နိုင်ငံတကာ ရေးရာ မိတ်ဆက်(38)

by Hla Soewai - Feb 22 2024

၁၉၇၀ ကျော် နှစ်များ အလယ်ပိုင်း နှစ်အနည်းငယ်လောက်မှ လွဲ၍ အိန္ဒိယသည် ဒီမိုကရေစီ ကို လွတ်လပ် ရေး ရပြီးချိန်ကစ၍ အခိုင်အမာ တောက်လျောက် ကျင့်သုံး လာသော နိုင်ငံ ဖြစ်သည်။

 

အိန္ဒိယ ၏ ခေတ်သစ် သမိုင်းကာလ စတင်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေး ရအောင် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဘာသာရေး အရ ကြားနေသော ဗဟို-လက်ဝဲ အယူအဆရှိ အိန္ဒိယ အမျိုးသား ကွန်ဂရက် သို့မဟုတ် ကွန်ဂရက် ပါတီက ဦးဆောင်လာခဲ့သည်။

 

ယခု ရာစု နှစ်ထဲတွင်တော့ ဟိန္ဒူ အမျိုးသား ရေး လက္ခဏာ ဖေါ်ဆောင်နေသည့် ဘာရာတီရာ ဂျနတာ ပါတီ (ဘီဂျေပီ) သည် ဗဟို နှင့် ပြည်နယ် အဆင့်များ တွင် အဓိက နိုင်ငံရေး အင်အားစုကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်။ 

 

ထိုသို့ အာဏာ ကို လက်ပြောင်းလက်လွှဲ ဖြစ်လာခြင်းအား မူအားဖြင့် ကြိုဆိုရမည် ဖြစ်သော်လည်း ဒီမိုကရေစီ အင်စတီကျုးရှင်း များ ခိုင်မာသည်ထက် ခိုင်မာလာရေးသည် မရှိမဖြစ် လိုအပ်နေသည်။ အိန္ဒိယသည် ဂျပန် နှင့် မက္ကဆီကို ကဲ့သို့ တပါတီတည်းက ကာလရှည်ကြာစွာ အုပ်ချုပ်လာခဲ့မှုမှ လမ်းခွဲထွက်လာနိုင်ခြင်းပင် ဖြစ်သည်။

 

ပါကစ္စတန် သည် စီးပွားရေး နှင့် နိုင်ငံရေး တွင် အိန္ဒိယ လောက် ကံအကြောင်း မလှခဲ့ဟု ဆိုရမည် ဖြစ်သည်။ စီးပွားရေး ပမာဏ အားဖြင့် အိန္ဒိယ၏ ဆယ်ပုံ တပုံသာ ရှိပေသည်။ လူတဦးချင်းစီ၏ ကုန်ထုတ်လုပ်မှု အတိုင်းအတာ GDP တွင်လည်း ဒေါ်လာ ၁,၅၀၀ စွန်းစွန်းသာ ရှိ၍ ကမ္ဘာ GDP အနိမ့်ဆုံး နိုင်ငံများ ထဲတွင် ပါဝင်နေသည်။ (ယင်းသည် တနိုင်ငံ လုံး၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုးကို လူဦးရေ နှင့် စား ၍ ရသည့် တန်ဖိုးပင် ဖြစ်သည်။

 

နိုင်ငံရေး တွင်လည်း ဒီမိုကရေစီ ဆိုသည်က အမည်သာ ကျန်ပေတော့သည်။ အစစ်အမှန် အာဏာကား စစ်တပ် နှင့် ထောက်လှမ်းရေး လက်တွင် ရှိနေသည်။ရွေးချယ် တင်မြှောက်ခံ နိုင်ငံရေး သမားများသည်လည်း အငြိမ်းစား စစ်ဖက် အရာရှိကြီးများမှ လွဲ၍ လုပ်ပိုင်ခွင့် အာဏာဟူ၍ မယ်မယ်ရရ မရှိပေ။

 

တောင်အာရှတွင် ဘင်္ဂလားဒေ့ရှ်ကို အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြသည်။ ကမ္ဘာကုန်သွယ်ရေး ဖက်က ကြည့်မည် ဆိုလျှင် ပါကစ္စတန်ထက် လွန်စွာ အရေးပါသော အနေအထားတွင် ရှိသည်။ ဘင်္ဂလားဒေ့ရှ်သည် အသင့် ချုပ်ပြီး အဝတ်အထည်များ ပြည်ပသို့ တင်ပို့ရာတွင် တရုတ်ပြီးလျှင် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်။ အမေရိကန် နှင့် ကုန်သွယ်ရေး တွင်လည်း ပါကစ္စတန်ထက် များစွာ သာလွန်လျက် ရှိသည်။ ဥရောပ ကုမ္ပဏီ များစွာ နှင့် အမေရိကန်၏ နာမည်ကြီး ကုန်အမှတ်တံဆိပ်များ ထုတ်လုပ် ရောင်းချနေသည့် ဆိုင်ကြီးများ၏ ကုန်ကြမ်းရရှိရေး မှသည် ကုန်ချော ဖြန့်ဖြူးရေး အထိ ပါဝင်သည့် supply chain တွင် ထဲထဲဝင်ဝင် ပတ်သက်နေသည်။

 

ဘင်္ဂလားဒေ့ရှ် သည် တိတ်တိတ်ဆိတ်ဆိတ်ပင် နိုင်ငံသားများ၏ ခန္ဓာကိုယ် ဖွံဖြိုးကြံခိုင်လာရေး တွင် သိသိသာသာ တိုးတက်မှု ရှိလာ‌ စေရန် အတွက် ဆောင်ရွက်လျက် ရှိသည်။ ထိုအရေး တွင် တိုင်းတာ နိုင်သော အချက်အလက်များအရ အိန္ဒိယ၊ ပါကစ္စတန် တို့ထက်ပင် သာလွန်နေသည်ကို တွေ့ရသည်။

 

ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ နှင့် နယ်နမိတ် အငြင်းပွားမှုကိုလည်း ‌ဖြေရှင်း နိုင်ခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်ဝါဒအား လည်း အခိုင်အမာ ဆန့်ကျင်လာခဲ့သည်။ မြန်မာ စစ်တပ် လက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာ ဒုက္ခသည် တသန်း နီးပါးခန့်ကိုလည်း လက်ခံထားရသည်။

 

သို့သော် ဘင်္ဂလားဒေ့ရှ်သည် ဖရိုဖရဲ နိုင်သော အုပ်ချုပ်ရေး ပုံစံနှင့် တခါတရံ အာဏာရှင် ဆန်ဆန် နိုင်ငံကို ဦးဆောင်ခဲ့မှု များ နှင့် ကြုံခဲ့ရသည်။ သို့သော် ဒီမိုကရေစီသည် အားကောင်းလာပုံ ရှိသည်။

 

လူဦးရေ သိပ်သည်းမှု အလွန်အကျွံ မြင့်မားနေမှုသည်လည်း ပြဿနာ ဖြစ်လာ‌နေသည်။ မြင်သာအောင် ဥပမာ ပေးရမည် ဆိုက အမေရိကန် နေ လူအားလုံး ၏ တဝက်ကို ဝင်စကွန်ဆင် ပြည်နယ်ထက်ပင် သေးငယ်သော ဒေသတခုထဲသို့ သွတ်သွင်းလိုက်သလို မျိုးပင် ဖြစ်သည်။

 

ထို့ပြင် လူဦးရေ အထူထပ်ဆုံးသော ဒေသများသည် ပင်လယ် ကမ်းစပ် တွင် ရှိ‌ နေပြီး ပင်လယ် ရေမျက်နှာပြင်နှင့် တပြေးညီ ဖြစ်နေ၍ ရာသီဥတု ဖေါက်ပြန်မှု ကြောင့် ဒုက္ခသည် အမြောက်အမြား ထွက်ပေါ်လာနိုင်သည့် Ground Zero ‌နိုင်ငံ ဖြစ်နေပြန်သည်။

 

သမိုင်းကြောင်း

 

တောင်အာရှ၏ ခေတ်သစ် သမိုင်းသည် ဗြိတိသျှ အင်ပိုင်ယာ ကြီးမှ အခြေခံလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုစဉ်က ယနေ့ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်နေသည့် အိန္ဒိယသည် ဗြိတိသျှ အင်ပိုင်ယာကြီး၏ နန်းစဉ် သရဖူကြီး ပင် ဖြစ်သည်။

 

သို့သော် ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ဗြိတိသျှ တို့ စစ်ပန်း၍ ခြေကုန်လက်ပမ်း ကျလာမှု နှင့် အတူ အိန္ဒိယ တွင် ဝံသာနု ရက္ခိတ တရားများ တဟုန်ထိုး အရှိန်ရလာခဲ့သည်၊ မဟတ္တမ ဂန္ဓီ သည် အကြမ်းမဖက် အာဏာဖီဆန်ရေး အား ထိရောက်စွာ အသုံးချနိုင်ခဲ့မှု အတူ လူထု အတွင်း ကိုယ်ပိုင် အုပ်ချုပ်လိုသော ဆန္ဒများ ပြင်းပြလာခဲ့၍ ဗြိတိသျှ တို့၏ ကိုလိုနီ အုပ်ချုပ်ရေးသည် အဆုံးသတ်သွားခဲ့ရ တော့သည်။

 

သို့သော် ကမ္ဘာ‌ ပေါ်ရှိ ကိုလိုနီ ဘဝ မှ လွတ်မြောက်လာသေ။ အခြားနေရာများကဲ့သို့ ပငိ အိန္ဒိယ တိုက်ကြီးတွင်လည်း အကြမ်းဖက်မှု များ ဖြစ်ပွားလာခဲ့ရသည်။

 

မိုဟာမက် အလီဂျင်နား ဦးဆောင်သော အိန္ဒိယ တိုက်ငယ်ရှိ မူဆလင်များသည် လွတ်လပ်ရေး အား ဗြိတိသျှ တို့ ထံမှ တင် မဟုတ်တော့ပဲ အိန္ဒိယ ထံမှပါ တောင်းဆိုလာကြသည်။ သို့သော် ဂန္ဒီ နှင့် အိန္ဒိယ အမျိုးသား ကွန်ဂရက်သည် အိန္ဒိယ အား ဟိန္ဓူ နိုင်ငံ အဖြစ် မဟုတ်ပဲ ဘာသာရေး ကင်းရှင်းသော ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်သွားရန် ရည်ရွယ်ထားပြီး ဖြစ်၍ ထိုသို့ ခွဲထွက်မည့် အရေးကို ဆန့်ကျင်ခဲ့ကြသည်။

 

သို့သော် ဟိန္ဒူ နှင့် မူဆလင်များအကြား လူမျိုးရေး အဓိကရုဏ်းကြီးများ ဖြစ်ပွားလာခဲ့ရာမှ လူတသန်း နီးပါး အသက်ဆုံးရှုံးသွားရပြီး ဒုက္ခသည် သန်း နှစ်ဆယ် နီးပါး ရှိလာသည် အထိ ပြင်းထန်လာခဲ့သည်။ နောက်ဆုံးတွင် ပါကစ္စတန်သည် ၎င်းတို့ ဆန္ဒ ပြည့်ဝသွားပြီး လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့သည်။

 

သို့သော် အိန္ဒိယ တိုက်ကြီးသည် နှစ်ခြမ်း ခွဲ ခံရသည်သာ အဖတ်တင်ခဲ့ပြီး ဒေသတွင်း တည်ငြိမ် အေးချမ်း လာခဲ့ခြင်း မရှိပေ။ အိန္ဒိယ နိုင်ငံသား အများအပြားသည် ၎င်းတို့ကိုယ် ၎င်းတို့ ဘာသာရေး အယူသီးသူများ မဟုတ်ပဲ လိုက်‌လျောညီထွေစွာ နေထိုင်သွားနိုင်မည့် ဒီမိုကရေစီ လိုလားသူများ ဖြစ်သည်ဟု ခံယူထားပြီး ဖြစ်သည့် အတွက် ဘာသာရေး ကို အကြောင်းပြပြီး သီးခြား နိုင်ငံ တနိုင်ငံ အဖြစ် ခွဲထွက်သွားမှု ကို မည်သို့မျှ လက်ခံ၍ မရ ဖြစ်‌လာကြသည်။ ဤသည်ကို သိထားသော ပါကစ္စတန် သည်လည်း အိန္ဒိယ အပေါ် စိတ်ချလက်ချ ယုံကြည်ထား၍ မရဟု ယူဆလာကြသည်။

 

နောက်ပိုင်းတွင် နှစ်နိုင်ငံ အကြား နယ်နမိတ် မျဉ်း နှင့် ပတ်သက်ပြီး အငြင်းပွား လာခဲ့ကြသည်။ အထူးသဖြင့် အင်ဒို-ပါကစ္စတန် နယ်ခြား မျဉ်းပေါ်တွင် ရှိသော ဂျမူး နှင့် ကက်ရှ်မီယား ဒေသတွင် ဖြစ်သည်။ ထိုဒေသတွင် နေထိုင်သူ အများစုသည် မူဆလင်များ ဖြစ်ကြသည်။

 

ပါကစ္စတန်သည်လည်း အခြားပြဿနာတရပ်နှင့် ရင်ဆိုင်လာရပြန်သည်၊ အိန္ဒိယ မှ ခွဲထွက်စဉ်ကတည်းက အလယ်တွင် အိန္ဒိယကြား ခံပြီး အရှေ့ ပါကစ္စတန်၊ အနောက်ပါကစ္စတန်ဟူ ၍ လက်ခံ ခဲ့ရမှု ပင် ဖြစ်သည်။