ဒေါ်နယ် ထရန့် လက်ထက်တွင် ဆီရီးယား အစိုးရ မှ ဓါတု လက်နက်များ ဖြင့် ထပ်မံ တိုက်ခိုက်လာပြန်၍ စတိ သဘောမျိုး တိုက်ခိုက် ပြခဲ့သည်။သို့သော်လည်း အမေရိကန် အပေါ် ကမ္ဘာအမြင်သည် ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။
ထိုအမြင်ကို နောက်ထပ် ခိုင်မာသွားအောင် ပံ့ပိုးပေးခဲ့သည့် ဖြစ်ရပ် တခု ပေါ်ထွက်လာပြန်သည်။ ဤသည်ကား ၂၀၁၉ စက်တင်ဘာလ တွင် အီရန်မှ ဆော်ဒီ အာရေးဗီယား၏ ရေနံ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုလုပ်ရပ်အား ထရန့် အစိုးရမှ စစ်ရေး အရ လက်တုန့်ပြန်ခဲ့ခြင်း မရှိသည့်အပြင် ဆီရီးယား တွင် အိုင်စစ် အကြမ်းဖက် သမားများ အင်အားချိနဲ့ သွား အောင် စွမ်းစွမ်း တမံ တိုက်ခိုက်ခဲ့သည့် ကပ်ဒ် တပ်များ အား ပံ့ပိုးပေးနေမှုကိုလည်း ရုပ်သိမ်းသွားခဲ့သည်။ ထိုလုပ်ရပ်များ ကြောင့် အမေရိကန်သည် ကမ္ဘာဇာတ်ခုံ မှ ပတ်စာခွာ ဖျာသိမ်းနေပြီ ဆိုသည်မှာ ပို၍ သေချာသွားခဲ့သည်။
ထိုသို့ ရှုမြင်လာမှု များ ကို ပြန်လည် တည့်မတ်နိုင်ရန် သမ္မတ ထရန့်သည် နောက်ပိုင်းတွင် အီရန် အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ပြည်ပရောက် တပ်ဖွဲ့များ၏ စစ်ကဲကြီး ဖြစ်သူ ကွာဆင် ဆူလေမန်နီး အား ပစ်ခတ် ရှင်းလင်းရန် အမိန့်ပေးလာခဲ့သည်။ သို့သော် ထို့ထက် ပို၍ အမေရိကန်သည် မည်မျှ အတိုင်းအတာ အထိ ဒေသတွင်း လုံခြုံရေး ကိုအာမခံ နိုင်မည့် အပေါ် မေးခွန်း ထုတ်နေကြဆဲပင် ဖြစ်သည်။
ထိုသို့ မေးခွန်းထုတ်လာကြခြင်းမှာလည်း ကပ်ဒ် လူမျိုးစု အရေး ကြောင့်ပင် ဖြစ်သည်။ ၂၀၀၃ ခုနှစ် အမေရိကန်တို့ အီရတ်ကို ကျုးကျော်ခဲ့စဉ် အချိန် နှင့် မကြာမီ က ဆီရီးယား တွင် ပြည်တွင်းစစ်ကြီး ဖြစ်လာပြန်သဖြင့် ကပ်ဒ်တို့၏ ကံကြမ္မာ အပေါ် နောက်တကြိမ် အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည်။
ကပ်ဒ်များသည် ဆွန်နီ မူဆလင် အုပ်စုဝင်များ ဖြစ်ပြီး ယခင် ပါရှား ဒေသတွင် အခြေစိုက်နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကိုယ်ပိုင် ဘာသာစကား နှင့် ရိုးရာယဉ်ကျေးမှူ ကို ပိုင်ဆိုင်ထားကြသည်။ အော်တိုမန် အင်ပိုင်ယာ ပြိုကွဲအပြီး ပထမ ကမ္ဘာစစ် နောက်ပိုင်း ကိုယ်ပိုင် နိုင်ငံ ထူထောင်ရန် ၎င်းတို့၏ မျှော်လင့်ချက်များ ပြည့်ဝလာခဲ့ခြင်း မရှိ ဖြစ်လာသည်။
ကပ်ဒ် တို့၏ အဖြစ်သည် သီချင်းဖွင့်၍ ထိုင်ခုံများကို လှည့်ပတ် လျောက်နေသူများ သီချင်းသံ ဆုံးသည် နှင့် ချထားသော ခုံများ တွင် သူ့ထက်ငါ ဦးအောင် ထိုင်ကြရသည့် အပျော် ကစားနည်းမျိုး သံတမန်များက ဆင်နွှဲလာသည့် ပွဲတွင် နောက်ဆုံး ထိုင်စရာ ခုံ မကျန်တော့၍ ကပ်ဒ် တို့ မတ်တပ်ရပ် ကျန်ခဲ့သည် နှင့် အလားသဏ္ဍန် တူနေပေသည်။
ယခုအခါ တူရကီ၊ အီရန်၊ အီရတ်၊ ဆီရီးယား အစရှိသည့် နိုင်ငံ များတွင် ကပ်ပါးရပ်ပါး နေထိုင်နေကြရသည့် ကပ်ဒ် လူမျိုး သန်း သုံးဆယ် ကျော် ခန့် ရှိနေပြီ ဖြစ်သည်။ (ပုံတွင်ရှူ)
အဆိုပါ လေးနိုင်ငံ မှ အစိုးရ အားလုံးသည် ကပ်ဒ် တို့ လိုလားသော လွတ်လပ်ရေး မျိုး မပေးရအောင် နည်း အမျိုးမျိုး ဖြင့် ဟန့်တားထားကြပြီး ဖြစ်သည်။ ကပ်ဒ် တို့၏ နမူနာ ယူပြီး အခြား လူမျိုးစုများကလည်း တောင်းဆိုလာကြမည်ကို စိုးရွံနေကြသော ကြောင့် ဖြစ်သည်။
ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိမည့် သီးခြား နိုင်ငံ ထူထောင်ရေး အား မလိုက်လျော နိုင်က နောက်ထပ် နည်းလမ်းဖြစ်သည့် ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် အာဏာများ တိုးမြှင့် ပေးခြင်း မျိုး ပြုလုပ်နိုင်သည်။ ထိုသို့ လုပ်မည်ဆိုက ၎င်းတို့နိုင်ငံများ၏ နယ်နမိတ် မျဉ်းများကို ပြန်၍ ဆွဲစရာ လိုတော့မည် မဟုတ်ပေ။
ကိုယ်ပိုင် အုပ်ချုပ်ခွင့် အား တိုးမြှင့်ပေးရေး ဆိုသည်က ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် ဆိုသည့် ဝိသေသ လက္ခဏာများ၊ ကိုယ်ပိုင် ဘာသာစကား အသုံးပြုနိုင်ခွင့် နှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေးစား လိုက်နာရေး ပင် ဖြစ်သည်။ ထိုမျှ လောက် အနေအထား ကိုပင် ကပ်ဒ်တို့ ရှိနေသည့် နိုင်ငံများက လွန် လွန်းသည်ဟု ယူဆကာ လက်တွန့်နေကြသည်။
ဒေသတွင်း တွင် စော်ဘွား နှင့် ဘုရင် အုပ်ချုပ်သည့် နိုင်ငံများ ဖြစ်သော ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကို၊ ဆော်ဒီ အာရေးဗီယား၊ ယူအေအီး တို့သည့် ဒေသတွင်းရှိ အခြား နိုင်ငံများ နှင့် ယှဉ်လျှင် တိုးတက် ကောင်းမွန်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုနိုင်ငံများ ရှိ ခေါင်းဆောင်များ အား လူထု က ၎င်းတို့ အပေါ် အုပ်ချုပ်ပိုင်ခွင့် ရှိသူများ အဖြစ် မှတ်ယူထားကြခြင်း သည်လည်း တစိတ်တပိုင်း အားဖြင့် ပါဝင်နေသည်။
သို့သော် ထိုအတိုင်း ဆက်၍ မှတ်ယူ သွားကြမည်လား ဆိုသည်က မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဆော်ဒီ အာရေးဗီယား တွင် ထို ပြဿနာကား ရှိလာနေသည်။ စွမ်းအင် အရင်းအမြစ်များ ဖြင့် ကြွယ်ဝနေခြင်း၊ အစ္စလမ်၏ အမြင့်မြတ်ဆုံး ဝတ္တက မြေ ရှိနေခြင်း နှင့် လူဦးရေ သိသိသာသာ များပြားနေခြင်း တို့ကြောင့်ပင် ဖြစ်သည်။
ယခု အခါ ဆော်ဒီ ခေါင်းဆောင်ပိုင်းသည် ပြည်တွင်း တွင် တည်ငြိမ်မှု ရစေမည့် နည်းလမ်းများကို ကြံဆလာနေကြပြီး တဖက်တွင်လည်း နိုင်ငံ တွင်းရှိ ရှေးရိုးဝါဒီများ ကန့်ကွက်နေသည့်ကြားမှ နိုင်ငံရေး နှင့် လူမှု ရေး ပြုပြင်ပြောင်းလဲမှု များကို အကန့်အသတ် တခုထိ အကောင်အထည် ဖေါ်လာကြသည်။ ထို့ပြင် နိုင်ငံ စီးပွားရေး အားလည်း ရေနံ နှင့် ဓါတ်ငွေ့များ အပေါ် လုံးဝ နီးပါး အမှီသဟဲ ပြုနေရသည့် အဖြစ်မှ လွတ်ကင်းရန် အခြား ကဏ္ဍများကို တိုးချဲ့လုပ်ကိုင်လာကြသည်။
နိုင်ငံရေး တွင်လည်း ဘုရင် မိသားစု တစု ကိုသာ အဓိက ကိုယ်စားပြုသည့် အုပ်စု တခုတည်းကိုသာ အာဏာ လက်ဆင့်ကမ်းသွားနိုင်ရေး စီမံလာကြသည်။ ယီမင် တွင်လည်း အမြှော်အမြင် ကင်းစွာ ဆင်နွှဲခဲ့သည့် စစ်ပွဲကို နိုင်ခြေ မပေါ်မှန်း သိလာကြ၍ တပ်ခေါက် စ ပြုလာကြသည်။
သို့သော်လည်း ဆော်ဒီ ခေါင်းဆောင်ပိုင်းသည် အတိုက်အခံ ပြုသူများ ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာ ညိုးနွမ်းခဲ့ရပြီး အခြေအနေများ ပို၍ ရှုပ်ထွေးအောင် ဖန်တီးသလို ဖြစ်ခဲ့ရပြန်သည်။
အသစ် ထွက်ပေါ်လာရန် ရှိနေသည့် ဆော်ဒီ၏ မျိုးဆက်သစ် ခေါင်းဆောင်များသည်လည်း ၎င်းတို့ ကြံရွယ်သမျှ ကို မည်သို့မျှ အောင်မြင်အောင် လုပ်နိုင် ဖွယ် မရှိသဖြင့် အထက်တွင် မေးခဲ့သော မေးခွန်းသည် ဆက်ရှိ နေဦးမည်သာ ဖြစ်သည်။