နိုင်ငံရေး
အာဖရိကတွင် နိုင်ငံရေး အားဖြင့် အနှစ်သာရ ရှိရှိ တိုးတက်လာသည့် နမူနာ များစွာ ရှိနေပြီး ရှေ့လျောက်လည်း အလားတူ တိုးတက်လာဖို့ ရှိနေသည်။ နိုင်ငံ များစွာ တွင် ဒီမိုကရေစီ သည် နေရာ ယူလာနေပြီ ဖြစ်သည်။
ယခုအခါ အာဖရိက တိုက်သား တဝက်ကျော်ကျော်သည် နိုင်ငံ ရေး အားဖြင့် လွတ်လပ်သော သို့မဟုတ် တဝက်တပျက် လွတ်လပ်မှု ရှိသော နိုင်ငံများ တွင် နေထိုင်ခွင့် ရလာကြပြီ ဖြစ်သည်။ ထိုနိုင်ငံများသည် ဒီမိုကရေစီ အပြည့်အဝ မရရှိသော်ငြားလည်း အလုပ် ဖြစ်သည့် ဒီမိုကရေစီ အဆင့်မျိုး နှင့် လည်ပတ်နေပြီ ဖြစ်သည်။
အာဏာ စွဲကိုင်ထားကြသူများ အားလည်း ဒီမိုကရေစီ နည်းလမ်း ဖြင့် မဲပေး မောင်းထုတ်နိုင်ခဲ့ကြသည့် နိုင်ငံများလည်း တိုးလာခဲ့သည်။ ထို့ပြင် ၎င်းတို့ အစားထိုး ရွေးချယ်တင်မြှောက်ခဲ့ကြသည့် နိုင်ငံ အကြီးအကဲများအားလည်း မည်ရွေ့မည်မျှ အထိသာ တာဝန်ထမ်းဆောင်ခွင့် ရှိမည် ဆိုသည့် ကန့်သတ်ချက် များ အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲတွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြသည်။
သို့သော် အာဖရိက ၏ သမိုင်းရေစီးကြောင်းသည် ဒီမိုကရေစီ ဦးတည်ရာ သို့ စီးမျော လိုက်လာနေသည်ဟု ပြောရန် တော့ စောလွန်းနေပေသေးသည်။ အလားတူ ဒီမိုကရေစီ သို့ ပြောင်းလဲ ကျင့်သုံးလာသော နိုင်ငံတနိုင်ငံ သည် လည်း ထိုအတိုင်းပင် ဆက်ရှိနေမည်ဟုလည်း ကောက်ချက်ချ၍ မရသေးပေ။
ပြည်တွင်းစစ် ဒဏ်ကို ခံခဲ့ရသည့် အာဖရိက နိုင်ငံ များစွာ ရှိနေခဲ့သည်။ ၁၉၉၀ ကျော် နှစ်များ အစောပိုင်းတွင် ဖြစ်ပွားလာခဲ့သော ရဝမ်ဒါ ပြည်တွင်းစစ် ကြောင့် လူ့အသက်ပေါင်း ရှစ်သိန်းခန့် ဆုံးရှုံးသွားခဲ့ရသည်။ အများစုမှ လူနည်းစု ဖြစ်သည့် တူဆီ လူမျိုးစု အား လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ် ကျုးလွန်ခဲ့ကြခြင်း ဖြစ်သည်။
မကြာသေးမီ ကာလများ အတွင်း ဆူဒန်၊ ဗဟို အာဖရိက သမ္မတ နိုင်ငံ၊ ကွန်ဂို ဒီမိုကရက် သမ္မတ နိုင်ငံ များတွင် လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပွားလာခဲ့သည်။ ထိုသို့သော ပဋိပက္ခများသည် ရှေ့လျောက် တဖြေးဖြေး နှင့် လျော့ပါးလာပြီး အရှိန်ကျမည့် လက္ခဏာများ လည်း မတွေ့ရသေးပေ။
အာဖရိက တွင် အရေးပါဆုံး အနေအထားဖြင့် ရပ်တည်နေသည်ဟု ပြော၍ ရသည့် နိုင်ငံ နှစ်နိုင်ငံသည်ကား တောင်အာဖရိက နှင့် နိုင်ဂျီရီယား ပင် ဖြစ်သည်။ ထိုနှစ်နိုင်ငံ စလုံးတွင် အာဖရိက တိုက် လူဦးရေ၏ ငါးပုံ တပုံ နေထိုင်လျက် ရှိပြီး ထွက်ကုန် စုစုပေါင်း၏ ၄၅ ရာနှုန်းရှိပြီး အာဖရိက ၏ မှီခိုအားထားရာ နိုင်ငံများလည်း ဖြစ်သည်ဟုပြော၍ ရသည်။
အထက်တွင် ဖေါ်ပြခဲ့သလို တောင်အာဖရိက ရှိ လူမျိုး ခွဲခြားရေး အပါသိုက် စနစ်သည် ၁၉၉၄ တွင် နိဂုံးချုပ်သွားခဲ့ပြီး လူမည်း အများစု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းလာခဲ့သည်။ သို့သော် တပါတီ အုပ်ချုပ်ရေးစနစ် အောက်တွင် မကြာခဏ တွေ့မြင်ခဲ့ရသလို အာဖရိက အမျိုးသား ကွန်ဂရက် လက်ထက်တွင်လည်း စိတ်ပျက်စရာ များ နှင့် ကြုံတွေ့လာခဲ့ရသည်။
လူတန်းစား မညီမျှ မှုသည် ဆက်လက် မြင့်မားနေပြီး နိုင်ငံရေး အပြောင်းအလဲများသည် လူမည်းအများစုအတွက် စီးပွားရေး အရ ထူးခြားမှု ရှိလာအောင် ဆောင်ကျဉ်း ပေးနိုင်ခဲ့ခြင်း မရှိပေ။ အကျင့်ပျက်ခြစားမှု များက အတိုင်းအဆ မရှိ ဖြစ်လာသည်။ ကမ္ဘာပေါ်ရှိ HIV/ AIDS ဝေဒနာရှင် အများစုသည် တောင်အာဖရိက တွင် ရှိနေသည်။ ခြုံ၍ ပြောရမည် ဆိုလျှင် အပါသိုက် လွန် တောင်အာဖရိက နိုင်ငံသားများ၏ အိမ်မက်သည် အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိဟူ၍သာ ဖြစ်သည်။
နိုင်ဂျီရီယားသည်လည်း လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၆၀ မတိုင်မီ ရာစုနှစ် တခုနီးပါး ဗြိတိသျှ တို့၏ ကိုလိုနီ အဖြစ် ရပ်တည်ခဲ့ရသည်။ ကိုလိုနီ ဘဝ မှ လွတ်မြောက်လာခဲ့ပြီး နောက်တွင် လည်း နိုင်ငံ၏ သမိုင်းသည် ပြည်တွင်းစစ်၊ ခွဲထွက်ရေး လှုပ်ရှားမှုများ၊ စစ်အုပ်ချုပ် ရေး အစရှိသည့် ဒဏ်ရာဒဏ်ချက် များ နှင့် ပြည့်နှက်လာခဲ့သည်။
နောက်ပိုငိအရပ်သား ခေါင်းဆောင်းများက နိုင်ငံရေး ပိုင်းတွင် စစ်တပ်ကို ဖယ်ထုတ်လာနိုင်ခဲ့သဖြင့် တည်ငြိမ်မှု ရှိလာပုံရသည်။ သို့သော် နိုင်ငံသည် ဘာသာရေး၊ လူမျိုးရေး၊ ပထဝီ အနေအထား နှင့် ဘာသာစကား ကွဲပြားမှု များ ရှိနေသဖြင့် ကြီးမားသော စိန်ခေါ်မှု များ ရှိနေသည်။ အခြေခံ အဆောက်အအုံ ပိုင်းလည်း ပြည့်စုံ လုံလောက်မှု မရှိသည့်အပြင် HIV/ AIDS ရောဂါ ဆိုး၏ အန္တရာယ် ကြီးလည်း ရှိနေပြန်သည်။
နိုက်ဂျီရီယား၏ လူဦးရေသည် သန်း ၂၀၀ နား ကပ်နေပြီ ဖြစ်၍ အာဖရိက တိုက်တွင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည်။ စီးပွားရေး အရလည်း အကြီးမား ဆုံး ဖြစ်သည်ဟု ပြော၍ ရသော်လည်း လူအင်အား အသုံးချ နိုင်သည့် အမျိုးသား စက်မှု လုပ်ငန်းများ၊ ဝန်ဆောင်မှု နှင့် လယ်ယာ စိုက်ပျိုးရေး ထက် ရေနံ ထုတ်လုပ်မှု ကို အမှီသဟဲ ပြုနေရသည့် အနေအထား မျိုး ဖြစ်သည်။
အကျင့်ပျက် ခြစားမှု များလည်း နေရာအနှံ့တွင် တွေ့ နေရဆဲ ဖြစ်သည်။ အကြမ်းဖက်ဝါဒ အန္တရာယ်လည်း ကြီးထွားလာနေသည်။ ဘိုကို ဟာရမ် ဆိုသည့် အစွန်းရောက် အကြမ်းဖက် အဖွဲ့သည် လက်ရှိ ဘာသာရေး နှင့် မရောယှက်သော ဒီမိုကရေစီ အစိုးရ အား ဖြုတ်ချ၍ တင်းကျပ်သော အစ္စလမ် ရှာဟီရာ ဥပဒေ နှင့် အုပ်ချုပ်နိုင်ရန် ပုန်ကန်လျက် ရှိသည်။ ယင်းအား မူဆလင် အများစု က မထောက်ခံပဲ အချို့တဝက်ကသာ ထောက်ခံပြီး ခရစ်ယာန် အများစုက ခါးခါးသီးသီး ဆန့်ကျင်နေကြသည်။
ထို့ထက် ပို၍ ကြီးမားသော ပြဿနာသည်ကား နိုင်ဂျီရီယား နိုင်ငံသား အများစုသည် မြို့တော် အဘူဂျာ ရှိ ဖက်ဒရယ် အစိုးရ အပေါ် သစ္စာခံလိုစိတ် ကင်းမဲ့နေမှု ပင် ဖြစ်သည်။
ဒေသတွင်း အဖွဲ့အစည်းများ
ဒေသဆိုင်ရာ အဖွဲ့အစည်းများသည့် အာဖရိက တွင် ကြီးမားသော အခန်းကဏ္ဍ မှ မဟုတ်ဘဲ အသင့်အတင့်မျှသာ ပါဝင်လျက် ရှိကြသည်။ အထင်ရှား ဆုံးသည်က အိုအေယူ ဟု အတိုကောက် လူသိများခဲ့သည့် အာဖရိက ညီညွတ်ရေး အသင်းကြီး Organization of Africa Unity ပင် ဖြစ်သည်။
ထိုအသင်းကြီးအား ကိုလိုနီဘဝ မှ လွတ်မြောက်စ နိုင်ငံများက ၁၉၆၃ တွင် စတင် ဖွဲ့စည်းခဲ့သော်လည်း မဆိုသလောက်သာ အလုပ် ဖြစ်ခဲ့သည်။ နောက်ပိုင်း နှစ် လေးဆယ်ခန့်တွင် အာဖရိက ယူနီယံ African Union (AU) အဖြစ် အစားထိုး ခဲ့သည်။ အိုအေယူ ထက်စာလျှင် အေယူသည် တိုးတက်မှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အေယူ၏ ဖွဲ့စည်းပုံ ထဲတွင် အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ တွင် လူမျိုးတုန်း သတ်ဖြတ်မှု များ ကျုးလွန်လာပါက ကျန် အဖွဲ့ဝင် နိုင်ငံများ မှ ဝင်ရောက် တားဆီး ဟန့်တား နိုင်ခွင့် ရှိသည်ဟု ထည့်သွင်း ပြဋ္ဌာန်းလာခဲ့သည်။ တကယ်တမ်း ထိုသို့ ဖြစ်လာပါက အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ငြိမ်းချမ်း မှု ထိန်းသိမ်းနိုင်ရန် လိုအပ်သည့် အရင်းအမြစ်များ ရှိမရှိ ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။
ရှေ့ အလားအလာ
အာဖရိကသည် အတိတ်ကာလများမှာကဲ့သို့ပင် အနာဂတ်သည်လည်း မရေရာ မသေချာမှု များ နှင့် ပြည့်နှက်နေသည်။ ကောင်းမွန်သော အစိုးရ အုပ်ချုပ်ရေး အောက်တွင် စီးပွားရေး တိုးတက်လာသည့် နိုင်ငံများ ရှိသလို တရားမဝင် သည့် နည်းလမ်းများ ဖြင့် အာဏာရယူလာသူများအောက်တွင် အကြမ်းဖက်မှု များ၊ အကျင့်ပျက် ခြစားမှု များဖြင့် သံသရာ လည်နေသည့် နိုင်ငံများလည်း ရှိနေကြသည်။
သို့သော် နိုင်ငံအားလုံး တူညီစွာ ရင်ဆိုင်နေရသည့် ပြဿနာကြီးကား လူဦးရေ တစထက်တစ ကြီးထွားလာနေမှု ပင် ဖြစ်သည်။ ထိုသို့ များပြားလာသော သန်းပေါင်းများစွာ ရှိ ငယ်ရွယ်သူ များ အတွက် လုံလောက်သည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိုးအိမ်၊ အစား အသောက်၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည့် စီးပွားရေး မျိုး ရှိထားရန် ရုန်းကန်နိုင်မှ ဖြစ်မည် ဆိုသော ဖိအားပေးမှု မျိုး နှင့် အမြဲလို ရင်ဆိုင်နေရသည်။
ထိုသို့သော စိန်ခေါ်မှု ကြီးအား နှစ်ဆယ်တရာစု တွင် အာဖရိကသည် လက်ရှိ သွားနေသော လမ်းကြောင်း အတိုင်း မည်သို့ မည်ပုံ ဖြေရှင်းနိုင်မည် ဆိုသည်က စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။