လန်ဒန် တမြုိ့လုံး မြူများ ဖြင့် ဖုံးလွှမ်းနေကာ ရာသီဥတု ကလည်း အရိုးကွဲမတတ် အေးစိမ့်နေရသည့်အပြင် မြင်ကွင်းကို သဲကွဲစွာ မမြင်ရသည်ကတကြောင်း မို့ မြို့တော်နေ လူများ စိတ် ညစ်ညူးထိုင်မှိုင်းနေကြပြန်သည်။ ပို၍ ဆိုးသည်က မုတ်ဆိတ်ရိပ်ဖို့ ရေပူ လေး ပင် လုံလောက်အောင် မရ၊ အိမ်တွင်းလည်း အပူဓါတ် မပေးနိူင်သဖြင့်လည်း အအေးဒဏ်ကြောင့် ပါးစပ်မှ အငွေ့တထောင်းထောင်း ထွက် နေကြရပြန်သည်။
လမ်းများပေါ်တွင်လည်း လူသွားလူလာ မရှိသလောက်ပင်၊ မဖြစ်မနေ သွားလာနေကြသော လူများ သည်လည်း လွန်ခဲ့သော ရှစ်နှစ်တာ ကာလတလျောက်လုံး ဖါထေး ၀တ်ဆင်ထားရသော ကုတ်အင်္ကျီ များ ဖြင့် ကသုတ်ကယက် သွားလာနေကြရသည်။ ဓါတ်ဆီ ကိုလည်း ရာရှင်နှင့် ရောင်းချနေသဖြင့် ကား များသည်လည်း တစီးတလေမျှသာ ဖြတ်သန်းသွားသည်ကို သာ တွေ့ကြရသည်။ ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် ထောင်ပေါင်းများစွာ သော အဆောက်အဦးပျက်ကြီးများ မှ ထွက်လာသော မီးခိုးများ၏ အနံ့များက လည်း လေထဲတွင် ပျံ့နှံနေပြန်သည်။
အဆိုပါ ပျော်ရွှင်မှု ကင်းမဲ့နေသော မြို့ကြီးသည်ကား လွန်ခဲ့သော ဆယ်ခုနှစ်လ ကပင် လူသမိုင်းတွင် အဆိုးရွားဆုံးသော ပဋိပက္ခကြီးမှ အောင်ပွဲခံလာခဲ့သော နိူင်ငံကြီး၏ မြို့တော်လည်း ဖြစ်သည်။
သို့သော် ထိုသို့ အောင်မြင်မှုကြီး ရခဲ့သည်နှင့်အတူ နိူင်ငံလည်း ပြိုပျက်လုမတတ် ဖြစ်ခဲ့ရသည်။ ဗြိတိန်၏ စက်မှု လုပ်ငန်းများ ပြိုလဲခဲ့ခြင်း၊ နိူင်ငံ၏ ဘဏ္ဍာတိုက်ကြီးလည်း ပြောင်သလင်းခါလုနီး ဖြစ်ခဲ့ရခြင်း ၎င်းတို့ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် ပေါင်စတာလင် ငွေများ အစား အမေရိကန် နှင့် ကနေဒါ ဒေါ်လာများ အစားထိုး ၀င်ရောက်လာခြင်း များ အပြင် စစ်ပွဲကြီး ၏ ကုန်ကျစရိတ်များ အတွက် ချေးယူထားသော ငွေများကိုလည်း ပြန်လည် ပေးဆပ်နိူင်စွမ်း မရှိ ဖြစ်လာနေရသည်။ စက်ရုံ အလုပ်ရုံများက နေရာတိုင်းတွင် ပိတ်ထားဆဲ ဖြစ်သဖြင့် နှစ်သန်းကျော်ခန့် ရှိသော ဗြိတိသျှ လူမျိုး တို့ အလုပ်လက်မဲ့ ဖြစ်နေကြရသည်။ ကျောက်မီးသွေး ထုတ်လုပ်မှုသည်လည်း ပုံမှန်ထက် တ၀က်ခန့် ကျဆင်းသွားခဲ့ရပြန်သည်။ ထို့အတွက် ဗြိတိန် ရှိ နေရာ အတော်များများ တွင် တနေ့လျင် နာရီပေါင်းများစွာ ကြာအောင် လျပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရသည်။
လန်ဒန် မြို့တော်သူ မြို့တော်သားများ အဖို့က ထိုသို့သော နှစ်သစ်ကူးနေ့များကို ရှစ်နှစ်ခန့် ဖြတ်ကျော်လာခဲ့ရပြီးလည်း ဖြစ်သည်။ အစားအသောက်၊ လောင်စာဆီ၊ အဖျော်ယမကာများ၊ ရှုးဖိနပ် အ၀တ်အထည်ကအစ ခွဲတမ်း ဖြင့် သာ ၀ယ်ယူနိူင်ခဲ့ကြသည်။ ဤသည်ကား ဟစ်တလာ အပေါ် အောင်ပွဲခံခဲ့ရသူများ ခံစားနေရသော ဒုက္ခများလည်း ဖြစ်ပေသည်။
ဆိုင်များတွင်လည်း “မရှိ” ဆိုသော ဆိုင်းပုဒ်များသာ ချိတ်ဆွဲထားကြသည်။ နိူင်ငံ၏ အထင်ရှားဆုံး င်္စီးပွားရေး ပညာရှင်ကြီး ဂျွန် မေနတ် ကိန်း ကပင် “ကျွနူပ်တို့ ဆင်းရဲသွားပြီ ဖြစ်သဖြင့် အခြေအနေနှင့် လျော်ညီစွာ နေထိုင်သွားရတော့မည်” ဟု သူ၏ နိူင်ငံသားများ ကို ပြောဆိုလာခဲ့သည်။
လန်ဒန် မြို့ကြီးသားများ အဖို့ လ္ဘက်ရည်တခွက် ဖျော်သောက်ဖို့ ရေနွေးပင် မရှိသော်လည်း ကမ္ဘာကုန်းမြေ၏ လေးပုံတပုံနှီးပါးကို ပိုင်ဆိုင်လျက် ရှိဆဲပင် ဖြစ်သည်။ ထို့ကြောင့်လည်း လန်ဒန်ရှိ အိမ်များထဲတွင် ပါးစပ်မှ အငွေ့တထောင်းထောင်း ထွက်ကာ ခိုက်ခိုက်တုန်အောင် နေ နေရဆဲ ဖြစ်သော လူများက ကမ္ဘာ ပေါ်ရှိ သန်းပေါင်း ၅၆၀ သော လူသားများ၏ အနာဂါတ်အား မည်သို့ မည်ပုံ ဆုံးဖြတ် လုပ်ကိုင်လာမည်လဲဆိုသည်ကို အာရုံစိုက်နေကြရဆဲလည်း ဖြစ်ပေသည်။
နှစ်ပေါင်း သုံးရာ နီးပါး ၎င်းတို့ စက်ရုံများ အတွက် ကုန်ကြမ်းများ ပံ့ပိုးပေးရာ၊ ထိုစက်ရုံများထွက် ကုန်ချော ပစ္စည်းများ ကို မဖြစ်မနေ ၀ယ်ယူရသည့် ဈေးကွက်များ ရှိရာ ကိုလိုနီ နိူင်ငံများက ကမ္ဘာမြေပုံကြီးပေါ်တွင် အတော်များများ နေရာယူထားကြဆဲ ဖြစ်သည်။ သန်းငါးဆယ်မျှပင် မပြည့်သော ကျွန်းနိူင်ငံလေးရှိ ကျောင်းသား လူငယ်များ၊ ကုန်သည်များ၊ စွန့်စားသွားလာသူများ အားလုံး၏ အိမ်မက် ရှိရာ အရပ်များလည်း ဖြစ်ပေသည်။
ထိုသို့သော အနေအထား များကြားတွင် အနက်ရောင် အော်စတင် ကားလေးတစီးက လူသွားလူလာ ကင်းမဲ့နေသော လန်ဒန် မြို့တော်၏ လမ်းတနေရာတွင် မြို့လည်ခေါင်ရှိရာ သို့ ဦးတည် မောင်းနှင်လျက်ရှိသည်။ အဆိုပါ ကားပေါ်တွင် စီးနင်း လိုက်ပါလာသူ သည် ဘတ်ကင်ဟန် နန်းတော်ကြီးကို ဖြတ်လာသည့်အခါ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ် က အတိတ်ကို ပြန်သတိရသွားမိခဲ့သည်။ ထိုအချိန်ကား ၁၈၉၇ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ ဖြစ်ပြီး ဘတ်ကင်ဟန် ထီးနန်းကြီးကို စိုးစံနေသော ၀ိတိုရိယ ဘုရင်မကြီး ထီးနန်းသက် နှစ် ခြောက်ဆယ် ပြည့်သည့် အခမ်းအနား အတွက် နန်းတော်မှ ရထားလုံး ဖြင့် ထွက်ခွာလာရာ ယခု အော်စတင် ကားနက်လေး ဖြစ်သန်းသွားသည့် မော လမ်းမကြီးတလျောက်တွင် ဂေါ်ရခါးများ၊ ဆစ်ခ်လူမျိုးများ၊ ပထန်များ ရွှေရောင် ကမ်းခြေဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် အာဖရိက အနောက်ဖက် ကမ်းရိုးတန်း မှ ဟော်ဆာလူမျိုးများ၊ ဆူဒန်၊ ဆိုက်ပရပ် နိူင်ငံသားများ၊ ဂျမေကာ ကျွန်းသားများ၊ မလေးလူမျိုးများ၊ ဟောင်ကောင် တရုတ်များ၊ ဘော်နီယို ကျွန်းနေ မုဆိုးကြီးများပါမကျန် လမ်းတလျောက်မှ အင်ပိုင်ယာ ပြည့်ရှင် ဘုရင်မကြီးအား ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။ ထို အဖြစ်အပျက်ကြီးကို အင်္ဂလိပ်လူမျိုး များ အဖို့ နေမ၀င်အင်ပိုင်ယာကြီး အထွတ်အထိပ်သို့ ရောက်ခဲ့သည့် အထိမ်းအမှတ်အဖြစ် တသသ ရှိခဲ့ကြသော်လည်း ယခုအခါ သူတို့ လက်ထဲမှ အဆိုပါ အင်ပိုင်ယာကြီးအား တစစီ ဆွဲယူသွားခြင်း ခံရတော့မည့် အဖြစ်ကား မလွှဲမရှောင်သာ ပေါ်ပေါက်လာနေရပြီလည်း ဖြစ်သည်။
ကားပေါ်တွင် လိုက်ပါလာသူ က သက်ပြင်းတချက် ချလိုက်ပြီး ခုံကို နောက်သို့ မှီ ထိုင်လိုက်ရင်း မျက်စိထဲတွင် အခု လောက်ဆို ဆွစ်ဇာလန် ရှိ ရေခဲဖုံးလွှမ်းနေသော တောင်တန်းတလျောက် နှင်းလျောစီးနေမည့် သူ့အဖြစ်ကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်မိသည်။ သို့သော် သူ၏ ခရစ်စမတ် အားလပ်ရက်က လန်ဒန်မှ အရေးတကြီး ဆင့်ခေါ်လိုက်ခြင်းကြောင့် ပျက်သုန်းသွားခဲ့ရပြီး ဇူးရစ်မှ တဆင့် ဘုရင် လေတပ်မတော်၏ လေယာဉ်ကြီး ပေါ် ကသုတ်ကယက် တက်ပြီး ထွက်လာခဲ့ရခြင်း ပင် ဖြစ်ပေတော့သည်။
သူ၏ ကားလည် ပါလီမန် လမ်းကို ဖြတ်ပြီး ကမ္ဘာပေါ်တွင် ဓါတ်ပုံအရိုက်ခံရဆုံး အိမ်ရှေ့တံခါးကြီး တခု ရှေ့သို့ ထိုးဆိုက်လာခဲ့ပြီ ဖြစ်သည်။ ထိုအိမ်ကြီးကား အမှတ် (၁၀) ဒေါင်းနင်းလမ်းပင် ဖြစ်သည်။ ထိုအိမ်ကြီးတွင် ပြီးခဲ့သည့် ခြောက်နှစ်လုံးလုံး နေထိုင်ခဲ့ပြီး ပါးစပ်တွင် ဆေးပြင်းလိပ်ကြီး ခဲကာ လက်ထဲတွင်လည်း တုတ်ကောက်ကြီး ကိုင်ထားသူ ကိုလည်း အမှတ်ရလိုက်မိပြန်သည်။ ထိုသူသည်ကား ဗြိတိသျှ အင်ပိုင်ယာကြီး ကို ကာကွယ်ခဲ့ရသည့် စစ်ပွဲကြီး နှင့် ဖက်ဆစ် တို့ ကို ချေမှုန်းခဲ့ရသည့် စစ်ပွဲကြီး နှစ်ခုစလုံး ကို တိုက်ခိုက်ခဲ့သည့် ၀င်စတန် ချာချီ ပင် ဖြစ်သည်။
သို့သော်လည်း ယခု အမှတ် (၁၀) ဒေါင်းနင်းလမ်း အိမ်တော်တွင် သူ့အား စောင့်ဆိုင်းနေသူသည် ချာချီ မဟုတ်ပဲ ရိုးရိုးကုပ်ကုပ် နေခဲ့ရရှာသည့် လူသာမန် တဦးမျှသာ ဟု တခါက သူ ခပ်နှိမ်နှိမ် ပြောခဲ့ဖူးသည့် ဆိုရှယ်လစ် ၀န်ကြီးချုပ် တယောက် ဖြစ်သည်။