အရှေ့ အလယ်ပိုင်း
အရှေ့အလယ်ပိုင်းသည် ကမ္ဘာပေါ်တွင် ဗြောင်း အဆန်ဆုံး ဒေသ ဖြစ်နေပြီး ရှေ့လျောက်လည်း ထိုအတိုင်းပင် ဆက်ရှိနေဦးမည် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ကြီး အပြီး ထိုဒေသ၏ သမိုင်းကြောင်းကို ဖေါ်ပြရမည် ဆိုက နိုင်ငံ အသီးသီး လွတ်လပ်ရေး ရရှိလာသည်မှအပ အခြား အကြောင်းအရာများသည် စစ်ပွဲများဖြင့်သာ ပြည့်နှက်နေသည်။
ထိုအထဲတွင် အာရပ်နိုင်ငံများ နှင့် အသစ် ဖွဲ့စည်း ပေါ်ပေါက်လာသည့် အစ္စရေးနိုင်ငံသစ် အကြား ဖြစ်ပွားခဲ့သော ၁၉၄၈ စစ်ပွဲ၊ အီဂျစ်မှ ဆူးအက်တူးမြောင်းကို နိုင်ငံ ပိုင် အဖြစ် သိမ်းယူခဲ့မှု ကြောင့် ဗြိတိန်၊ ပြင်သစ် တို့နှင့် အတူ အစ္စရေး တို့ ပူးတွဲ ၍ အီဂျစ်အား တိုက်ခိုက်ရာမှ ဖြစ်ပွားလာသော ၁၉၅၆ စစ်ပွဲ၊ ၁၉၆၇ တွင် ဖြစ်ပွားခဲ့သော ခြောက်ရက်စစ်ပွဲ၊ ၁၉၇၃ အောက်တိုဘာလ တွင် အစ္စရေး နှင့် အိမ်နီးချင်း အာရပ်နိုင်ငံများ အကြား ဖြစ်ပွားခဲ့သော စစ်ပွဲ၊ ၁၉၈၂ တွင် စတင်ခဲ့သော အစ္စရေး-လက်ဘနွန်စစ်ပွဲ၊ ၁၉၈၀ ကျော် နှစ်များ အတွင်း ဖြစ်ပွားခဲ့သော အီရန်-အီရတ် စစ်ပွဲ၊ အီရတ် မှ ကူဝိတ် အား ကျုး ကျော် သိမ်းပိုက်ခဲ့ရာ ၁၉၉၀-၉၁ တွင် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ ညွှန်ပေါင်း တပ်များ နှင့် အီရတ် နိုင်ငံအကြား ပင်လယ်ကွေ့ စစ်ပွဲ၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်မှ စတင်ခဲ့သော အီရတ် စစ်ပွဲ ကြီး အစရှိသဖြင့် ဖြစ်ပွားလာခဲ့သည်။
ယခုအခါတွင်လည်း နိုင်ငံ နယ်နမိတ် အတွင်း နှင့် နိုင်ငံ များ အကြား ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ အချို့ ပဋိပက္ခများသည် ဆယ်စုနှစ် နီးပါးကြာအောင် ဖြစ်ပွားလာခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှူံးနေရဆဲပင် ဖြစ်သည်။ နောက်ထပ် ပဋိပက္ခများ ဖြစ်ပွားလာမည့် အလားအလာများလည်း လွန်စွာ နီးကပ်လာနေပြီ ဖြစ်သည်။
အရှေ့အလယ်ပိုင်း ဆိုသော အမည်ကိုပင် အားလုံးက တညီတညွတ် တည်း သဘောတူခဲ့ကြခြင်း မရှိပေ။ အာရှ အရှေ့ဖျား၊ အာရှ ဟူသော အခေါ်အဝေါ်များ ရှိထားပြီး ဖြစ်၍ ဥရောပ နှင့် နီးကပ်စွာ တည်ရှိနေမှု ကြောင့် Near East အရှေ့ခြမ်း အနီး ဒေသဟူ၍ ၎င်း၊ အချို့ကလည်း အနောက်တောင်အာရှ ဟူ၍ ၎င်း ခေါ်ဝေါ်လိုကြသည်။
လက်တွေ့ တွင် အရှေ့အလယ်ပိုင်းအား ပထဝီ အနေအထား အရ သုံးပိုင်း ပိုင်း၍ ရသည်။ ယင်းတို့မှာ အီဂျစ် နှင့် မြောက်အာဖရိက လေးနိုင်ငံ ဖြစ်သော အယ်ဂျီရီယား၊ လစ်ဗျား၊ မော်ရိုကို နှင့် တူနီရှား တပိုင်း ( တခါတရံတွင် မက်ဂရက် ဟုလည်း သုံးနှုန်းကြသည်။ နောက်တပိုင်းသည် လီဗန့် ဟု ခေါ်သော အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီရီးယား နှင့် ပါလက်စတိုင်း နယ်မြေများ ဖြစ်ပြီး၊ ကျန် တပိုင်းသည် ပါရှန်းပင်လယ်ကွေ့ ကိုးနိုင်ငံ ဖြစ်သည်။ ထိုအပိုင်းကို အာရေဗျ ကျွန်းဆယ် သို့မဟုတ် အာရေဗျ ပင်လယ် ကွေ့ဟုလည်း သဘောကျသလို ခေါ် ဆို နိုင်သည်၊ ထိုအပိုင်းတွင် ပါဝင်သော ကိုးနိုင်ငံမှာ ဘာရိန်း၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ အာရေဗီယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် ယီမင် တို့ ဖြစ်ကြသည်။
အရှေ့အလယ်ပိုင်း ဒေသရှိ လူဦးရေ စုစုပေါင်းသည် သန်း ၄၅၀ ခန့် ရှိပြီး တရုတ် သို့မဟုတ် အိန္ဒိယ လူဦးရေ၏ သုံးပုံတပုံခန့် ဖြစ်သည်။ လူဦးရေ အချိုးအစားသည် အညီအမျှ ရှိနေခြင်းတော့ မဟုတ်၊ အီဂျစ်တွင် လူဦးရေ သန်း ၁၀၀ ခန့် ရှိနေသည်။ ဘာရိန်း တွင် လူ နှစ်သန်းပင် မပြည့်သေးပေ။
နေထိုင်ကြသူ အများစု သည် အာရပ်များ ဖြစ်ကြပြီး လူမျိုးစု အလိုက် ကွဲပြားနေကြသည်။ အားလုံးနီးပါးသည် မူဆလင်များ ဖြစ်ကြသည်၊ သို့သော် ကမ္ဘာပေါ်တွင် မူဆလင် ၁.၈ ဘီလီယံ ခန့် ရှိနေသည့်အထဲမှ လေးပုံသုံးပုံသည် အာရပ်များ မဟုတ်သည်ကို သတိမူရမည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းရှိ မူဆလင် အများစုသည် ဆွန်နီ များ ဖြစ်ကြပြီး တမန်တော် မိုဟာမက်ကို ဆက်ခံရမည့် အနွယ်ဝင်များ ဖြစ်သည်ဟု ခံယူထားကြသဖြင့် အီရန် တွင် ရှိကြသည့် ရှီးယိုက် မူဆလင်များ နှင့် ယဉ်ကျေးမှု နှင့် စရိုက် လက္ခဏာခြင်း တဖြေးဖြေး နှင့် ပို၍ ဝေးကွာလာခဲ့သည်။
အီရန် လူမျိုးများသည် အာရပ် များ မဟုတ်ကြသည့်အပြင် အာရပ် ဘာသာစကားကို ပြောဆိုကြသူများလည်း မဟုတ်ပေ။ ထို ဒေသတွင် ကပ်ဒ် များကဲ့သို့ လူမျိုးနွယ်စု များလည်း ရှိနေသည်။ ထိုလူနည်းစုများထဲတွင် ဆီရီယား အား ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အုပ်ချုပ်နေသည့် အာလာဝီ များလည်း ပါဝင်နေသည်။ ခရစ်ယာန် ဘာသာဝင်များလည်း ရှိနေသည်။ အစ္စရေးသည် ၎င်းတို့အားလုံး နှင့် သိသာစွာ ကွဲပြားနေပြီး အများစုမှာ ဟီဘရူး ဘာသာ စကားပြော ဂျုး လူမျိုး များ ဖြစ်ကြသည်။
ထိုဒေသ၏ GDP သည် အသင့်အတင့်မျှသာ ရှိသည်။ ပမာဏ အားဖြင့် ဒေါ်လာ ၃.၅ တြီလီယံခန့်သာ ရှိပြီး တကမ္ဘာလုံး အတိုင်းအတာ နှင့် မူ ၄ ရာနှုန်းခန့်သာ ပါဝင်နေသည်။
ဂျာမဏီသည် လူဦးရေအားဖြင့် ထိုဒေသ တခုလုံး၏ ငါးပုံ တပုံခန့်သာ ရှိသော်လည်း စီးပွားရေး ပမာဏ တွင် မူ ဒေသ တခုလုံး ပေါင်းထက် ပိုမို ကြီးမား နေသည်။ ဒေသတွင်း ထုတ်လုပ်သော စက်မှု ကုန်ပစ္စည်းများ သည်လည်း ပြင်ပ တွင် လူကြိုက်မများလှပေ။ အစ္စရေး မှ လွဲ၍ အခြား ဒေသများတွင် တီထွင် ကြံဆ ထုတ်လုပ်မှု ဆိုသည်က မရှိသလောက်ပင် ရှားပါးလှသည်။
ပါရှန်း ပင်လယ်ကွေ့ တဝိုက်ရှိ အစိုးရများသည် ရေနံမှ ရသော ဝင်ငွေကိုသာ အဓိက အမှီသဟဲ ပြုနေကြသည်။ ဒေသတခုလုံးမှ တင်ပို့သော ကုန်စည် တဝက်နီးပါးသည် ရေနံ ပို့ကုန်များ ဖြစ်သည်။ အစိုးရများသည် စီးပွားရေး ကို လွှမ်းမိုး ချုပ်ကိုင်ထားပြီး အကျင့်ပျက် ခြစားမှု များကိုလည်း နေရာအနှံ့ တွေ့နေရသည်။ အစ္စရေး မှ လွဲ၍ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများသည်လည်း ခေတ်မီခြင်းလည်း မရှိသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခြင်းမျိူးလည်း မတွေ့ရပေ။
ဒေသတွင်း ရှိ လူများ၏ အနေအထားသည် အနည်းငယ် တိုးတက် ကောင်းမွန်လာသည်ဟု ဆိုရမည် ဖြစ်သည်။ လူငယ် အများစုသည် အသက် ဆယ့်ခြောက် နှစ် အထိ အခမဲ့ ပညာသင်ကြားခွင့် ရရှိနေကြသည်။ သို့သော် သင်ကြားနေရသည့် ပညာ ရေး အဆင့် အတန်းသည် နိမ့်ကျနေသေး၍ ခေတ်သစ် ကမ္ဘာ နှင့် ရင်ဘောင်တန်းနိုင်အောင် ပြင်ဆင် မပေးနိုင် ဖြစ်နေသည်။ ထို့အတွက်ကြောင့်လည်း လူငယ်များ အလုပ်လက်မဲ့ ဖြစ်မှု နှုန်းသည် တကမ္ဘာလုံး၏ ပျှမ်းမျှ ထက်ပင် မြင့်မားနေခြင်းမှာလည်း အံ့အားသင့်စရာ ဖြစ်မလာခဲ့ပေ။ အလားတူပင် စီးပွားရေး ပိုင်းတွင် အမျိုးသမီးများ ပါဝင်နှုန်းသည်လည်း လျော့နည်းနေသည်။
အစိုးရ အများစုသည်လည်း အတိုင်းအတာ သာ ကွာခြားကောင်း ကွာခြားမည် ဖြစ်သော်လည်း အခြေခံအားဖြင့် အာဏာရှင် များ ဖြစ်နေကြသည်။ အများအပြားသည် မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာသးများ ဖြစ်သည်။ ထိုသို့ မဟုတ်ကလည်း စစ်တပ် သို့မဟုတ် နိုင်ငံတွင် ကြီးစိုးနေသော နိုင်ငံရေး ပါတီကြီး တခု နှင့် ဆက်နွယ်နေသူများ ဖြစ်နေသည်။
အမျိုးသားရေး သွင်ပြင်လက္ခဏာ နှင့် နိုင်ငံ အပေါ် သစ္စာခံမှုများသည် မိမိလူမျိုးစု၊ ဘာသာရေးနှင့် ဂိုဏ်း ဂဏ အပေါ် မူတည်ပြီး ကွာခြားနေကြသည်။