နိုင်ငံတကာ ရေးရာ မိတ်ဆက်(31)

by Hla Soewai - Feb 09 2024

အရှေ့အာရှ နှင့် ပစိဖိတ် ‌ဒေသတွင် ကျင့်သုံးကြသည့် နိုင်ငံရေး စနစ်များသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ ဂျပန်၊ ကိုရီယား သမ္မတနိုင်ငံ (တောင်ကိုရီယား)၊ တိုင်ဝမ်၊ ဩစတေးလျှ၊ နယူးဇီလန် နိုင်ငံများသည် ဒီမိုကရေစီ ကို တက်တက်ကြွကြွ ကျင့်သုံးနေကြသော နိုင်ငံများ ဖြစ်သည်။

 

တရုတ်သည် ပြတ်ပြတ်သားသားပင် အာဏာရှင် စနစ် ဖြင့် အုပ်ချုပ်သော နိုင်ငံ ဖြစ်ပြီး တရားဝင် အားဖြင့် ကိုရီယား ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုသော မြောက်ကိုရီယားသည် ကမ္ဘာပေါ်တွင် လူထု အား အဖိနှိပ်ဆုံး ဟု ပြော၍ရသည့် စနစ်မျိုးဖြင့် အုပ်ချုပ်နေပြီး ပြင်ပ ကမ္ဘာနှင့်လည်း အဆက်ဖြတ်ထားခဲ့သည်။

 

ထိုသို့ ဆန့်ကျင်ဖက် ဖြစ်နေသော စနစ်များ ကြားတွင် ရှိနေသော နိုင်ငံများလည်း အနည်းငယ် ရှိနေသည်။ ဖီလစ်ပိုင်သည် ဒီမိုကရေစီ ဖြစ်သော်လည်း အာဏာရှင်စနစ် ဆီသို့ နောက်ပြန် ရွှေ့လာနေသည်။ ထိုင်းသည် တခါက ဒီမိုကရေစီ နိုင်ငံ ဖြစ်သော်လည်း ယခုအခါ စစ်တပ်က အုပ်ချုပ်နေပြီး မြန်မာသည်လည်း မကြာသေးမီက ဒီမိုကရေစီ စနစ်ဆီသို့ တိုးတက် ရွေ့လျားလာခဲ့သော်လည်း ယခု အခါ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

 

အာရှ နိုင်ငံ အချင်းချင်း ဖြစ်ပွားသော စစ်ပွဲမျိုးသည် လွန်စွာမှ ဖြစ်တောင့်ဖြစ်ခဲဟု ဆိုရမည် ဖြစ်သည်။ ၁၉၆၂ တရုတ်-အိန္ဒိယ စစ်ပွဲ၊ ၁၉၇၉ တွင် အကန့်အသတ် နှင့် ဖြစ်ပွားခဲ့သော တရုတ်-ဗီယက်နမ် စစ်ပွဲသာ ရှိခဲ့သည်။

 

ထူးခြားသည်က အာရှ-ပစိဖိတ်သည် နယ်မြေဆိုင်ရာ အငြင်းပွား မှု အများဆုံး ရှိနေသော်လည်း နိုင်ငံ နယိနမိတ် များ အတွင်း တွင်မူ မတည်မငြိမ် ဖြစ်ခဲလှသည်။ ဤသည်ကလည်း ခိုင်မာသော အမျိုးသားရေး သွင်ပြင် လက္ခဏာ များ ရှိနေသောကြောင့် ဖြစ်သည်။ နိုင်ငံ အတော်များများတွင် လူမျိုးရေး အရ တစုတည်း ရှိနေကြသည်က များသည်။

 

စီးပွားရေး ဖက်တွင်လည်း ပုံမှန် တိုးတက်လျှက် ရှိသည်။ စက်မှု ကုန်ထုတ်လုပ်ငန်းပိုင်းတွင် တကမ္ဘာလုံး ထုတ်လုပ်နိုင်မှု ၏ သုံးပုံ တပုံကို ကိုယ်စားပြုလျက် ရှိနေသည်။ ထို့ပြင် တောင့်တင်းသော စီးပွားရေး နှင့် နိုင်ငံရေး အသင်း အဖွဲ့များ ရှိထားပြီး ဖြစ်သည်။ အဓိအား ဖြင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ နှင့် နှစ်ဆယ့်တစ်နိုင်ငံ ပါဝင်သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အေပက် ကဲ့သို့ အုပ်စုများ ရှိနေပြီး အဖွဲ့ဝင် နိုင်ငံ အချင်းချင်း ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ဆွေးနွေး နိုင်သည့် စင်မြင့်များ ဖြစ်လာခဲ့သည်။

 

ထိုဒေသတွင် တရုတ်၊ ဂျပန်၊ ကိုရီယား နှင့် တိုင်ဝမ် တို့ တည်ရှိသည့် အရှေ့အာရှ၊ အင်ဒိုနီရှား၊ မလေးရှား၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံ ပေါင်း ဆယ်တစ်နိုင်ငံ ရှိနေသည့် အရှေ့တောင်အာရှဖြစ်ပြီး ထိုနိုင်ငံများရှိ လူဦးရေ စုစုပေါင်းသည် အမေရိကန်၏ နှစ်ဆခန့် ရှိနေသည်။ စုစုပေါင်း ဂျီဒီပီ သည်လည်း ပြင်သစ်၊ အင်္ဂလန်၊ အိန္ဒိယ တို့ နှင့် တန်းတူ ဖြစ်နေသည်။

 

ပစိဖိတ် တွင်မူ ဩစတေးလျှ၊ နယူးဇီလန် နှင့် ကျွန်း နိုင်ငံငယ် ‌လေးများ ပါဝင်သည်။

 

ထိုနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေးရာ ကိစ္စရပ်များသည် အမေရိကန်၊ ရုရှား၊ အိန္ဒိယ အပါအဝင် အာရှ၊ ပစိဖိတ် ဒေသများ နှင့် နယ်နမိတ် ထိစပ်နေသော နိုင်ငံများ၏ ဩဇာ သက်ရောက်မှု အောက်တွင် ရှိနေသည်။ တကယ်တမ်း တွင် အာရှသည် အခြားဒေသများထက်စာလျှင် အင်အားကြီး နိုင်ငံများ တနိုင်ငံနှင့် တနိုင်ငံ တနည်းမဟုတ် တနည်း ပတ်သက်ရာ ပတ်သက်ကြောင်း ပုံမှန်လို ဖြစ်နေသည့် ဒေသလည်း ဖြစ်သည်။

 

သမိုင်းကြောင်း

 

နှစ်ဆယ်ရာစု နှစ် အတွင်း စကောထဲ ဆီးသီး လှိမ့်သလို ဗြောင်းဆန်ခဲ့ရပြီး နောက်တွင် အာရှ၏ လက်ရှိ အောင်မြင်မှု များသည် ရှောင်လွှဲချင်ပါသည် ဆိုသည်တိုင် မည်သို့မျှ ရှောင်လွှဲ၍ မရအောင် ထွက်ပေါ်လာခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ် မတိုင်မီ နှင့် စစ်ကြီး ဖြစ်လာသော ကာလ အတွင်း ဒေသတွင်းရှိ နိုင်ငံ အတော်များများသည် ဂျပန်တို့၏ ကြမ်းတမ်းရက်စက်စွာ အုပ်ချုပ်သည့်ဒဏ် ကို လူးလိမ့်အောင် ခံခဲ့ကြရသည်။ ထိုသို့ အာရှ သားအချင်းချင်း ရက်ရက်စက်စက် ပြုမူခဲ့သည့် ဂျပန်သည်လည်း ၁၉၄၅ ဩဂုတ်လတွင် စစ်ရှုံးပြီး သိမ်းပိုက်ခံ နိုင်ငံ ဖြစ်သွားခဲ့ရသည်။

 

ဒုတိယ ကမ္ဘာစစ် အပြီးတွင် တရုတ်ပြည်သည်လည်း မော်စီတုန်း ဦးဆောင်သည့် ကွန်မြူနစ် များ နှင့် ချန်ကေရှိတ်၏ အမျိုးသားရေး ဝါဒီများ အကြား ဖြစ်ပွားသော ပြည်တွင်းစစ်ကြီး နှင့် ကြုံတွေ့ခဲ့ရသည်၊ ထိုနှစ် ဖွဲ့သည် ဝါဒရေးရာ အားဖြင့် ပြဒါးတလမ်း သံတလမ်း ဟု ဆိုရမည် ဖြစ်သည်။ အမျိုးသားရေး ဝါဒီများသည် ကွန်မြူနစ် ဆန့်ကျင်ရေး သမား များ ဖြစ်သော်လည်း ၎င်းတို့ကိုယ်နှိုက်က အာဏာရှင် ဆန်ဆန် အုပ်ချုပ်လိုကြသူများ ဖြစ်ပြီး စီးပွားရေး တွင်လည်း အရင်းရှင် လူချမ်းသာ အသိုက်အဝန်းကိုသာ အကျိုးရှိစေမည့် စီးပွားရေး မူဝါဒများကိုသာ ကျင့်သုံးလိုကြသည်။ တဖက်တွင် မော်စီတုန်း အဖွဲ့သည်လည်း နိုင်ငံရေး အရ ဖိနှိပ်အုပ်ချုပ်ရမည် ဆိုသော မူကို စွဲကိုင်ပြီး စီးပွားရေး တွင် ပုဂ္ဂလိက ပိုင်ဆိုင်မှု ကို ဆန့်ကျင်သည့် ကွန်မြူနစ် များ ဖြစ်သည်။

 

ပြည်တွင်းစစ်ကြီးသည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း လေးနှစ်ကြာအောင် ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးတွင် ကွန်မြူနစ်များ အောင်ပွဲခံကာ တရုတ် ပြည်မကြီးကို ထိန်းချုပ်သွားနိုင်ခဲ့သည်။ အမျိုးသားရေး ဝါဒီများသည် ယခုအခါ တိုင်ဝမ်ဟု ခေါ်ကြသည့် ဖေါ်မိုဆာ ကျွန်းသို့ တိမ်းရှောင်သွားခဲ့ရသည်။

 

အာရှသည် စစ်အေး တိုက်ပွဲကြီး စတင်လာခဲ့သည့် ဒေသလည်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ကိုရီယား ကျွန်းဆွယ်သည် နှစ်ခြမ်း ခွဲ ခံလိုက်ရသည်။ ထိုသို့ ခွဲခြမ်း ခဲ့ရာတွင်လည်း ၃၈ မျဉ်း ပြိုင် တလျောက် အလျှင်းသင့်သလို ပိုင်းခြားပြီး သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

 

မြောက်ကိုရီယားသည် တရုတ် နှင့် ဆိုဗီယက်တို့၏ ထောက်ခံမှု နှင့် ၁၉၅၀ ဇွန်လ တွင် ‌တောင်ကိုရီယား အား ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ တိုတောင်းသော အချိန်အတွင်း မှာပင် တနိုင်ငံလုံး နီးပါးကို သိမ်းပိုက် နိုင်ခဲ့သည်။

 

အမေရိကန် သည် အသစ် ပေါ်ပေါက်လာသည့် ကုလသမဂ္ဂ အဖွဲ့ကြီး၏ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံ အများအပြားကို စုစည်းကာ ကမ်းတက် တပ်များ နှင့် အင်ချွန်း သို့ ဝင်ရောက်လာခဲ့သည်၊ ဆိုဗီယက်သည် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ကြီး ငါးကြီး နိုင်ငံထဲ ပါဝင်နေသော်လည်း တရုတ် သမ္မတ နိုင်ငံ (တိုင်ဝမ်) ကို ကြီးငါးကြီးဝင် နိုင်ငံ အဖြစ် ဆက်၍ သတ်မှတ်ထားသည်ကို ကန့်ကွက်ပြီး ကုလ ကို သပိတ်မှောက်ထားသော အချိန်ဖြစ်၍ ကောင်စီ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် နိုင်စွမ်း မရှိတော့ပေ။

 

အမေရိကန် ၏ ထိုးစစ်သည် မဟာဗျူဟာ ကျကျ တဟုန်ထိုး အရှိန်ရလာခဲ့ပြီး လ အနည်းငယ် အတွင်းမှာပင် ၃၈ မျဉ်းပြိုင် တောင်ဖက်ခြမ်း တခုလုံး သည် မြောက်ကိုရီယား လက်မှ လွတ်မြောက်သွားခဲ့သည်။

 

သမ္မတ ဟာရီ ထရူးမင်း နှင့် စစ်ကဲကြီး ဖြစ်‌ သော ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်အာသာ သည် အခွင့်သာခိုက် ကိုရီယား ကျွန်းဆွယ် တခုလုံး ပေါင်းစည်း မိသွားအောင် အင်အားသုံး သွားမည်ဆိုသော ကြမ္မာငင်မည့် ဆုံးဖြတ်ချက် ကို ချမှတ်လိုက်ကြသည်။

 

ဤသို့ဖြင့် ၃၈ မျဉ်းပြိုင်ကို ဖြတ်ကာ မြောက်ကိုရီယား ထဲအထိ ဝင်ရောက်ကာ တရုတ် နယ်စပ်နား ရောက်သည် အထိ ဦးတည် တိုက်ခိုက်လာခဲ့သည်။ ထိုအခါတွင်တော့ "ဗော်လံတီယာများ" ဟု အမည်ခံထားသည့် တရုတ် တပ်များ နှင့် ရင်ဆိုင်ခဲ့ရပြီး ပြန်ဆုတ်လာခဲ့ရသည်။

 

သုံးနှစ်ကြာ ‌အောင် တိုက်ပွဲများ အပြင်းအထန် ဆက်ဖြစ်နေခဲ့ပြီး နောက် နှစ်ဖက်စလုံးသည် စစ်ပွဲကြီး မစတင်မီ သတ်မှတ်ထားသည့် ၃၈ မျဉ်းပြိုင် ဟိုဖက် ဒီဖက် တွင် ယခင်အတိုင်း ဆက်ရှိနေရန် သဘောတူခဲ့ကြသည်။

 

စစ်ပွဲ ကြောင့် ထိခိုက်နစ်နာသွားခဲ့ရမှု သည် ဒေါ်လာ ဘီလီယံ ပေါင်း ရာနှင့်ချီ ၍ ရှိခဲ့သည်။ ‌လူ့အသက် ဆုံးရှူံးခဲ့ရမှု တွင်လည်း အမေရိကန် တပ်သား ၃၇,၀၀၀ ကျဆုံးသွားခဲ့ပြီး ကိုရီယား နှစ်ဖက်စလုံး စုစုပေါင်း ၃.၅ သန်း သေကြေ ဒဏ်ရာရသွားခဲ့သည်။

 

ကိုရီယား စစ်ပွဲ နှင့် ပတ်သက်၍ တရားဝင် ငြိမ်းချမ်းရေး စာချုပ် ယနေ့တိုင် ချုပ်ဆို နိုင်ခြင်း မရှိသေးပေ။ အပစ်အခတ် ရပ်စဲရေး မျိုးသာ ဆက်၍ သက်ရောက်နေဆဲ ဖြစ်သည်။ ထို့အတွက် နှစ်နိုင်ငံ စလုံးသည် လက်နက် အပြည့်အစုံ တပ်ဆင်ကာအသင့် အနေအထားဖြင့် ၃၈ မျဉ်းပြိုင် ဟိုဖက် ဒီဖက် စိတ်မသက်မသာ ဖြင့် တဦး ခြေလှမ်း တဦးက စောင့်ကြည့်နေကြရသည်။

 

အင်အား သုံး‌ သောင်း ခန့် ရှိသော အမေရိကန် တပ်များသည်လည်း တောင်ကိုရီယား တွင် ယနေတိုင် တပ်စွဲထား ဆဲ ဖြစ် ပြီး မြောက်ကိုရီယား မှ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဆိုကာ အင်အားသုံး၍ ကျူးကျော်လာမည့် အရေးကို ဟန့်တားနိုင်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။