နိုင်ငံတကာ ရေးရာ မိတ်ဆက်(37)

by Hla Soewai - Feb 22 2024

တောင် အာရှ

 

တောင်အာရှ တွင် ရှစ် နိုင်ငံ ပါဝင်ပြီး ကမ္ဘာလူဦးရေ၏ နှစ်ဆယ့်ငါး ရာနှုန်း နေထိုင်လျက် ရှိသည်။ အကျယ်အဝန်း အားဖြင့် ကမ္ဘာမြေထု၏ ၄ ရာနှုန်း နှင့် စီးပွားရေး၏ ၄ ရာနှုန်း ပိုင်ဆိုင်ထားသည်။

 

ထိုဒေသတွင် ကမ္ဘာလူဦးရေ အများဆုံးလည်း ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံကြီးလည်း ဖြစ်သည့် အိန္ဒိယ ပါဝင်နေသည်။ တောင်အာရှ ဒေသ၏ စုစုပေါင်းလူဦးရေ ပမာဏ နှင့် ကမ္ဘာလူဦးရေ အချိုးအစားသည် လာမည့် ဆယ်စုနှစ် များ အတွင်း ထပ်မံ မြင့်တက်လာဖွယ် ရှိနေသည်။

 

ကမ္ဘာပေါ်တွင် မူဆလင် လူဦးရေ အများဆုံး နေထိုင်သည့် လေးနိုင်ငံ ထဲမှ တောင်အာရှ မှ သုံးနိုင်ငံ ဖြစ်သော အိန္ဒိယ၊ ပါကစ္စတန် နှင့် ဘင်္ဂလား‌ဒေ့ရှ် တို့လည်း ပါဝင်နေသည်။ ၂၀၅၀ တွင် အိန္ဒိယသည် ကမ္ဘာပေါ်တွင် မူဆလင် အများဆုံး နေထိုင်သည့် နိုင်ငံ ဖြစ်လာပြီး အင်ဒိုနီရှားကို ကျော်တက်သွားလိမ့်မည်ဟု တွက်ချက်ခန့်မှန်းထားကြသည်။ သို့သော် အိန္ဒိယ တွင် နေထိုင်သူ ၈၀ ရာနှုန်းသည် ဟိန္ဒူ များ ဖြစ်သည်။

 

တောင်အာရှ ဒေသတွင် ပါဝင်သော နိုင်ငံ အများစုသည် ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ကြသည်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ အကြား ဆက်ဆံရေး တင်းမာနေမှု အရိပ်မဲ ကြီး က မိုးလာခဲ့သည်။ ဒေသတွင်း နိုင်ငံ အချင်းချင်းကြား ဆက်ဆံရေးသည်လည်း အားပျော့နေသည်။

 

တောင်အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့ဟူ၍ ဖွဲ့စည်းထားသော်လည်း ထိရောက်မှု မရှိပဲ မည်ကာမတ္တာ အဆင့်မျှသာ ရှိသည်။ အိန္ဓိယ နှင့် ပါကစ္စတန် အကြား အမြဲလို အငြင်းပွားနေမှု ကြောင့် ထိပ်သီး အစည်းအဝေး ကို နှစ်စဉ် ပြုလုပ်နိုင် ခြင်း မရှိသည်ကို တွေ့ရသည်။

 

ကမ္ဘာပေါ်တွင် စီးပွားရေး အရ ဆက်သွယ် ပေါင်းကူး နိုင်မှု အနည်းဆုံး ဒေသလည်း ဖြစ်သည်။ ဒေသတွင်း နိုင်ငံများ အကြား ကုန်သွယ်ရေး သည် ပမာဏ အားဖြင့် နည်းပါးလှပြီး နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏ ၏ သေးငယ်သော အစိတ်အပိုင်း အဖြစ်သာ ရှိနေသည်။

 

တောင်အာရှ အား အဓိက ခြိမ်းခြောက်နေမှု သည် ယနေ့ထက်တိုင် အခြေမကျသေးပဲ ရုန်းကန်နေရမှု ပင် ဖြစ်သည်။ တောင်အာရှ၏ ခေတ်သစ် သမိုင်းသည် ပဋိပက္ခများ နှင့် စတင်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ နောက်ပိုင်းတွင်လည်း စစ်ပွဲများသည် မပါမဖြစ်သည့် လက္ခဏာ တရပ်လို ဖြစ်လာခဲ့သည်။ စီးပွားရေး အားဖြင့်လည်း ကျန် အာရှ နိုင်ငံ အများစုထက် နောက်ကျ ကျန်ရစ်ခဲ့သည်။

 

ယခုထိ လည်း ထိုဒေသ၏ အနာဂတ်သည် အခြေခံကျကျ ပြောင်းလဲလာမည်၊ ပို၍ ကောင်းလာမည်ဟု ယူဆနိုင်စရာ အကြောင်းတစုံတရာ မတွေ့ရသေးပေ။ အဘယ်ကြောင့်ဆိုသော ဒေသတွင်းရှိ နိုင်ငံများသည် ထိုအကြောင်းများကို မစဉ်းစားနိုင်အားသေးပဲ ၎င်းတို့ လက်တွေ့ ရင်ဆိုင်နေရသော စစ်ပွဲများ၊ ရာသီဥတု ဖေါက်ပြန်လာမှုများ၊ ‌ဖေါင်းပွလာမည့် လူဦးရေ အနေအထားများ အစရှိသည့် ပြဿနာများသည် တိုးတက်လာသော စီးပွားရေး ၏ အစိတ်အပိုင်း အတော်များများကို ဝါးမြိုသွားတော့မည့် အရေးကို ထည့်သွင်း တွက်ချက်နေရသောကြောင့်ပင် ဖြစ်သည်။

 

အာရှ အလယ်ပိုင်း ငါးနိုင်ငံ အုပ်စုဝင်များ ဖြစ်ကြသော ကာဇတ်စတန်၊ ကာဂျီစတန်၊ တာဂျစ်ကစ္စတန်၊ တပ်မီးနီးစတန်၊ အူဇဘက်ကစ္စတန် တို့သည် တောင်အာရှ နှင့် ပေါင်းပြီး တောင် နှင့် ဗဟိုအာရှ ဟူ၍ ဖြစ်လာသည်။ သို့သော် ထို ငါးနိုင်ငံ ကို တောင်အာရှ နှင့် သီးခြားစီ ခွဲ၍ သုံးသပ်ရမည် ဖြစ်သည်။

 

အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ ခေတ်သစ် သမိုင်းသည် ဆိုဗီယက် ယူနီယံ နှင့် စတင်ခဲ့သောကြောင့်ပင် ဖြစ်သည်။ ဆိုဗီယက် ထဲ ပါဝင်သည့် သမ္မတ နိုင်ငံများ ဖြစ်ပြီး ၁၉၉၁ တွင် ဆိုဗီယက် ပြိုကွဲသွား မှသာ လွတ်လပ်ရေး ရလာခဲ့သည်။

 

ထိုနိုင်ငံ များ အကြားတွင်လည်း လွန်စွာ အရေးပါသည်ဟု ပြော၍ ရသည့် ကွဲပြားချက်များ ရှိနေပြန်သည်။ အထူးသဖြင့် စွမ်းအင် ကြွယ်ဝသော ကာဇတ်စတန်၊ တပ်မီနီစတန် နှင့် ထိုနိုင်ငံများလောက် နိုင်ငံရေး တည်ငြိမ်မှု မရှိသည့် အပြင် ပို၍ ဆင်းရဲပြီး၊ ပြင်ပ ကမ္ဘာနှင့် ကူးလူးဆက်ဆံမှု နည်းသော ကာဂျီစတန်၊ တာဂျစ်ကစ္စတန် တို့ အကြားတွင် ဖြစ်သည်။ ထိုအထဲတွင် အူဇဘက်ကစ္စတန် သည် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အမြောက်အမြား ဖေါ်ဆောင်လာနေ၍ ချွင်းခြက် အဖြစ် ချန်လှပ်ထားရမည် ဖြစ်သော်လည်း ကျန် လေးနိုင်ငံ စလုံး၏ တခုတည်းသော တူညီချက်သည် အာဏာရှင် များ အုပ်ချုပ်နေကြခြင်းပင် ဖြစ်သည်။ စီးပွားရေး ၏ အစိတ်အပိုင်း အတော်များများကိုလည်း အစိုးရက ချုပ်ကိုင်ထားပြန်သည်။ အကျင့်ပျက် ခြစားမှုများ မှိုလို ပေါက်နေပြီး ရုရှား၊ တရုတ်တို့ နှင့် နီးနီးကပ်ကပ် ဆက်ဆံလျက် ရှိနေသည်။

 

အိန္ဒိယ နှင့် ပါကစ္စတန်

 

တောင်အာရှ နှင့် ပတ်သက်သည့် ‌ဆွေးနွေးပြောဆိုမှု မှန်သမျှ သည် အမြဲလိုပင် အိန္ဒိယ နှင့် စပြီး အိန္ဒိယ နှင့်ပင် အဆုံးသတ် သွားရလေ့ ရှိစမြဲပင် ဖြစ်သည်။ လူဦးရေး တိုးပွားလာနေသည့် အပြင် အိန္ဒိယ၏ စီးပွားရေးသည် လည်း ကြီးမား ကျယ်ပြန့်လာခဲ့သည်။ မကြာမီ နှစ်များ အတွင်းက တနှစ်လျှင် ၇ ရာနှုန်း ပတ်ဝန်းကျင် အားရဖွယ် တိုးတက်လာခဲ့သည်။ အိန္ဒိယ၏ စီးပွားရေး ပမာဏ သည် ကမ္ဘာတွင် သတ္တမ နေရာတွင် ရှိနေပြီး မကြာမီ အချိန်အတွင်း အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဂျာမဏီ တို့ နောက်မှ ကပ်၍ ပဉ္စမ နေရာသို့ တက်လာနိုင်ဖွယ် ရှိနေသည်။ ပြင်သစ် နှင့် ဗြိတိန် တို့ကို ဖြတ်ကျော်တက်သွားတော့မည် ဖြစ်သည်။

 

အိန္ဒိယသည် အမြဲလို တိုးတက်နေခဲ့သည် တော့ မဟုတ်၊ လွတ်လပ်ရေး ရပြီး နောက် နှစ်‌ ပေါင်း လေးဆယ် အတွင်း စီးပွားရေး တိုးတက်မှု နှုန်းသည် ပျမ်းမျှ ၃ ရာနှုန်း မှ ၅ ရာနှုန်းကြားတွင်သာ ရှိခဲ့၍ ဖွံ့ဖြိုးဆဲ နိုင်ငံ အဆင့်တွင်ပင် အတော်လေး နိမ့်ကျနေခဲ့သည်။ ပမာဏ အားဖြင့်လည်း တရုတ်ပြည်၏ ငါးပုံ တပုံခန့်သာ ရှိခဲ့သည်။ တကယ်တမ်း တွင် အိန္ဒိယသည် လူဦးရေ အားဖြင့် တရုတ် နှင့် သူမသာ ကိုယ်မသာ ရှိနေပြီး လွန်ခဲ့သည့် ရာစုနှစ်ဝက် ကျော် ကာလမှစ၍ အတူတူ ရုန်းထလာခဲ့သည့် နိုင်ငံများလည်း ဖြစ်သည်။

 

ထို အနေအထားမှ အိန္ဒိယသည် ၁၉၉၁ နောက်ပိုင်းတွင် ဈေးကွက် စီးပွားရေး ကို ပြောင်းလဲ ကျင့်သုံးလာပြီး စီးပွားရေးသည်လည်း တရှိန်ထိုး တိုးတက်လာခဲ့သည်။ ဈေးကွက် စီးပွားရေး စနစ်ကို တရုတ် နောက် ဆယ်သုံးနှစ် ကြာမှသာ အကောင်အထည် ဖေါ်လာခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ပြောင်းလဲ ကျင့်သုံးလာသော်ငြားလည်း အကျင့်ပျက် ခြစားမှုများ၊ အခြေခဲ အဆောက်အအုံ ပိုင်း ဖွံ့ဖြိုးမှု မရှိခြင်း၊ ရှူပ်ထွေးလှသော နိုင်ငံရေး နှင့် ဗျူရိုကရေစီ ကြိုးနီ စနစ်များကြောင့် တုန့်နှေးခဲ့ရသည်။ အိန္ဒိယ တွင် ထိုသို့ အနေအထား ရှိနေခဲ့မှု များကြောင့် ပြည်ပ မှ ရင်းနှီး မြုပ်နှံလိုသူများ လက်တွန့်လာခဲ့သည်။ လူဦးရေ ဆက်၍ တိုးပွားလာနေမှု ကြောင့်လည်း စီးပွားရေး တိုးတက်မှု၏ အသီးအပွင့် များကို ပြည့်ပြည့်ဝဝ မခံစားခဲ့ကြရပေ။

 

အိန္ဒိယ၏ လူတဦးချင်းစီ၏ GDP သည် ဒေါ်လာ ၂,၀၀၀ ခန့်သာ ရှိနေခဲ့ပြီး ကမ္ဘာ နိုင်ငံ တရာ စာရင်း တွင် ပင် မပါနိုင်ခဲ့ပေ။

 

အိန္ဒိယသည် စီးပွားရေး တွင် သာမက လူမှုရေး ပိုင်းတွင်လည်း တိုးတက်လာခဲ့သည်။ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၇ နောက်ပိုင်း တွင် ပျမ်းမျှ အသက်ရှည်နှုန်းသည် နှစ်ဆခန့် တိုးမြင့်လာခဲ့သည်။ အလားတူပင် စာတတ်မြောက်သူ ဦးရေသည်လည်း လေးဆခန့် မြင့်တက်ခဲ့သည်။ အိန္ဒိယသည် ပြီးခဲ့သည့် ဆယ့်ငါးနှစ် အတွင်း သိသိသာသာ ခြေလှမ်းကျဲလာခဲ့ပြီး နိုင်ငံသားများကို ဆင်းရဲတွင်း မှ ဆွဲထုတ်နိုင်ခဲ့သည်။

 

သို့သော်လည်း ဆင်းရဲ နွမ်းပါးမှု များက နိုင်ငံ အနှံ့အပြားတွင် ကျန်ရှိနေဆဲပင် ဖြစ်သည်။ သန်း ပေါင်း ရာ နှင့် ချီ ရှိနေသော အိန္ဒိယ နိုင်ငံသား အများအပြား သည် စာတတ်မြောက်ခြင်း မရှိသေးပဲ လူတန်းစား ကွာဟမှု သည်လည်း သိသိသာသာ ထွက်ပေါ်လာခဲ့သည်။ ဘီလီယံ နှင့် ချီ ကြွယ်ဝ ချမ်းသာသူ များ၏ အိမ်အနီး ပတ်ဝန်းကျင်တွင် ပင် ကျုးကျော် ရပ်ကွက်များ ရှိနေဆဲပင် ဖြစ်သည်။

 

အိန္ဒိယ အစိုးရသည် ဝေးလံခေါင်ဖျားသော အရပ်ဒေသများ အထိ လျပ်စစ် ဓါတ်အားပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းအားထုတ်လာခဲ့သည်။ သို့သော် ယခုအချိန်အထိ သန်း ၂၀၀ ခန့်သော နိုင်ငံသားများသည် အမှောင်ထဲတွင် နေ နေရဆဲပင် ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် မိလ္လာ၊ ရေဆိုးထုတ်စနစ် နှင့် အိမ်သာ မရှိသော လူအရည် အတွက် စုစုပေါင်း၏ တဝက်ခန့် သည် အိန္ဒိယ တွင် ရှိနေသည်။ မွေးဖွားလာသည့် အချိန်မှစ၍ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြား ဆက်ဆံမှု သည် အထူးသဖြင့် ကျေးလက်ဒေသများရှိ ဟိန္ဒူ များ အကြား ကျင့်သုံးနေဆဲ ဖြစ်၍ လူမှုရေး နှင့် စီးပွားရေး နယ်ပယ် တွင် အထက်သို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့မှု သည် အိန္ဒိယ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရသည်။

 

ယခုအခါ အိန္ဒိယ အား နှစ်ကိုယ်ခွဲ အိန္ဒိယ ဟု ပြော၍ ပင် ရနေသည်။ တကိုယ်သည် ခေတ်မီ မြို့ပြတွင် နေထိုင်သော လူလတ်တန်းစားများနှင့် ကျန် တကိိုယ်သည် ဆင်းရဲမွဲတေပြီး ရိုးရာ အစဉ်အလာကို ဖက်တွယ်ထားဆဲ ဖြစ်သော ကျေးလက်နေ အိန္ဒိယ နိုင်ငံသားများ ဟူ၍ ဖြစ်သည်။