သကြား၊ ပိုးထည် နှင့် ၀ါဂွမ်း ထုတ်ကြီးများက လန်ဒန် ရှိ သိမ်း မြစ်တလျောက် ဆိပ်ကမ်း ဂိုဒေါင်များ သို့ အဆက်မပြတ် ရောက်ရှိလာခဲ့ပေတော့သည်။ ထို ဆိပ်ကမ်းများမှတဆင့် ဗြိတိသျှ ထုတ်ကုန်များ အပြည့်အလျံ သယ်ဆောင်သွားသော သင်္ဘောကြီးများလည်း ထွက်ခွာ နေကြပြီး ပျားပန်းခပ်တမျှ လှုပ်ရှားနေပေသည်။ ကုမ္ပဏီ၏ အစုရှယ်ယာ ၀င်များလည်း အကျိုး အမြတ် ၂၀၀% ထိပင် ရရှိလာခဲ့ကြသည်။
ဗြိတိသျှ တို့ကို လည်း ဒေသခံများ နှင့် အုပ်ချုပ်သူများ က သူတို့ ဆက်ဆံဖူးသည့် စပိန်များလို လောဘ တကြီး မဟုတ်ကြသဖြင့် လက်ခံ ကြိုဆို ခဲ့ခြင်းဖြစ်သည်။
သို့သော် ကုန်သွယ်ရေး လုပ်ငန်း ပမာဏာ ကြီးမားလာသည်နှင့် အမျှ အရှေ့ အိန္ဒိယ ကုမ္ပဏီ အရာရှိများသည် အကျိုး အမြတ်များစွာ ရရှိနေသော မိမိတို့ လုပ်ငန်းများ ကို ကာကွယ်ရန် နှင့် ရေရှည်တည်တံ့ရန် ပြည်တွင်း နိူင်ငံရေး များတွင် တစထက် တစ ပါဝင်ပတ်သက်လာကြပေတော့သည်။ ထို့ကြောင့် အိန္ဒိယ အား မူလ က ရည်ရွယ်ထားခြင်း မရှိသော သိမ်းပိုက် အုပ်ချုပ်နိူင်ရေး အထိ ဖြစ်လာခဲ့သည်။