နိုင်ငံတကာ ရေးရာ မိတ်ဆက်(51)

by Hla Soewai - Mar 24 2024

အာဖရိက

 

အာဖရိက တိုက်အား ခြုံငုံ သတ်မှတ် ပြောဖို့ကား မလွယ်ကူလှပေ၊ နိုင်ငံများသည် ပုံစံ အမျိုးမျိုး နှင့် ဝိရောဓိများ ဖြစ်နေကြပြီး၊ စီးပွားရေး အရ တိုးတက်အောင်မြင်သည့် နိုင်ငံများ ရှိသလို၊ ဆင်းရဲမွဲတေပြီး နာလံ မထူနိုင်သည့် နိုင်ငံများလည်း ရှိနေသည်။ ဒီမိုကရေစီ နိုင်ငံများ ထွက်ပေါ်လာသလို ခေတ် နှင့် မညီတော့သည့် လူတစု မှ ကြီးစိုးမင်းမူ အုပ်ချုပ်နေသည့် နိုင်ငံများလည်း ရှိနေသည်။ ယင်းနှင့် အတူ တည်ငြိမ် အေးချမ်းသော နိုင်ငံများ ရှိသလို၊ ပဋိပက္မ များ နှင့် ရောပြွမ်းနေသော နိုင်ငံများလည်း ထွက်ပေါ်လာခဲ့သည်။

 

အာဖရိက တိုက်သည် အရွယ်အစား အားဖြင့် အမေရိကန်၊ အနောက်ဥရောပ နှင့် အိန္ဒိယ နိုင်ငံများ စုပေါင်းထားသည်ထက်ပင် ကြီးမားနေပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံ ပါဝင်နေသည်။ ထို့အတွက်ကြောင့် တစုတဝေးတည်း အတိုဆုံး အရှင်းဆုံး ဖေါ်ပြနိုင်ဖို့ ခဲယဉ်းနေ၍ အာဖရိက အား ဆာဟာရ အောက်ပိုင်း တောင်ဖက်ခြမ်း နှင့် ဆာဟာရ မြောက်ပိုင်း ခြမ်းဟူ၍ နှစ်ပိုင်းခွဲကာ တင်ပြသွားမည် ဖြစ်သည်။

 

အာဖရိက မြောက်ပိုင်း နိုင်ငံများသည် အာဖရိက ဒေသဆိုင်ရာ အဖွဲ့အစည်းများထဲ ပါဝင်နေသော်လည်း ၎င်းတို့ကိုယ် ၎င်းတို့ အာရပ်အုပ်စုဝင် နိုင်ငံများ အဖြစ် ယူဆထားကြသည်။ ထပ်၍ ရှုတ်ထွေး စရာ ဖြစ်လာရပြန်သည်က ဆူဒန်၊ ဆိုမာလီယာ နှင့် ဂျီဘူတီ အပါအဝင် နိုင်ငံများသည် ကိုးကွယ်သည့်ဘာသာ နှင့် စကား ကို မူတည်ပြီး တခါတရံ တွင် မက်ဂရက် ဟု ခေါ်သည့် အာဖရိက မြောက်ပိုင်း နိုင်ငံ များ ဟု ခံယူလာကြပြန်သည်။

 

သမိုင်းကြောင်း

 

ထိုကဲ့သို့ မိမိတို့ သန်ရာ သန်ရာ အုပ်စုဖွဲ့လာကြသလို ဆာဟာရ အောက်ပိုင်း နိင်ငံများ သို့မဟုတ် အာဖရိက သမိုင်း‌ ကြောင်း သည် ဥရောပ တိုက်သားများ ရောက်လာပြီး သယံဇာတများ နှင့် ဌာနေများ အပေါ် ကိုလိုနီ ပြု ခေါင်း ပုံ ဖြတ် မလာမီကပင် ရာစုနှစ်ပေါင်း များစွာ ကတည်းက ရှိထားခဲ့ပြီး ဖြစ်သည်။

 

ဥရောပတိုက်သားများသည် ဌာနေ အာဖရိက လူမည်း ဆယ်သန်း‌ ကျော် ခန့် အား ဖမ်းဆီးပြီး ကျွန်အဖြစ် ခိုင်းစေနိုင်ရန် အနောက် ကမ္ဘာခြမ်းသို့ ခေါ်ယူလာခဲ့ကြသည်။ ထိုသို့ ကျွန်ဇာတ်သွင်း ခဲ့မှုသည် ဆယ်ခြောက်ရာစု နှစ် ကတည်းက စတင်ခဲ့ပြီး တရားမဝင် လုပ်ငန်းဟု သတ်မှတ်လာသည့် ဆယ့်ကိုးရာစု နှစ် အထိ တည်တံ့ခဲ့သည်။

 

ဥရောပတိုက်သားများသာမက အာရပ်များသည်လည်း အာဖရိက တိုက် သား သန်း‌ ပေါင်းများစွာအား ကျွန် အဖြစ် မြောက်အာဖရိက နှင့် အရှေအလယ်ပိုင်း ဒေသသို့ ကျွန် ကုန်ကူးခဲ့ကြပြန်သည်။ အာရပ်တို့၏ အတ္တလန်တိတ် ဖြတ်‌ ကျော် ကျွန်ကုန်ကူးမှု သည် အလယ်ခေတ် မှ စတင်ခဲ့ပြီး နှစ်ဆယ်ရာစု နှစ်ထဲ ထိ ရှိနေသဖြင့် ဥရောပ တိုက်သားများထက် သက်တမ်းရှည်ကြာသည်ဟု ဆိုရမည် ဖြစ်သည်။

 

ကျွန်ကုန်ကူးမှု နှင့် အတူ ဥရောပတိုက်သားများသည် အာဖရိကတွင် ကိုလိုနီ နယ်မြေများ အသီးသီး ထူထောင်လာခဲ့ကြသည်။ ပြင်သစ်၊ ပေါ်တူဂီ၊ ဗြိတိန်တို့မှ စတင်လာခဲ့ပြီး နောက်ပိုင်းတွင် ဂျာမဏီ၊ ဘဲလ်ဂျီယံ၊ အီတလီ နှင့် စပိန်တို့လည်း ပါဝင်လာခဲ့သည်။ ဤသို့ဖြင့် နှစ်ဆယ်ရာစု နှစ် အစောပိုင်း ကာလ အရောက်တွင် အာဖရိကတိုက် တတိုက်လုံး နီးပါးကို ဥရောပသားများ အုပ်စီးမိလာခဲ့ကြသည်။

 

ထိုသို့ မိမိတို့ အကျိုးစီးပွား ရှိရာ ရှိကြောင်း မူတည်ပြီး အာဖရိက တိုက်အား ဝေခြမ်း ယူခဲ့ခြင်းသည် အာဖရိက တိုက်သားများ ရပ်တည်နေလာခဲ့သည့် အနေအထားများ ပျက်ယွင်းလာခဲ့သည်။ နယ်ခြားမျဉ်း များအားလည်း ဌာနေ တိုင်းရင်းသား များ၏ လူမျိုး၊ ဘာသာရေး နှင့် မျိုးနွယ်စု အလိုက် တစုတဝေး တည်း ရပ်တည်နေမှု၊ ကူးသန်း ရောင်းဝယ်‌ နေမှု များကို အလေးဂရုပြုရ ကောင်းမှန်း မသိပဲ ထင်သလို ရေးဆွဲ ပိုင်းခြား ပစ်ခဲ့ကြသည်။

 

အာဖရိက တိုက်ရှိ နိုင်ငံများ၏ အတွင်း အပြင်တွင် မတည်ငြိမ်မှု များ ဖြစ်ပွားလာအောင် ကိုလိုနီဝါဒ က မျိုးစေ့များ ချပေးလိုက်ခြင်းပင် ဖြစ် ပေတော့သည်။ သို့သော် အာဖရိက နိုင်ငံများ ကိုလိုနီ ဘဝ ကျရောက်ခဲ့သည်မှာ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသည့် အထိသာ ကြာညောင်းခဲ့သဖြင့် ရာစုနှစ် တခုမျှသာ သက်တမ်း ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

 

စစ်အေးတိုက်ပွဲ ဖြစ်ပွားလာပြီး နောက်တွင် အမေရိကန် နှင့် ဆိုဗီယက် ပြည်ထောင်စုသည် အာဖရိကရှိ ကိုလိုနီ များ အပေါ် စိတ်ဝင်စားမှု မရှိကြတော့ပေ။ အမေရိကန်သည် အာဖရိက တွင် ဥရောပ နိုင်ငံများ၏ ကိုလိုနီ အဖြစ် သိမ်းပိုက်ထားမှု ကို အဆုံးသတ် စေချင်လာသည်၊ ဤသည်ကလည်း စိတ်ရင်းကောင်း နှင့် တော့ မဟုတ်၊ ထိုနိုင်ငံများရှိ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ များကို ဆိုဗီယက်တို့ ဝင်ရောက် ကူညီပြီး ခြေကုပ် ယူလာကြမည်ကို စိုးရိမ်လာသော ကြောင့် ဖြစ်သည်။

 

ဥရောပ နိုင်ငံအများစု ကိုယ်နှိုက်ကလည်း အာဖရိကတွင် ကိုလိုနီ များ အဖြစ် ဆက်၍ ထိန်းထားရမည့် အရေးသည် ကုန်ကျစရိတ် များ အဆမတန် များလာ၍ အခွန်ထမ်း ပြည်သူများက မေးခွန်းထုတ်လာကြခြင်းကြောင့်လည်း စိတ်ကုန်စ ပြုလာနေသည်။

 

ထိုနိုင်ငံများ ထဲတွင် ပြင်သစ် မပါခဲ့၊ ပြင်သစ်သည် ၎င်း၏ ကိုလိုနီ အဖြစ် သိမ်းပိုက်ထားမှု အဖြစ် မယူဆပဲ ပြင်သစ် ပိုင် နယ်မြေ များ အဖြစ် သတ်မှတ်ရန် စိတ်ကူး ရှိနေ၍ အယ်ဂျီရီယား တွင် ကုပ်ကပ် ဆုပ်ကိုင်ထားခဲ့သည်။ သို့သော် အယ်ဂျီရီယား အမျိုးသား လွတ်မြောက်ရေး စစ်ပွဲ ကို ရှစ်နှစ်ကြာ နှိမ်နှင်းခဲ့သော်လည်း မအောင်မြင် ခဲ့သဖြင့် ၁၉၆၂ တွင် လက်လျော့သွားခဲ့သည်။ အယ်ဂျီရီယား စစ်ပွဲတွင် ပြင်သစ် ဖက်မှ ၁၅,၀၀၀ ခန့် ကျဆုံးခဲ့ပြီး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု အား အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရသည်။ အယ်ဂျီရီယား နိုင်ငံသား သိန်းပေါင်းများစွာလည်း အသက်ဆုံးရှူံးသွားခဲ့ရသည်။

 

အာဖရိက နိုင်ငံများသည်လည်း အရှေ့အလယ်ပိုင်း နှင့် တောင်အာရှ မှာ ကဲ့သို့ပင် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ကိုလိုနီ စနစ်ကို အလျှင်အမြန် ဖျက်သိမ်းပစ်ခဲ့မှုကြောင့် ပြည်တွင်းပဋိပက္ခများ နှင့် အခါအားလျှော်စွာ ရင်ဆိုင်လာခဲ့ရသည်။ ဘဲလ်ဂျီယံ ကွန်ဂို၊ နိုင်ဂျီရီယား နှင့် အခြား လွတ်လပ်လာသော နိုင်ငံများစွာတွင် ပြည်တွင်း စစ်ကြီး ဖြစ်ပွားလာခဲ့သည်။

 

ထို့နောက်ပိုင်းမှစ၍ အာဖရိက နိုင်ငံ အများစုသည် အစိုးရ ကောင်းများ၏ အုပ်ချုပ်မှု ရရှိရေး အတွက် ရုန်းကန်တိုက်ပွဲ ဝင်နေခဲ့ရပြီး စိန်ခေါ်မှု ပေါင်းများစွာနှင့် တောက်လျှောက် ရင်ဆိုင် လာခဲ့ရသည်။ အောင်မြင်သွားခဲ့သည် များ ရှိသော်လည်း ခြင်းချွက် ဟု ပြော၍ ရသည့် ထူးထူးခြားခြားအနေအထား မျိုးသာ ဖြစ်သည်။ ယေဘုယျ အားဖြင့်အာဖရိက တိုက် အနှံ့အပြားတွင် အာဏာရှင်များ၊ အကျင့်ပျက် ခြစားသည့် အစိုးရများကိုသာ တွေ့လာရသည်။ ထိုသို့သော နိုင်ငံများတွင် တည်ငြိမ်မှု ကင်းမဲ့ပြီး နိုင်ငံသား အများစု၏ တိုးတက်ရာ တိုးတက်ကြောင်း စီးပွားရေး အခွင့်အလန်း များလည်း ဆုံးရှုံးသွားခဲ့ကြရသည်။