နိုင်ငံတကာ ရေးရာ မိတ်ဆက်(33)

by Hla Soewai - Feb 09 2024

အာရှ နိုင်ငံများ ၏ အံ့မခန်းဘွယ် တိုးတက် အောင်မြင်မှုများ

 

ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း အာရှတွင် နောက်ထပ် စစ်ပွဲကြီး နှစ်ပွဲ နှင့် အခြား အသေးစား စစ်ပွဲလေးများ ဖြစ်ပွားခဲ့သော်ငြားလည်း ကြောက်ခမန်းလိလိ အောင်မြင်မှုများ တွေရှိလာခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။

 

၁၉၆၀ တွင် အာရှ တိုက်သားများ၏ အသက်ရှည် မှု နှုန်းသည် လေးဆယ့် ရှစ်နှစ်သာ ရှိခဲ့ရာမှ ယခု ရာစု နှစ် တွင် မူ ခုနှစ်ဆယ့် ငါးနှစ် အထိ ဖြစ်လာခဲ့သည်။ အချိန်ကြာလာသည် နှင့် အမျှ ဂျပန်၊ တောင်ကိုရီယား နှင့် တိုင်ဝမ် တွင် ဒူပေနာပေ ခံသည့် ဒီမိုကရေစီ သည် အမြစ်တွယ်လာခဲ့သည်။

 

အကြီးမားဆုံး အောင်မြင်မှုဟု ပြော၍ ရသည်က စီးပွားရေး ပင် ဖြစ်သည်။ အာရှ တွင် စီးပွားရေး တိုးတက်လာပြီး ထိပ်ကို ရောက်လာသည့် နိုင်ငံ အရည် အတွက်သည် တဖြေးဖြေး များပြားလာခဲ့သည်။

 

အာရှ၏ ကျား လေးကောင်ဟု အမည်တွင်လာခဲ့သည့် ဟောင်ကောင်၊ စင်္ကာပူ၊ တောင်ကိုရီယား နှင့် တိုင်ဝမ် တို့သည် ၁၉၆၀ ကျော်နှစ်များကစ၍ တနှစ်လျှင် ပျှမ်းမျှ စီးပွားရေး တိုးတက်မှု နှုန်း ၆ ရာနှုန်း ခန့်ဖြင့် ၁၉၉၀ ကျော် နှစ်များအထိ ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့သည်။ ထိုပမာဏ သည် ကမ္ဘာ နိုင်ငံများ ၏ တိုးတက်မှု နှုန်းထက် သိသိသာသာ မြင့်မားနေခဲ့သည်။

 

အာရှ တိုက် တတိုက်လုံး အနေအထားကို ခြုံကြည့်မည် ဆိုလျှင် လူတဦးချင်စီ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ GDP သည် ဒေါ်လာ ၂၀၁၀ ဖြင့် တန့်နေသော်လည်း ထိုလေးနိုင်ငံသည် ၁၉၆၀ တွင် ဒေါ်လာ ၁,၃၀၀ မှ ၂၀၁၈ တွင် ဒေါ်လာ ၁၀,၀၀၀ အထိ ဖြစ်လာခဲ့သည်။

 

ထိုသို့ စီးပွားရေး အရ အောင်မြင်ခဲ့ရသည့် အကြောင်းရင်း များစွာ ရှိနေသည်။ 

 

နိုင်ငံ တခုချင်း အနေဖြင့် ထိုအကြောင်းရင်းများသည် ကွဲပြားနေမည် သာ ဖြစ်သည်။ သို့သော် တူညီသည့် အချက် သည်ကား နိုင်ငံရေး အရ တည်ငြိမ်မှု ရှိနေခဲ့ခြင်း၊ အလုပ်ကြိုးစားသည့် အလေ့အထ ရှိခြင်း နှင့် ပညာရေး တွင် ရင်းနှီးမြုပ်နှံ နိုင်ခဲ့ခြင်းတို့ ပင် ဖြစ်သည်။

 

ပြင်ပ နှင့် သက်ဆိုင်သည့် အခင်းအကျင်းများ ဖြစ်သည့် လွတ်လပ်စွာ ကုန်သွယ်နိုင်ခွင့် နှင့် ပဋိပက္ခများ တွင် မပါဝင်အောင် ရာစုနှစ်ဝက်မျှ ရှောင်ရှား နိုင်ခဲ့ခြင်း ဆိုသည့် အကြောင်းများကလည်း အားဖြည့်ပေးလာခဲ့သည်။

 

ထိုသို့ ဖြစ်လာအောင် ပံ့ပိုးပေးခဲ့သည့် အမေရိကန်၏ အခန်းကဏ္ဍ ကိုလည်း ချန်လှပ်ထား၍ မဖြစ်ပေ။ အာရှတွင် စီးပွားရေးအရ အောင်မြင်လာခဲ့မှု များ တွင် အမေရိကန်တို့၏ တစိုက်မတ်မတ် ပါဝင် ပတ်သက်မှု သည် ကြီးမားသော အတိုင်းအတာ နှင့် ရှိနေခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း အမေရိကန် မှ ၎င်း၏ မဟာမိတ် နိုင်ငံများသို့ ဆက်တိုက်ဆိုသလို ရက်ရက်ရောရော ပေးလာသည့် အကူအညီများ နှင့် အတူ အနာဂတ် တွင် စီးပွားရေး အောင်မြင်နိုင်ရန် မည်သို့ မည်ပုံ လုပ်ရမည် ဆိုသည့် သတ်မှတ်ချက် များလည်း ပါဝင်ခဲ့သည်။

 

အမေရိကန်သည် ဩစတေးလျှ၊ ဂျပန်၊ ဖီလစ်ပိုင်၊ တောင်ကိုရီယား၊ ထိုင်း တို့ နှင့် မဟာမိတ် အသွင် ပုံဖေါ် နိုင်ခဲ့ခြင်းကြောင့် ကိုရီယား ကျွန်းဆွယ်တွင် စစ်ပွဲကြီး ထပ်မဖြစ်အောင် ဟန့်တား နိုင်ခဲ့သည့် အပြင် တိုင်ဝမ်ကိုလည်း တရုတ်တို့ အင်အားသုံး၍ မကျုးကျော်နိုင်အောင် ကာကွယ်ပေးနိုင်ခဲ့သည်။ ထို့ပြင် နျူကလီယား လက်နက်များ အပြိုင်အဆိုင် ထုတ်လုပ်ရန် ဆိုသည့် စိတ်ကူးများ ခေါင်းထဲ ရောက်မလာအောင်လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ခဲ့သည်။ နိုင်ငံ အများအပြား တွင် လည်း ပရော်ဖက်ရှင် နယ် စစ်တပ်ကြီး အဖြစ် အရပ်သားများ၏ အုပ်ချုပ်မှု အောက်တွင် ရောက်ရှိနိုင်ရန်ပါ အကူ အညီ ပေးနိုင်ခဲ့သည်။

 

အမေရိကန် သည် လွတ်လပ်စွာ ကုန်သွယ်ရေး စနစ်ကို ထောက်ခံပြီး ၎င်းတို့၏ ဈေးကွက်ကိုလည်း ဖွင့်ပေးထားခဲ့သဖြင့် နိုင်ငံ အများအပြားတွင် ပို့ကုန်ဦးစားပေး လုပ်ငန်းများ ဖွံ့ဖြိုးလာမှု နှင့် အတူ စီးပွားရေး တိုးတက်လာခဲ့ရသည်။ နိုင်ငံသားများ၏ လူနေမှု အဆင့်အတန်းသည်လည်း သိသိသာသာ မြင့် တက်လာခဲ့သည်။

 

အမေရိကန်သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကို ထောက်ခံသဖြင့် ၎င်း၏ မဟာမိတ် နိုင်ငံများအားလည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ လုပ်ပြီး လွတ်လပ်သည့် လူ့အစည်းအရုံးကြီး ဖြစ်ရန် ဖိအား ပေးလာသဖြင့် နိုင်ငံ အများအပြား၏ လူ့အဖွဲ့အစည်း များသည် အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာခဲ့သည်။

 

အထူးတလည် ဖေါ်ပြသင့်သည် နိုင်ငံများ ရှိနေသည်။ ပထမ ဆုံးက ဂျပန် ဖြစ်သည်။ ဒေသတွင်း ရှိ အောင်မြင်ခဲ့သော ‌ဇာတ်ထုတ်၏ ရှေ့ထွက် မင်းသားကြီး ဖြစ်နေသောကြောင့်ပင်။ မျိုးဆက် နှစ်ဆက် အတော အတွင်း မှာပင် ဂျပန်သည် စစ်ဝါဒီ သမား များ အရေးနိမ့် သွားရသည့် စစ်ရှုံး နိုင်ငံ အဖြစ်မှ ဒီမိုကရေစီ အတောင်အလက်များ ပြည့်စုံလာသော နိုင်ငံ ဖြစ်လာသည်သာမက တပါတီတည်းမှ ကာလကြာမြင့်စွာ ကြီးစိုးနေသည့် အနေအထားမှ လွန် မြောက်လာခဲ့သည်။ ကမ္ဘာ့ စက်မှုကုန်ထုတ် လုပ်ငန်းများ၏ မောင်းနှင်အားကြီး ဖြစ်လာခဲ့ပြီး ကမ္ဘာတွင် စီးပွားရေး ပမာဏ အားဖြင့် ဒုတိယ အကြီးဆုံး အဖြစ် ကာလကြာမြင့်စွာ ရပ်တည်လာခဲ့ပြီး ယခု အခါ တတိယ အကြီးဆုံး ဖြစ်နေသည်။ဂျပန်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် စစ်ရေးစစ်ရာ တွင် ပါဝင်ပတ်သက်မှု ကို ကန့်သတ်ထားခဲ့သည်။

 

အလားတူ တောင်ကိုရီယားသည်လည်း အာဏာရှင် နိုင်ငံ အဖြစ်မှ ဒီမိုကရေစီအား အစစ်အမှန် ကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲ ပစ်နိုင်ခဲ့သည်။ တောင်ကိုရီယား၏ စီးပွားရေး ပမာဏ သည် ကမ္ဘာတွင် ဒဿမ နေရာတွင် ရှိနေသည်။

 

တရုတ်သည်လည်း သွားနေကျ လမ်းဟောင်းမှ အခြေခံကျကျ ခွဲထွက် နိုင်ခဲ့သော်ငြားလည်း ထူးထူးခြားခြား ရလဒ်များတော့ ထွက်ပေါ်မလာခဲ့ပေ။ တရုတ် ကွန်မြူနစ်ပါတီ အာဏာရပြီး နှစ်ပေါင်း ခုနှစ်ဆယ် ကြာချိန်တွင် နှစ်စဉ် ကုန်ထုတ်လုပ်မှု ပမာဏ သည် ဒေါ်လာ သန်း ၁၀၀ မှ ၁၃ တြီလီယံ အထိ ရှိလာခဲ့သည်။

 

မော်စီတုန်း လက်အောက်တွင် တရုတ်ပြည်သည် ကြွေးမီ ထူ‌ ပြောပြီး စီးပွားရေး အရ ရရစားစား အဆင့်သာ ရှိနေခဲ့သည်။ ထိုပြင် ခေတ်သစ် သမိုင်းတွင် လူတို့ ဖန်တီး၍ ဖြစ်ပေါ်လာသော အစာရေစာ ငတ်မွတ် ခေါင်းပါးမှု ကြီး နှင့်လည်း ကြုံခဲ့ရပြန်သည်။ ထိုသို့ ဖြစ်ခဲ့ရသည်မှာလည်း မော်စီတုန်း၏ ၁၉၅၈-၆၂ အတွင်း ချမှတ် ကျင့်သုံးခဲ့သည့် ခုန်ပျံ ကျော်လွှား စီမံကိန်းကြီး ကြောင့်ပင် ဖြစ်သည်။

 

ထိုစီမံကိန်း ဖြင့် ပုဂ္ဂလိက လယ်ယာလုပ်ငန်းများကို ပိတ်ပင်ပြီး ဘုံလယ်ယာမြေ စနစ် ကို အတင်းအကျပ် သွတ်သွင်းလာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ အပြစ်အနာ အဆာများ နှင့် စတင်လာခဲ့၍ နောက်ပိုင်းတွင် မအောင်မမြင် ဖြစ်လာပြီး နိုင်ငံ အနှံ့ဒုဗ္ဘိက္ခန္တာရ ကပ် ဆိုက်ကာ ခန့်မှန်းခြေ လူပေါင်း သန်း သုံးဆယ် မှ ငါးဆယ့်ငါးသန်း အထိ သေဆုံးသွားခဲ့ရသည်။

 

ခုန်ပျံ ကျော်လွှား စီမံကိန်း အပြီး ၁၉၆၆-၇၆ တွင်လည်း ယဉ်ကျေးမှု တော်လှန်ရေး ဆိုကာ တရုတ် လူ့အဖွဲ့အစည်း၏ အစဉ်အလာ ဓလေ့ထုံးတမ်းစဉ်လာများအား သန့်စင်ရေး လုပ်လာခဲ့ပြန်သည်။ ယင်းနှင့် အတူ လူ သန်းပေါင်းများစွာ၏ ဘဝသည် ပျက်စီးသွားခဲ့ရပြီး တိုင်းပြည်၏ စီးပွားရေး အားလည်း ရိုက်ချိုး ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သန်းပေါင်းများစွာသော လူများ အား နေအိမ် နှင့် အလုပ်ခွင်များ မှ အတင်းအကျပ် စွန့်ခွာစေပြီး ကြမ်းတမ်းသော ကျေးလက်ဒေသများသို့ ပို့ဆောင်ပေးခဲ့သည်၊ နိုင်ငံသား များ၏ နိုင်ငံရေး နှင့် စီးပွားရေး လွတ်လပ်ခွင့် များလည်း လုံးဝနီးပါး ဆုံးရှုံးသွားခဲ့ရသည်။

 

၁၉၇၀ ကျော် နှစ်များ အကုန်ပိုင်း မော် ကွယ်လွန်သွားပြီး နောက်တွင် တိန့်ရှောင်ဖိန်သည် တိုင်းပြည်ကို ပြန်လည် တည့်မတ်ပေးလာခဲ့ရသည်။ ဈေးကွက်စီးပွားရေးအားလည်း အကန့်အသတ် နှင့် ချမှတ် အကောင်အထည် ဖေါ်လာခဲ့ခြင်းဖြင့် တရုတ်ပြည်အား လမ်းကြောင်းမှန် ပေါ်သို့ တင်ပေးနိုင်ခဲ့သည်။ ထိုသို့ ပြုပြင်ပြောင်းလဲလာခဲ့မှုများကြောင့် သန်းပေါင်း ရာနှင့် ချီသော တရုတ်ပြည်သူများသည် ဆင်းရဲတွင်း မှ ရုန်းထ လာနိုင်ခဲ့ကြတော့သည်။