နိုင်ငံတကာ ရေးရာ မိတ်ဆက်(35)

by Hla Soewai - Feb 17 2024

အာရှ တွင် ဘူမိနိုင်ငံရေး အရ မတည်မငြိမ် ဖြစ်လာနိုင်သည့် နောက်ဆုံး ရေသောက်မြစ် တည်ရှိနေသည့် နေရာသည်ကား ကိုရီယား ကျွန်းဆွယ်ပင် ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ကိုရီယား ကျွန်းဆွယ် သည် ဒုတိယ ကမ္ဘာစစ် ကြီး အပြီးတွင် လတ္တီကျု ၃၈ မျဉ်း ပြိုင် ဖြင့် သတ်မှတ်၍ နှစ်ပိုင်း ခြမ်း ခံခဲ့ရသည်။ မဆိုလောက်သော ဖြစ်ရပ်ကလေးများမှ လွဲ၍ ထိုသို့ ပိုင်းခြားခဲ့မှုသည် တည်မြဲနေခဲ့သည်။

 

နှစ်ဖက်စလုံး လက်နက် များ အပြိုင်အဆိုင် တပ်ဆင်ထားကြသည်၊ တောင်ကိုရီယား မြို့‌ တော် ဆိုးလ်သည် မြောက်ကိုရီယား နယ်စပ် နှင့် နီးကပ်‌ နေပြီး လုံခြုံ စိတ်ချရမှု မရှိသဖြင့် တဖက်မှ အချိန် မရွေး ဝင်တိုက် နိုင်သည့် အန္တရာယ်သည် အမြဲလို ရှိနေသည်။

 

ထိုအန္တရာယ်ကို ကြီးသည်ထက် ကြီးလာအောင် ဖြစ်လာစေခဲ့သည်က မြောက်သည် နျူကလီယား လက်နက်များ နှင့် တာဝေးပစ် ဒုံးကျည်များ တဖြေးဖြေး နှင့် ထုတ်လုပ် ပိုင်ဆိုင်လာကြ၍ တောင်ကိုရီယား နှင့် ဂျပန် သာမက အမေရိကန် ပြည်ထောင်စု နှင့် ကမ္ဘာတဝှမ်းကိုပါ ခြိမ်းခြောက်လာပြီ ဖြစ်သည်။

 

ယခုထိ တိတိပပ အဖြေမထွက်သော မေးခွန်းသည်ကား သံခင်းတမန်ခင်း နှင့် အခြား ဟန့်တား ထားနိုင်မည့် နည်းလမ်းများဖြင့် ကိုရီယား နှစ်နိုင်ငံ အကြား သို့မဟုတ် မြောက်ကိုရီယား နှင့် အမေရိကန် အကြား စစ်ပွဲဖြစ်လာနိုင်မည့် အရေး ကို တားမြစ်နိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။

 

နောက်ထပ် မေးစရာ ရှိလာသည်ကား အမေရိကန်သည် ၎င်းတို့အား တိုက်ရိုက် ခြိမ်းခြောက်နိုင်နေပြီ ဖြစ်သည့် မြောက်ကိုရီယားကို ဒီအတိုင်း လွှတ်ထားပြီး နေသွားနိုင်မနိုင်၊ သို့မဟုတ်ကလည်း လက်ရှိ ပိုင်ဆိုင်ထားသော နျူလက်နက်များ နှင့် ဒုံးကျည်များ ကို ဖျက်သိမ်းခြင်း မပြုပဲ ကန့်သတ် ပေးမည်ဆိုသည့် ကတိနှင့် ထွက်ပေါ်လာမည့် ‌ဖြေရှင်းချက်မျိုးကို အမေရိကန် အနေဖြင့် လက်ခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့ ဖြစ်သည်။

 

မြောက်ကိုရီယား သည် စတင်ဖြစ်ပေါ်လာစဉ်က စပြီး တောက်လျှောက် ဆွေစဉ်မျိုးဆက် အုပ်ချုပ်လာမှု နှင့် ပြင်ပကိုလည်း တံခါးပိတ်ထားပြီး ကမ္ဘာ အဆင်းရဲဆုံး နိုင်ငံ တနိုင်ငံလည်း ဖြစ်‌နေ၍ တကယ်တမ်း နိုင်ငံတွင်း မည်မျှအထိ တည်ငြိမ်မှု ရှိနေသည်လည်း ဆိုသည်ကိုလည်း မေးစရာ ဖြစ်လာပြန်သည်။

 

နောက်ထပ် ထွက်ပေါ်လာရသည့် အမေးသည်ကား တရုတ် အနေဖြင့် ကိုရီယား နှစ်နိုင်ငံ ပေါင်းစည်းသွားမည့် အရေးကို တကယ်တမ်း ကျ ခွင့်ပြုနိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းသွားမည့် သဘောတူညီချက်များသည် အမေရိကန် အလိုကျ ဖြစ်သွားပါက တရုတ် နယ်စပ် တဖက်တွင် အ‌မေရိကန် ၏ မဟာမိတ် နိုင်ငံ တနိုင်ငံ ရောက်ရှိလာတော့မည် ဖြစ်သည်။

 

အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုးဝါးလာနေမှုသည် ဒေသတွင်း ပြဿနာများ အပေါ် သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည့် အပြင် အချို့ကို ပို၍ပင် ဝရုန်းသုံးကား ဖြစ်လာစေနိုင်သည်။

 

လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးသည် စတုတ္ထ အဆင့်သို့ ရောက်ရှိနေပြီဟု ပြော၍ ရပေသည်။ ပထမ အဆင့်အား ၁၉၄၉ တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခဲ့ချိန် မှ စ၍ သမ္မတ ရစ်ချတ် နစ်ဆင်လက်ထက် ပြန်လည် ပေါင်းထုတ်လာနိုင်သည့် ကာလ ဖြစ်သည်၊ ထိုကာလ အတွင်း နှစ်နိုင်ငံ အကြား ရန်လိုမှု များ မဖုံးနိုင် မဖိနိုင် ရှိနေခဲ့ချိန်လည်း ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စုသည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး တရုတ်ပြည်တွင် တဖန် ပြန်လည် ဖြစ်ပွားလာသော အာဏာ လုပွဲကြီးတွင် ကွန်မြူနစ်တို့ အနိုင်ရလာမည့် အရေးကို မလိုလားခဲ့၊ ကွန်မြူနစ် တို့ အာဏာရလာသည့် အခါ ကိုရီယား စစ်ပွဲတွင် နှစ်နိုင်ငံသည် ဟိုဖက်ဒီဖက်မှ နေ၍ တိုက်ခိုက်ခဲ့ကြသည်။

 

ဒုတိယ အဆင့်သည် ဆိုဗီယက်အား နှစ်နိုင်ငံစလုံးက မုန်းတီးနေခဲ့၍ ဆက်ဆံရေးသည် သက်ဝင်လှုပ်ရှားလာခဲ့သည့် ကာလ ဖြစ်သည်။ အမေရိကန် နှင့် တရုတ်တို့ အတူတကွ ပူးပေါင်းပြီး ဆိုဗီယက်၏ ခြိမ်းခြောက်မှု ကို တန်ပြန်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော ဆက်ဆံရေး မျိုးသည် လက်တွေ့ ဖြစ်ပေါ်နေသော အခြေအနေများ အပေါ် မူတည်၍ တည်ဆောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

၁၉၈၉ တွင် တီယန်မင် ဆန္ဒပြပွဲ ကြီးတွင် တရုတ် အစိုးရမှ ဒီမိုက‌ ရေစီ တောင်းဆိုလာကြသည့် လူ ထောင်ပေါင်းများစွာ ကို သတ်ဖြတ် နှိမ်နှင်းလာခဲ့သည့် အခါ ဂျော့ ဒဗလျု ဘွတ်ရှ် အစိုးရသည် ဆိုဗီယက် ပြည်ထောင်စု အား ဆက်၍ ဖိအား ပေးနိုင်ရန် တရုတ်နှင့် ဆက်ဆံရေး ကို အလွန်အကျွံ အထိခိုက် မခံပဲ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

 

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခဲ့သည့် ၁၉၉၁ တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် တတိယ အဆင့်သို့ ဝင်ရောက်လာခဲ့သည်။ ထိုအဆင့် တွင် အမေရိကန်သည် ရင်းနှီးမြုပ်နှံ မှုများ၊ ကုန်သွယ်ရေး များ မြှင့်တင်လာခဲ့ပြီး တရုတ်အား ကမ္ဘာစီးပွားရေး နယ်ပယ်ထဲသို့ သွတ်သွင်းလာခဲ့သည်။

 

အမေရိကန်သည် တရုတ်ပြည်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဈေးပေါပေါ နှင့် သုံးစွဲနိုင်၍ အကျိုး အမြတ်များ ရှိလာသည့် အပြင် တရုတ်ဈေးကွက်များသို့လည်း ဝင်ရောက်နိုင်ခွင့် ရလာခဲ့သည်။

 

တရုတ် ထံသို့လည်း ၎င်းတို့ အလွန်အမင်း လိုအပ်နေသော ငွေကြေးများနှင့် နည်းပညာများ စီးဝင်လာခဲ့သည်။

 

သို့သော် နောက်ပိုင်းတွင် အမေရိကန် တို့ ဖန်တီးသလို ပိုမိုပွင့်လင်းပြီး ဈေးကွက်ကို အဓိကထားသည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်မလာပဲ ၎င်းတို့၏ အဓိက ပြိုင်ဖက်ကြီးသဖွယ် ဖြစ်လာသည့် အခါတွင်တော့ ဆက်ဆံရေးသည် ခါးသီးလာခဲ့တော့သည်။

 

ဤသို့ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် စတုတ္ထ အဆင့်သို့ ဝင်ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ဤသည်ကို အကျိုး အကြောင်းနှင့် ပြောဆိုနိုင်ရန် ရှာဖွေ စူးစမ်းနေကြဆဲပင် ဖြစ်သည်။ မဟာဗျူဟာ အရရော၊ စီးပွားရေး အရပါ ကျောထောက်နောက်ခံ မရှိတော့၍ ဆက်ဆံရေးသည် ပို၍ပင် ရန်ဖက် အသွင် ဆောင်လာနေပြီ ဖြစ်သည်။

 

အာရှ၏ အနာဂတ်ကို အဓိက အဆုံးအဖြတ် ပေးနိုင်သည်က အမေရိကန်မှ ရှေ့လျောက် မည်သို့မည်ပုံ လုပ်လာမည် ဟု ရွေးချယ်မှု အပေါ် မူတည်နေခြင်းပင် ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သလို ပြီးခဲ့သည့် နှစ်ပေါင်း ခုနှစ်ဆယ် တလျောက်လုံး ဒေသတွင်း ထူးထူးခြားခြား အောင်မြင်မှုများ ရလာခဲ့ခြင်းသည် အမေရိကန် တို့ ရှိနေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

သို့သော် အမေရိကန် တို့ သည် ကိုရီယား ကျွန်းဆွယ် တခုလုံး အား အင်အားသုံး၍ အတင်းအကျပ် ပေါင်းစည်းရန်အထိ အာရုံ လွန်လာခဲ့သည်။ ထို့နောက်တွင်လည်း ဗီယက်နမ် တွင် တိုက်ရိုက် အကျိုးစီးပွား ထိခိုက်စရာ အကြောင်းမရှိပဲ နှင့် တာဝန်ယူလာခဲ့ပြန်သည်။

 

သို့သော် အမေရိကန် တို့ ဒေသတွင်း စစ်ရေးအရ ရပ်တည်ပေးနေမှု၊ နိုင်ငံရေး နှင့် သံတမန်ရေး အရ ပါဝင် ပတ်သက်နေမှု၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် နှင့် ရင်းနှီးမြုပ်နှံမှု များ အတွက် ပံ့ပိုးပေးခဲ့ခြင်း၊ ယုံကြည်စိတ်ချစွာ အားကိုး အားထား ပြုနိုင်ခြင်း များ အစရှိသည် တို့သည် ဒေသတွင်း အောင်မြင်မှု များ အတွက် ကြီးမားစွာ အထောက်အကူ ပြုပေးခဲ့သည်။

 

အရေးပါဆုံး အဖြစ် မေးစရာ ရှိလာသည်က အမေရိကန် ပြည်ထောင်စု သည် ထိုကဲ့သို့ အနေအထားမျိုး နှင့် ရှေ့ လျောက် ရပ်တည်သွားရန် လိုလိုလားလား ရှိမည်လား ဆိုသည်ပင် ဖြစ်သည်။

 

ထိုသို့ မရှိတော့ဟု ဆိုလျှင် တရုတ်၏ ဩဇာအာဏာသည် ပို၍ ကြီးထွားလာနိုင်ခြင်း၊ ဂျပန် မှ လက်နက် ပြန်လည် တပ်ဆင်လာနိုင်ခြင်း၊ ကိုရီယား ကျွန်းဆွယ် နှင့် တိုင်ဝမ် တို့တွင် သာမက၊ အခြားသော နယ်မြေဆိုင်ရာ အငြင်းပွားမှု များ မှ ပဋိပက္ခများ ဖြစ်ပွားလာနိုင်ခြင်းတို့ ကြုံ‌ တွေ့လာနိုင်ပေသည်။