ငယ်ငယ်က သမိုင်းနဲ့ပထ၀ီသင်တော့ မက်ဆိုပိုတေးမီးယားကုန်းမြေကို ကြားသိခဲ့ရသည်။ အာရှအနောက်ဘက်ဒေသ။ တိုက်ၐရစ်နဲ့ ယူဖရိတ်မြစ်နှစ်သွယ်ကြားမှာရှိတဲ့ကုန်းမြေ။ ကနေ့ခေတ်မှာ ပြန်ကြည့်တော့ အီရတ် နဲ့ ကူဝိတ်ရဲ့အစိတ်အပိုင်းတွေ၊ ဆီးရီးယားအရှေ့ပိုင်း၊ တူရကီအရှေ့တောင်ပိုင်း၊ အီရတ် နဲ့ အီရန် နယ်ခြားဒေသတွေဖြစ်သည်။ ဒီတော့ အီရတ်ကနေကူဝိတ်ကို၀င်တိုက်၊ နောက်တော့ အီရတ်နဲ့ အီရန်စစ်၊ ခုလက်ရှိ ဆီးရီးယားစစ်၊ ဒီစစ်မှာ အီရန် နဲ့ တူရကီပါ၀င်မှုဆိုတာတွေအားလုံးက ကမ္ဘာမှာယဥ်ကျေးမှု စတင်အမြစ်တွယ်၊ ပြီးတော့အင်ပါယာတွေ ကြီးပွားထွန်းကားရှင်သန်ခဲ့၊ ပြိုကွဲခဲ့သော မက်ဆိုပိုတေးမီးယား ကုန်းမြေနဲ့ ဆက်စပ်နေတာတွေဖြစ်သည်။
အာရှအနောက်ပိုင်းဒေသ၊ တနည်း အရှေ့အလယ်ပိုင်းဒေသလို့ဆိုလိုက်လျှင် လူတွေတွဲပြီးနားလည်ထားတာ တခုရှိသည်။ ရေနံ။ ရွှေမဲလို့ခေါ်သည့်ရေနံ၊ ရွှေက ငွေကြေးလိုင်းထဲကိုစံနှုန်းစံထား တခုအဖြစ်ဝင်သွားပြီး ရေနံကနိုင်ငံရေး ဘက်ရောက်လာသည်။ ရွှေကမရှိဝမ်းဆာ ရှိတန်ဆာ၊ ရေနံကစွမ်းအင် ခေတ်မှီ ကမ္ဘာ့နိုင်ငံကြီးတွေမှာ မရှိလို့မဖြစ်သည့် ကုန်စည်ပစ္စည်း။ အရှေ့အလယ်ပိုင်နိုင်ငံရေးတွင် အနောက်ကမ္ဘာက ပုံအောထောက်ခံထားတာက အစ္စရေး။ အမေရိကန်တွေက ဆော်ဒီ၊ မော်ရိုကို၊ အယ်ၐျီးယီးရား။ ပြင်သစ်က လက်ဘီနွန်၊ ဆိုဗီယက်က လစ်ဗျား၊ ဆီးရီးယား နဲ့ အီရတ်။ ဒီလိုမဟာမိတ်တွေ ကျောထောက်နောက်ခံတွေနဲ့ ဖြစ်သည်။ မက်ဆိုပိုတေးမီးယားကိုယဥ်ကျေးမှုနဲ့ အင်ပါယာတွေရဲ့ အစအဖြစ်ဖော်ပြမိတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း ပထ၀ီဝင်အနေအထားအရ တနည်း ပထဝီနိုင်ငံရေးအရ အရှေ့အလယ်ပိုင်း၏ အဓိက အကျဆုံး နေရာကို ဖော်ပြပါဆိုလျှင် ပါရှန်းပင်လယ်ကွေ့ဟုပြောရမည်ဖြစ်သည်။
ပါရှန်းဟုပြောလျှင် အီရန်ကိုဆိုလိုမှန်းသိကြပါလိမ့်မည်။ ကမ္ဘာကျော်ပါရှန်းစာဆိုကြီး အိုမာခိုင်ယမ်၏ ပေါင်မုန့်တယှက် ဝိုင်တခွက်နဲ့ ချစ်သက်သူဇာသာရှိမယ်ဆိုရင် ဘဝဟာပြီးပြည့်စုံပါပြီဆိုသည့် ကဗျာကို စာသမားတွေ မကြာခဏကိုးကားလေ့ရှိသည်။ တကယ်က ပါရှန်းသည်အာရပ်မဟုတ်ပေ။ ဒါကြောင့် ၂၂ နိုင်ငံပါဝင်သော အာရပ်အဖွဲ့ချုပ်တွင် အီရန်မပါ၀င်။ အာရပ်ထဲမပါဝင်ပေမယ့် ပါရှန်းတွေက အစ္စလမ်ဘာသာဝင်တွေပဲမလား လို့ဆိုလျှင် အရင်ကမဟုတ်ပါလို့ပြောရမည်။ မွတ်စလင်တွေပါရှန်းကို ၇ရာစုမှာမသိမ်းပိုက်လိုက်နိုင်ခင်က ပါရှန်းတွေကိုးကွယ်တာက ရှေးအလွန်ကျသည့် ဇိုရိုစတာအယူဝါဒ (Zoroastrianism) ဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ဇိုရိုစတာ ၏အခြားထင်ရှားသည့်အမည်မှာ ဇရသုစတြ ဖြစ်သည်။ (မှတ်ချက်။ ထိုနာမည် ဇရသုစတြ ကိုအသုံးပြုပြီး နစ်ရှေး က စာအုပ်တအုပ် ရေးသားခဲ့သည်။ သို့သော် နစ်ရှေးစာအုပ်တွင်ပါသည့် ဇရသုစတြမှာ အခြားကိုယ်ကျင့်လက္ခဏာတရပ်ကို ဖန်တီးတည်ဆောက်ပြထားသည်ဟု ဆိုသည်)။
ဆိုတော့ အခြေခံအရ အီရန်သည်အာရပ်ကမ္ဘာနှင့် လူမျိုးအရသော်လည်းကောင်း ဘာသာတရားအရသော် လည်းကောင်း မူလသဘာ၀မတူညီဟုလက်ခံထားကြသည်။ တကယ် အီရန်တွေ အစ္စလမ်ကိုးကွယ် တော့လည်း အာရပ်အများစုကိုးကွယ်သည့် ဆွန်နီမွတ်ဆလင်မဟုတ်ပဲ ရှီယိုက်မွတ်ဆလင် ဖြစ်သည်။ ရှီယိုက်တွေက ဆိုနီနဲ့ယှဥ်လျှင် ၆ပုံ၁ပုံခန့် ပဲရှိသည်။ ဒါပေမယ့်အရေးပါသည့်အချက်တချက်မှာ ပါရှန်းပင်လယ်ကွေ့တဝိုက်တွင်မူ ရှီယိုက်တွေက ဆိုနီတွေထက်ပိုများသည်။ သည်တော့ ဒီဒေသကို ရှီယိုက်တွေက ကြီးစိုးထားလိုသည်။ အမှန်က အာရပ်နှင့် မူဆလင်ကမ္ဘာတွင် ခေါင်းဆောင်မှုပြဿနာက အရင်စစ်အေးခေတ်က ဆော်ဒီနဲ့ အီၐျစ်ကြားမှာဖြစ်သည်။ ဆော်ဒီကို အမေရိကန်ကထောက်ခံပြီး အီၐျစ်ကို ဆိုဗီယက်ကပံ့ပိုးခဲ့သည်။ အီၐျစ်တွင် သမ္မတနာဆာ၏ ဆိုရှယ်လစ်အစိုးရမှ နောက်ပိုင်းအန်နဝါဆာဒတ် ခေတ်ကိုကူးပြောင်းသွားသောအခါ အစ္စရေးနှင့်ငြိမ်းချမ်းရေးရယူခဲ့ရာမှ အာရပ်ကမ္ဘာက အီၐျစ်တွေကို သစ္စာဖောက်တွေအဖြစ်ရှုမြင်ခဲ့သည်။ ဆိုဗီယက်ပြိုကွဲသည့်နောက်ပိုင်း နှင့် အာရပ်နွေဦးအချိန်ကာလများ တွင် အီၐျစ်ပြောင်းလဲရေးဖြစ်လာသည့်အခါ အာရပ်ကမ္ဘာ၏ ခေါင်းဆောင်မှာ ပြိုင်ဘက်မရှိ ဆော်ဒီဖြစ်လာ သော်လည်း မွတ်ဆလင်ကမ္ဘာတွင်မူ ဆော်ဒီ နဲ့ အီရန်ကြား အားပြိုင်မှုမှာပိုလို့ကြီးထွားလာသည်။ သို့သော် အာရပ်ကမ္ဘာနှင့် အီရန်ကြားတွင် ရေနံကိုအခြေခံသော စုစည်းမှုတခုတော့ရှိသည်။ အိုပက်ဖြစ်သည်။ အီရန်သည် ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့ (OPEC – Organization of Petroleum Exporting Countries) ၁၅နိုင်ငံမှာ အဖွဲ့၀င်နိုင်ငံတခု ဖြစ်သည်။
ဒီလိုနောက်ခံအနေအထားတွေမှာ ကမ္ဘာကြီးကအရှေ့အလယ်ပိုင်းဒေသက ရေနံတွေကိုလိုအပ်နေသည်။ ၂၀၀၆ ခုနှစ်က အမေရိကန်ရဲ့ ရေနံထုတ်လုပ်နိုင်စွမ်း တနေ့ကို ပေပါ၈သန်းကျော်လောက်ရှိချိန်မှာ သူတို့ လိုအပ်နေတာက သန်း၂၀ကျော်လောက်ဖြစ်သည်။ ဒီလိုအပ်ချက်က တော်တော်များသလားလို့မေးလာလျှင် ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေဖြစ်သည့် သူ့နောက်က ၐျပန်၊ တရုတ်နဲ့ ၐျာမနီ ၃နိုင်ငံလိုအပ်ချက် ပေါင်းထားတာထက် ပိုများသည့် ပမာဏဖြစ်သည်။ ကျန်တဲ့ ပေပါ၁၂သန်းကျော်ကိုအပြင်ကနေတင်သွင်း ရသည်။ ဒါကြောင့်အမေရိကန်သည် အရေးပေါ်ကိစ္စတခုကြုံလာရင် (ဥပမာ စစ်ဖြစ်လျှင်) ရေနံအဆင်သင့် ရှိနေအောင် ရေနံပီပါ ဘီလီယံနဲ့ချီပြီး သိုလှောင်ထားပြီး ဒါကိုအရံရေနံအင်အားလို့ဆိုကြသည်။ ၂၀၁၆ ရောက်တော့ အမေရိကန်ရဲ့ ရေနံထုတ်နှုန်း ဟာ တနေ့ကို ပေပါ ၁၅သန်းကျော်လောက်ရှိလာသည့်အတွက် သူတို့ အပြင်ကလိုတာ ၄သန်းကျော်ပဲ ဖြစ်လာသည်။ ဒီမှာ ကနေဒါနဲ့ ဗင်နီဇွဲလားလို အမေရိကတိုက်တွင်း ဝယ်လို့ရတာတွေ ထဲ့တွက်ကြည့်တော့ အမေရိကန်တွေရဲ့ ပြင်ပကမ္ဘာကိုရေနံမှီခိုမှုဟာ လုံး၀ကျဆင်းသွား တာတွေ့ရသည်။ ၂သန်းလောက်ပဲ ရှိတော့သည့်အနေအထားဖြစ်သည်။ အမေရိကန်တွေထုတ်လုပ်အားသည် ခုဆိုလျှင် တနေ့ကို ဘီလီယံနဲ့ချီရှိလာပြီး ရေနံအရံအင်အားသတ်မှတ်ချက်ကိုဖျက်သိမ်းနိုင်လိုက်တဲ့အပြင် ကမ္ဘာမှာရေနံတင်ပို့မှုအများဆုံးနိုင်ငံအဖြစ်ကိုပြောင်းလဲလာသည်။ သဲကျောက်လွှာထဲကနေ ရေနံနဲ့ ဓါတ်ငွေ့ (Shale Petroleum and Gas) ကို စရိတ်ကာမိတဲ့ထုတ်လုပ်မှု နည်းပညာက ခုလိုအပြောင်းအလဲကို ဖြစ်စေ ခဲ့တာဖြစ်သည်။ ပြီးတော့ အမေရိကန် ရဲ့ ရေနံနဲ့ပတ်သက်တဲ့ ပြင်ပကမ္ဘာကိုမှီခိုမှုလည်း ပြီးဆုံးသွား ခဲ့သည်။ ဒီအချက်က သဘာဝကျစွာပဲ အမေရိကန်ကို စက်မှုလုပ်ငန်းတွေ ပြန်လုပ်ဖို့ (Reindustrialization) နဲ့ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီ ပေါ်ကို သက်ရောက်မှုတခု ဖြစ်လာစေသည်။ ပထမအချက်က တရုတ်နဲ့ ကုန်သွယ်စစ်ကို တနည်းတဖုံ တွန်းအားပေး (တရုတ်ကိုရွှေ့လိုက်တဲ့ စက်မှုလုပ်ငန်းတွေကို ပြန်ခေါ်သွင်း ချင်လာ) ခဲ့တာဖြစ်ပြီး၊ နောက်တချက်က ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေအပေါ်အကာအကွယ် ပေးထားရတာနဲ့ ရေနံထုတ်တဲ့နိုင်ငံတွေအပေါ် နိုင်ငံရေးအရ သြဇာသက်ရောက်မှုပြုထားရမယ့် ၀န်ထုပ်၀န်ပိုးတွေကိုလျှော့ချဖို့ ဖြစ်စေခဲ့သည်။
ကမ္ဘာ့အထီးတည်းစူပါပါ၀ါ အမေရိကန်ရဲ့ သူဦးဆောင်မှုပေးထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုလမ်းကြောင်းထဲ က ပြန်ထွက်မယ့် (အနိမ့်ဆုံး အလှည့်အပြောင်းလုပ်မယ့်) အကျိုးဆက်ကို လာမယ့် ၁၀စုနှစ်တခု သို့မဟုတ် နှစ်ခုကြာအောင်တွေ့ကြရတော့မှာဖြစ်သည်။
၂။ ၁၉၇၉။ ရှားဘုရင်ထွက်တော်မူနန်းကခွာခြင်းနှင့် ကရင်မလင်နန်းတော်ရဲ့အာဖၐန်အိပ်မက်
၁၉၇၉ ဇန္နဝါရီ အီရန်တော်လှန်ရေးသည် ၂၆နှစ်ကြာသက်စိုးရှည်ခဲ့သော ရှားဘုရင်ကိုဖြုတ်ချနိုင်ခဲ့သည်။ အီရန်၏ ၁၉၅၃ အာဏာသိမ်းပွဲကို နောက်ကွယ်ကပံ့ပိုးခဲ့ပြီး ရှားဘုရင်ကိုနန်တင်ခဲ့သော အမေရိကန်၏ အီရန်ပေါ်သြဇာသက်ရောက်နိုင်စွမ်းကုန်ဆုံးခဲ့ချိန်လည်းဖြစ်သည်။ ၁၉၇၉၏ အရှေ့အလယ်ပိုင်း အခြေအနေမှာ လက်ဘနွန်ပြည်တွင်းစစ် (၁၉၇၈) ပြီးဆုံးကာစဖြစ်ပြီး အရေးအပါဆုံး ဖြစ်ရပ်မှာ အီၐျစ် အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ စာချုပ်ကို ၁၉၇၉မတ်လ ၀ါရှင်တန်တွင် လက်မှတ် ထိုးခဲ့သော်လည်း စာချုပ်ပါညှိနှိုင်းသဘောတူညီချက်များကို ၁၉၇၈ ဒေးဗစ်စခန်း သဘောတူညီချက်များတွင် ဆွေးနွေးရရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန် သမ္မတကာတာ လက်ထက်ဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် မီနာချမ်ဘီၐင်နှင့် အီၐျစ်သမ္မတ အန်န၀ါဆာဒါတ်တို့ လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်၏အဓိက သဘောတူညီချက်မှာ အစ္စရေးက ဆိုင်းနိုင်းကျွန်းဆွယ်ကို အီၐျစ်ကိုပြန်ပေးရပြီး စူးအက်တူးမြောင်းနှင့် တီရန်ရေလက်ကြားကို ဖြတ်သန်းခွင့်ရမည်ဖြစ်သည်။ ဒီအချက်က အာရပ်အစ္စရေး ၁၉၆၇စစ်ပွဲ၏ အခြေခံအရင်းအမြစ်ပြဿနာလည်းဖြစ်သည်။ အစ္စရေးသည်မြေထဲပင်လယ်ထွက်ပေါက် ရှိသော်လည်း စူးအက်တူးမြောင်းနှင့် တီရန်ရေလက်ကြားသည် သူ့ကို ပင်လယ်နီသို့ထွက်ပေါက်၂ခုဖြစ်စေမည်ဖြစ်ပြီး ထိုမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ထွက်ခွင့်ရစေမည်ဖြစ်သည်။
တကမ္ဘာလုံးအတိုင်းအတာအနေနှင့်ကြည့်သော် နစ်ဆင်နှင့် ကစ်ဆင်းၐျားတို့ မော်စီတုန်းနှင့် ဆွေးနွေးခဲ့သည့် ၁၉၇၁-၇၂ ရလဒ်များအသက်၀င်လာပြီး အမေရိကန်တရုတ် ပုံမှန်ဆက်ဆံရေး (Normalization) ပြန်လည် ထူထောင်နိုင်ခဲ့ချိန်ဖြစ်သည်။ တဆက်တည်းမှာပင် တရုတ်ဗီယက်နမ်စစ်၏ အစလည်းဖြစ်သည်။ အမှန်တော့ ၁၉၇၂-၇၉ သည် စစ်အေးကာလအပိုင်းအခြားတွင် တည်ငြိမ်မှုရသည့်ကာလ (Détente Era) ဟုသတ်မှတ်ခံ ခဲ့ရပြီး အမေရိကန်ဆိုဗီယက်ကြား ၁၉၇၂မှစတင်ဆွေးနွေးလာသည့် မဟာဗျူဟာမြောက်လက်နက်များ ထိမ်းချုပ်ရေးစာချုပ် (SALT ii – Strategic Arms Limitation Treaty II) ကို ၁၉၇၉ တွင်ချုပ်ဆိုနိုင်ခဲ့သည်။ ကာတာလက်ထက် အီၐျစ်အစ္စရေးငြိမ်းချမ်းရေးစာချုပ်၊ တရုတ်နှင့်ပုံမှန်ဆက်ဆံရေးထူထောင်နိုင်ခြင်းနှင့် ဆိုဗီယက်နှင့်လက်နက်ကန့်သတ်ရေးစာချုပ်တို့မှာ အောင်မြင်မှုများဖြစ်သော်လည်း အီရန်ကို လက်လွှတ် ရခြင်း နှင့် တီဟီရန်ရှိ အမေရိကန်သံရုံးကို အီရန်ပြည်သူများဝန်းရံပိတ်ဆို့ ခံခဲ့ရခြင်းသည် နိုင်ငံခြားရေးပေါ် လစီရှုံးနိမ့်မှုများဖြစ်ခဲ့သည်။ တဆက်တည်းမှာပင် ဆိုဗီယက်နှင့် ကျူးဘားက အီသီရိုးပီးယားကို သူတို့ ကျောထောက်ခံဆိုမာလီမှတဆင့် ကူညီရာမှ အိုၐါဒင်စစ်ပွဲဖြစ်သည်။ အိုၐါဒင်သည် အီသီယိုပီးယား အရှေ့ပိုင်းဖြစ်ပြီး ဒီၐျေဘိုးတီး (ယခု တရုတ်၏တခုတည်းသော ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်း ရှိသည့်နိုင်ငံ)၊ ဆိုမာလီ၊ ကင်ညာတို့နှင့် နယ်နမိတ်ခြားနေသည့်ဒေသဖြစ်သည်။ အာဖရိက ဦးချိုဒေသဟု ခေါ်ဆိုသည့်အဆိုပါဒေသသည် ဆင်းရဲသော်လည်း အထက်တွင်အစ္စရေးတို့လိုအပ်ခဲ့သော ပင်လယ်နီမှ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို အနီးကပ်စောင့်ကြည့်နိုင်သည့်နေရာဖြစ်သည်။ ဆိုရသော် မဟာဗျူဟာအရ အရေးပါသော ဒေသတခုဖြစ်နေသည်။
အမေရိကန်တွေသည်းမခံနိုင်သည်ဖြစ်ရပ်ကတော့ ဆိုဗီယက်က အာဖၐန်နစ္စတန်ကို ၁၉၇၉ ဒီဇင်ဘာတွင် ဝင်ရောက်ကျူးကျော်ခဲ့ခြင်းဖြစ်သည်။ စစ်အေး၏ တည်ငြိမ်မှုကိုပြီးဆုံးစေခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး အမေရိကန် ဆိုဗီယက်ထိပ်တိုက်တွေ့ဆုံမှုကို ပြန်လည်စတင်စေခဲ့သည်။ အာဖၐန်ပြည်သူတွေအတွက်မူ တိုင်းပြည်၏အုပ်ချုပ်သူအာဏာရှင်တွေအပေါ်တင်ရှိနေသောဒေါသကို ဆိုဗီယက်ကလက်ပြောင်းယူခဲ့သလို ဖြစ်ပုံရသည်။ အာဖၐန်ကျူးကျော်မှုသည် ထိပ်တိုက်တွေ့ဆုံခြင်းမှကွန်မြူနစ်အင်ပါယာပြိုကွဲခြင်း (From Confrontation to Communist Collapse 1981 – 1989) ၁၉၈၀ပြည့်နှစ်များ၏ အစဖြစ်လာခဲ့သည်။ အီရန်တွင်အမေရိကန်ဓားစာခံများဖမ်းစီးခံထားရသည့် ပြဿနာတွင်နစ်မြုပ်နေသည့် ၐျင်မီကာတာအတွက် အာဖၐန်အရေးသည် ဆိုဗီယက်၏ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ပြီး ကာတာ၊ ဘရက်ဇညက် အရေးပေါ် တယ်လီဖုန်းလိုင်း ကိုအလုပ်ပေးခဲ့သည်။ အမေရိကန်ဘက်မှ SALT II သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့သည်။ အာဖၐန်ဆိုဗီယက်ဝင်ရောက်မှုသည် ၁၉၈၀ ရော်နယ်ရေၐင်ရွေးကောက်ပွဲအနိုင်ရစေသည့် တွန်းအား တခုလည်း ဖြစ်လာခဲ့သည်။ ဒါပေမယ့် အမေရိကန်ရဲ့ စိုးရိမ်ကြောင့်ကြမှုကို သမ္မတကာတာ ၏ ၂၃ ဇန္နဝါရီ ၁၉၈၀ ကြေညာချက်တွင် “ပါရှန်ပင်လယ်ကွေ့ကို ထိမ်းချုပ်ဖို့ကျိုးစားတဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးကို မဆို အမေရိကန်ရဲ့ အရေးပါတဲ့အကျိုးစီးပွားအပေါ်ထိုးနှက်ဖို့ကျိုးစားမှုတခု အဖြစ်ရှုမြင်မှာြဖစ်သည်။ စစ်ရေးအပါအဝင် ဘယ်လိုနည်းလမ်းကိုမဆိုအသုံးပြုပြီးအမေရိကန်အစိုးရကနေ တန်ပြန်ဆောင်ရွက် သွားမည်ဖြစ်သည်” ဟုမြင်တွေ့ရမည်ဖြစ်သည်။ ကာတာမူဝါဒ (Carter Doctrine) အဖြစ်နာမည်တွင် ခဲ့သည်။
ဆိုဗီယက်ဝင်ရောက်သိမ်းပိုက်လိုက်သော အာဖၐန်နစ္စတန်သည် အမေရိကန်ဗီယက်နမ်၀င်ရောက်မှု နှင့် နှိုင်းယှဥ်လေ့လာမှုများရှိခဲ့ပြီး အာဖၐန်ကို ဆိုဗီယက်ရဲ့ ဗီယက်နမ်လို့ နာမည်ပေးသူများရှိသည်။ သို့သော် အနောက်ကမ္ဘာတခုလုံး၏ ရေနံသယ်ယူရာလမ်းကြောင်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့နှင့်တဆက်တည်း ဖြစ်သော ဟောစမုစ် ရေလက်ကြားသည် အာဖၐန်မှ မိုင်၃၀၀ အကွာအဝေးတွင်ရှိသည်ဆိုသည့်အချက်သည် ၐျင်မီကာတာအစိုးရကို စစ်ရေးအပါအဝင် မည်သည့်နည်းလမ်းကိုမဆိုအသုံးပြုမည်ဟု ကြေညာချက်ကို ထုတ်စေခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် အမေရိကန် ဆော်ဒီပူးပေါင်းပြီး ဆက်ဒမ်ဟူစိန်ကို အီရန်ကို ဝင်တိုက် ဖို့ လက်ထောက်ချနိုင်ခဲ့သည်။ အီရန်အီရတ်စစ်သည် အရှေ့အလယ်ပိုင်းတွင်သာမက တကမ္ဘာလုံးက စိတ်၀င်တစား စောင့်ကြည့်ခဲ့ရသောစစ်ပွဲဖြစ်ပြီး ၁၉၈၀မှ ၁၉၈၈ အထိ၈နှစ်ကြာသောစစ်တွင် အီရန်ဘက်က လူတသန်းနီးပါး အသက်ဆုံးရှုံးခဲ့သည်။ အီရန်စစ်ပြီးနောက်ပိုင်း စစ်ရှိန်တက်လာသော အီရတ်က ၁၉၉၀မှာ ကူဝိတ်ကိုဝင်တိုက်တော့ အမေရိကန်အနေဖြင့် ထိုဒေသ၏ရေနံစီးဆင်းမှုကို တိုက်ရိုက်ကိုင်တွယ်ဖို့လိုအပ် လာပြီဟုဆုံးဖြတ်ချက်ချခဲ့သည်။ ၂၀၀၃ မှာ စစ်ဆင်ရေးတခုတွင် ဆက်ဒမ်ဟူစိန်ကို လက်ရဖမ်းစီးခဲ့ပြီး သေဒါဏ်ပေးခဲ့သည်။ သို့သော် အခြေအနေတွေကထင်မှတ်ထားသလိုဖြစ်မလာခဲ့။ ဘွတ်ရှ်သည်အီရတ်ကို ဝင်တိုက်သည့်စစ်တွင် အမေရိကန်ပြည်သူတွေ၏ထောက်ခံမှုဆုံးရှုံးရာမှ အီရတ်ရှိတပ်များကိုပြန်ဆုတ်ဖို့ ဖြစ်ခဲ့သည်။ အိုဘားမားသည် တပ်ပြန်ဆုတ်ရေးအခြေခံပေါ်တွင် ရွေးကောက်ပွဲအောင်နိုင်ခဲ့သူဖြစ်လာသည်။
အိုဘားမားအစိုးရလက်ထက်တွင် အီရန်နှင့် နျူကလီးယားနည်းပညာရပ်တန့်ထားဖို့ သဘောတူလက်မှတ် ရေးထိုးဖို့ ကျိုးစားခဲ့သည်။ ဆော်ဒီသည် အမေရိကန်ကျိုးစားသည့် အီရန်နှင့်စေ့စပ်ရေးကို အဆင့်တိုင်းတွင် ဖျက်ဖို့ကျိုးစားခဲ့သည်။ ဆော်ဒီက သူတို့ဝယ်ထားသည့် အမေရိကန်ဘွန်းတွေအားလုံးထုတ်ရောင်းမည် ဆိုသည်အထိ ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်၏တုန့်ပြန်မှုက ကွန်ကရက်တွင် အမေရိကန်နိုင်ငံသားတွေ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် နိုင်ငံရပ်ခြားအစိုးရတွေကို တရားစွဲဆိုခွင့်တွင် သမ္မတ ဗီတိုကို ပယ်ဖျက်မည့် ဥပဒေတရပ်ချမှတ်ဖို့စီစဥ်သည်။ ဆော်ဒီအစိုးရကသူ့ကို ရည်ရွယ်သည့် ဥပဒေမှန်း သဘောပေါက်သွားပြီး အမေရိကန်နှင့်ကွာရှင်းပြတ်စဲခြင်းတွင် သူတို့အတွက်ဘာအကျိုးစီးပွားမှ မရှိမှန်း နားလည်သွားသည်။ ၂၀၁၆ အစောပိုင်းတွင် တဟီရန်နှင့် ဝါရှင်တန် လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ အမေရိကန်က အီရန်ကိုပိတ်ဆို့ထားသည့် စီးပွားရေးနှင့် နိုင်ငံရပ်ခြားငွေစာရင်းများ ကိုပြန်ဖွင့်ပေးခဲ့သည်။ အမေရိကန် မဟာဗျူဟာမှာ အရှေ့အလယ်ပိုင်းကို ပါရှန်းတွေ (အီရန်) နှင့် အာရပ်တွေ (ဆော်ဒီနဲ့အပေါင်းအပါများ) ဒုတိယကမ္ဘစစ်မတိုင်မှီကအနေအထားအတိုင်း တဘက်နဲ့တဘက်ရန်စောင်စစ်မီးပွားနေစေဖို့ပဲ ဖြစ်သည်။
တဘက်တွင် အမေရိကန် ဆက်ဒမ်ဟူစိန်ကို သုတ်သင်ခဲ့ခြင်းသည် အီရတ်တွင် အီရန်သြဇာလွှမ်းမိုးဖို့ ကူညီခဲ့သလို ဖြစ်ခဲ့သည်။ ပြောင်းလဲလာသောအခြေအနေတွေက ဆော်ဒီအနေနှင့် အီရန်ကို ဒေသတွင်း စိုးမိုးဖို့အတွက် တန်ပြန်ထားဖို့လိုလာသည်။ ဆော်ဒီရွေးချယ်ခဲ့တာ ပုံစံ၂မျိုးဖြစ်သည်။
(ဆက်ပါမည်)
ကျော်ဇောခိုင်
၂၆ ဇန္န၀ါရီ ၂၀၂၀