နိုင်ငံတကာ ရေးရာ မိတ်ဆက်(20)

by Hla Soewai - Jan 09 2024

#နိုင်ငံတကာရေးရာမိတ်ဆက် _ (၂၀)

 

တရုတ်-အမေရိကန် ဆက်ဆံရေး လားရာသည် ရုရှား နှင့် သိသိသာသာ ကွဲပြားခဲ့သည်၊ ဤသည်ကလည်း တရုတ်သည် အမေရိကန် နှင့် ပတ်သက်လျှင် ရုရှား နှင့် မတူသည့် မူ ကို ကျင့်သုံးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

တရုတ်သည် ကမ္ဘာစီးပွားရေး နယ်ပယ်ထဲသို့ ပါဝင် စီးမျော ပေါင်းစပ်လို၍ ကုန်သွယ်ရေး နှင့် ရင်းနှီး မြုပ်နှံမှု နယ်ပယ်များအား ဦးစားပေး လှုပ်ရှားလာခဲ့သည်။ သို့သော်လည်း အစိုးရ ဦးဆောင်သော စီးပွားရေး မူဝါဒများ နှင့် အညီ ဖြစ်နိုင်မည့် နိုင်ငံတွင်းရှိ စက်မှုလုပ်ငန်းများ၊ ပို့ကုန် လုပ်ငန်းများ အကျိုးရှိရာ ရှိကြောင်း နည်းလမ်းများကို ရှာဖွေ လုပ်ဆောင်ခဲ့ကြသည်။

 

ထို့အတွက် အမေရိကန်၏ ကြီးမားလှသော ဈေးကွက်ကြီး အတွင်း ဝင်ရောက်နိုင်ရေး နှင့် နည်းပညာများ ရရှိရေး အတွက် အမေရိကန် နှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးစားခဲ့သည်။ ၎င်းတို့၏ စီးပွားရေး တိုးတက်ကောင်းမွန်နေရေးသည် နိုင်ငံတကာ အခြေအနေ တည်ငြိမ်ပြီး ခန့်မှန်း၍ ရနိုင်မည့် အခြေအနေ အပေါ် မူတည်နေသည်ကိုလည်း ကောင်းစွာ သိရှိနားလည် ထားသည်။

 

တိန့်ရှောင်ဖိန်၏ ဦးဆောင်မှု အောက်တွင် တရုတ်သည် အာရှတွင် အမေရိကန် မဟာမိတ်များ နှင့် ထိတ်တိုက်ရင်ဆိုင်ရမည့် အရေးကို ရှောင်ရှားခဲ့သည်။ အမေရိကန် ၏ ကမ္ဘာကြီးအား စိုးမိုးနေမှု ကိုလည်း ဖာသိဖာသာပင် နေခဲ့သည်။

 

သို့သော် ၂၀၁၀ အကျော်ပိုင်း ရောက်လာသည့် အခါတွင်တော့ အမေရိကန်-တရုတ် ဆက်ဆံရေးသည် ယခင်ကလို ပူးပေါင်းဆောင်ရွက်မှုထက် ပခုံးချင်း ယှဉ်လိုမှု က ပိုများလာခဲ့သည်ဟု သုံးသပ်ရမည် ဖြစ်သည်။ အမေရိကန် တို့ ယခင် က မျှော်လင့်ခဲ့သလို တရုတ်အား ကမ္ဘာစီးပွားရေး နယ်ပယ်တွင် ပါဝင်ခွင့် ပြုခဲ့ပါက ထိန်းချုပ်ပြီးသား ဖြစ်သွားမည့် အပြင် ဈေးကွက် ဦးစားပေး ဒီမိုကရေစီ ဖြစ်ထွန်းလာလိမ့်မည် ဆိုသည်များက ဖြစ်မလာခဲ့တော့။ 

 

အဓိက အကြောင်းရင်းသည် ထိုသို့ ကမ္ဘာစီးပွားရေး နယ်ပယ်ထဲ ဝင်ရောက် ပေါင်းစပ်နိုင်ရန် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ်ကြီးတွင် ပါဝင် ခွင့် ပြုခဲ့သော်လည်း ထိုအဖွဲ့ကြီးမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာမှု ရှိမရှိ ကို သေချာ ကျနစွာ စီစစ် အရေးယူခဲ့မှု မရှိခြင်းပင် ဖြစ်သည်။ ဥပမာ ပြရမည် ဆိုက တရုတ်သည် ကမ္ဘာ ဒုတိယ အကြီးဆုံး စီးပွား‌ ရေး ကို ပိုင်ဆိုင်ထား‌ သော် ငြားလည်း ကမ္ညာကုန်သွယ်ရေး အဖွဲ့ချုပ်ကြီး အတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံ အဆင့်အတန်းကို အလျော့မပေး ဆုပ်ကိုင်ထားသဖြင့် ကမ္ဘာဘဏ်၏ ချေးငွေများကို ရရှိနေပြီး ထိုငွေများဖြင့် အဆင့်မြင့် နည်းပညာ နယ်ပယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီး မြုပ်နှံလာခဲ့သည်။ ကမ္ဘာတဝှမ်းရှိ ၎င်းတို့၏ အခြေခံ အဆောက်အအုံ စီမံကိန်းများ အတွက် ငွေကြေး ပံ့ပိုးပေးလာနိုင်ခဲ့သည်။

 

အမေရိကန်နှင့် ဆက်ဆံရေး ဆိုးရွားလာရခြင်း၏ အဓိက အကြောင်းရင်းသည်ကား ကုန်သွယ်ရေး ပိုင်း နှင့် သက်ဆိုင်နေသည်၊ တရုတ်သည် အမေရိကန်၏ နည်းပညာများကို ခိုးယူခဲ့ခြင်း၊ အမေရိကန် ကုမ္ပဏီ များအားလည်း ၎င်းတို့တီထွင် ဖန်တီး၍ မူပိုင်ခွင့် မှတ်ပုံတင်ထားသည်များကို အတင်းအကျပ် လွှဲပြောင်းစေခြင်း နှင့် အမေရိကန် သွင်းကုန်များ အပေါ် အတားအဆီးများ ပြုလုပ်လာခြင်းတို့ကြောင့် အမေရိကန် သည် တရုတ် အပေါ် စိတ်ကုန်ခန်းလာရာ မှ စတင်ခဲ့ခြင်း ဖြစ်သည်။

 

ထို့အပြင် ဉာဏ်ရည်တု နည်းပညာ၊ အချက်အလက်များသည် မည်မျှပင် ထုနှင့် ထည်နှင့် ရှိနေစေကာမူ တပြိုင်တည်း တွက်ထုတ် ပေးနိုင်သည့် ကွမ်တန် သီအိုရီ အပေါ် အခြေခံသည့် နည်းပညာများ (ဘဏ္ဍာရေး၊ ဆိုက်ဘာ လုံခြုံရေး နှင့် ဆေးဝါးအသစ် စမ်းသပ် ဖေါ်ထုတ်ရေး များတွင် အသုံးချနိုင်သည်)၊ 5G နည်းပညာ ပိုင်းများတွင် အစိုးရ၏ ငွေကြေး စိုက်ထုတ် ကူညီမှု များ နှင့် တဟုန်ထိုး အကောင်အထည် ဖေါ်‌ လာမှုများ နှင့် တောင်တရုတ် ပင်လယ် နှင့် ပတ်သက်ပြီး လုပ်သမျှ ဖြစ်ရမည် ဆိုသော ယုံကြည်မှု လွန်ကဲသည့် နိုင်ငံခြားရေး ပေါ်လစီ တို့ အပေါ် လည်း စိုးရိမ်မကင်း ဖြစ်လာကြသည်။

 

တရုတ်သည် တောင်တရုတ် ပင်လယ်တွင် အိမ်နီးချင်း နိုင်ငံ များမှ မိမိတို့ ပိုင်ဆိုင်သင့်သည် ဟု ကြေငြာ ပြောဆိုမှု များ ရှိနေသည့် ကြားမှ ပင်လယ်ပြင် တခုလုံးသည် ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟု ပြောဆို ပြုမူလာခဲ့သည်။ နိုင်ငံတကာ ခုံရုံး၏ ဆုံးဖြတ်ပေးမှု ကိုလည်း ပယ်ချခဲ့ခြင်းများ ကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

 

ထို့အပြင် တရုတ် သမ္မတ ရှီကျင့်ပင်သည် ၎င်း အုပ်ချုပ်ရမည့် သက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ခဲ့ခြင်း၊ နိုင်ငံ အနောက်ပိုင်းရှိ ဝီဂါ လူနည်းစုများကို ဖိနှိပ်ချုပ်ချယ်လာခြင်း၊ ဟောင်ကောင်၏ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်အား ဗိုလ်ကျ အနိုင်ကျင့်လာခြင်း၊ အင်တာနက်အပေါ် ဆင်ဆာ လုပ်မှုများ တိုးမြှင့်လာခဲ့ခြင်း၊ အစိုးရ နှင့် မသက်ဆိုင်သော အကူအညီပေးရေး အဖွဲ့အစည်း များ အား နှိပ်ကွပ်လာခြင်း အစရှိသည့် တို့ အပေါ်လည်း အမေရိကန် တို့ အစာမကြေ ဖြစ်လာကာ ပွတ်တိုက်မှု များ များသည်ထက် များလာခဲ့သည်။

 

ထိုသို့သော အကြောင်းများကို ကြည့်၍ ပညာရှင်များက နှစ်နိုင်ငံ အကြား စစ်အေးတိုက်ပွဲကြီး စတင်လာနေပြီ ဆိုသော အယူအဆကို ကျယ်ကျယ်လောင်လောင် ပြောဆို ဆွေးနွေးလာကြသည်။ ထိုသို့သော ပုံစံမျိုး ပေါ်ပေါက်လာခဲ့လျှင်လည်း ယင်းသည် ယခင် အမေရိကန် နှင့် ဆိုဗီယက် အကြား ဖြစ်ပွားခဲ့သော စစ်အေးတိုက်ပွဲကြီး နှင့် အခြေခံ အားဖြင့် များစွာ ကွာခြားလာမည်သာ ဖြစ်သည်။

 

တရုတ်သည် ဆိုဗီယက် ကဲ့သို့ မဟုတ်ပဲ စီးပွားရေး အင်အားကြီး နိုင်ငံ တခု ဖြစ်ပြီး ကမ္ဘာစီးပွားရေး နယ်ပယ်တွင်လည်း နက်နက်ရှိုင်းရှိုင်း ပါဝင် ပတ်သက်နေသည်။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ထိန်းချုပ် ဟန့်တားဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့ပြငိ ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှု များ ဖြစ်သည့် ရာသီဥတု ပြောင်းလဲလာမှု၊ နျူကလီယား မပြန့်ပွားရေး အစရှိသည် တို့သည် အမေရိကန် အပါအဝင် နိုင်ငံတိုင်း၏ အကျိုးစီးပွားကို ထိခိုက်နိုင်စရာ ဖြစ်နေ၍ တရုတ်၏ ပူးပေါင်း ဆောင်ရွက်လာမှု မရှိမဖြစ် လိုအပ်နေပြန်သည်။

 

ထို့အတွက် ပြည်တွင်း နှင့် ပြည်ပတွင် တရုတ်ကျင့်သုံးနေသော လုပ်ရပ်များ ထဲမှ ရွေးချယ်စီစစ်၍ ရှေ့တိုး မလာအောင် ဟန့်တားထားနိုင်မည့် နိုင်ငံခြားရေး မူဝါဒ ချမှတ်နိုင်ရမည့် အပြင် တချိန်တည်းတွင် တရုတ်၏ ပူးပေါင်း‌ ဆောင်ရွက်မှု ရရှိ‌‌ ရေး အတွက်လည်း လမ်းဖွင့်ထားနိုင်ရေး သည် လွန်စွာ အရေး ပါလာယုံမက လုပ်ရကိုင်ရသည့် အခါတွင် လည်း အခက်အခဲများလည်း ရှိလာမည်သာ ဖြစ်သည်။

 

ယခု စစ်အေး တိုက်ပွဲ ကြီး ယခင်ကနှင့် မတူပဲ လွန်စွာ အရေးပါသည့် သဘောလက္ခဏာများ ရှိလာခဲ့သည်။ ယခုအခါ မျက်ကွယ်ပြု၍ မရသော တကမ္ဘာလုံး နှင့် သက်ဆိုင်နေသည့် စိန်ခေါ်မှု များ ရှိလာနေပြီး၊ ထိုအရေးအား နိုင်ငံများက လိုလိုလားလား ရင်ဆိုင် ဖြေရှင်းလိုစိတ် နှင့် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိမှု အကြား ကွာဟမှု သည် လွန်စွာ ကြီးမား‌‌ လာနေသည်။

 

နိုင်ငံတကာ မိသားစု၊ အသိုက်အဝန်း ဆိုသော စကားရပ်ကို မကြာခဏ သုံးစွဲ ပြောဆိုနေကြသော်လည်း တကယ်တမ်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး မှ လွဲ၍ လတ်တလော အရေးကြီးသည့် ပြဿနာများအား ‌ဖြေရှင်းရေးတွင်မူ မိသားစု ပုံစံမျိုး မရှိလှဟု ဆိုရမည်သာ ဖြစ်သည်။

 

အနီးစပ်ဆုံး ဥပမာပြရမည် ဆိုလျှင် ရာသီဥတု ပြောင်းလဲလာသည့် အရေးကို ကိုင်တွယ်ရာတွင် ဖြစ်သည်။ ကမ္ဘာ အပူချိန် မြင့်တက်လာမှု ကာကွယ်ရန် တကမ္ဘာလုံး ကာဘွန် ဓါတ်ငွေ့ ထွက်ရှိမှုတွင် နိုင်ငံ တခုစီအလိုက် ကန့်သတ်ရေး နှင့် လိုအပ်သူများက မလိုအပ်သူများထံမှ ဝယ်ယူခြင်း ဖြင့် ထိန်းချုပ်ရေး ဆိုသည့် cap and trade သဘောတူညီချက်အား ရည်ရွယ်ချက် ကြီးကြီးထား၍ အကောင်အထည် ဖေါ်ရေး နှင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိစေသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများ အား အခွန်စည်းကြပ်ခြင်းဖြင့် ဟန့်တား ရေး တို့တွင် ဖြစ်သည်။

 

ထိုအစား ပဲရစ်တွင်၂၀၁၅ အတွင်း ညီလာခံတရပ် ခေါ်ယူ၍ ယခုရာစုနှစ် အတွင်း ကမ္ဘာကြီး၏ အပူချိန်သည် မည်ရွေ့မည်မျှ ထက် မကျော်စေရ ဟူသော ရည်မှန်းချက် ကို အစိုးရများက သဘောတူခဲ့ကြသည်။ ထိုရည်မှန်းချက် အတွက် အစိုးရများက မိမိတို့ နိုင်ငံ မှ နောက် ငါးနှစ် အတွက် မည်ရွေ့မည်မျှသာ ထွက်ရှိရမည်ဟု သတ်မှတ် ခဲ့ကြသည်။

 

ထိုသို့ သဘောတူညီချက် ရရှိနိုင်ခဲ့ခြင်းကို သတင်းကောင်းဟု ဆိုရမည် ဖြစ်သည်။ မကောင်းသည့် သတင်းသည်ကား ထိုသို့ နိုင်ငံများက သဘောတူညီခဲ့ကြသော်လည်း ကမ္ဘာကြီး၏ အပူချိန်သည် သိသိသာသာ မြင့်တက်လာခဲ့ခြင်းပင် ဖြစ်သည်။ ပို၍ ဆိုးသွားစေခဲ့သည်က ထိုသို့သော သတ်မှတ်ချက်များ မည်သို့မျှ ဖြေ့ဆည်းနိုင်ဖို့ မရှိသည်က သေချာ သွားခဲ့ခြင်းပင် ဖြစ်သည်။

 

ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာချိန်တွင် အမေရိကန်သည် ထိုသဘောတူညီချက်မှ နှုတ်ထွက်ရန် ရည်ရွယ်ကြောင်း ကြေငြာလိုက်၍ အခြေအနေများ ပို၍ ဆိုးဝါးသွားခဲ့သည်။ ထိုသို့ ပြောဆိုနေချိန်တွင် ကမ္ဘာကြီးသည် ရာသီဥတု အပြောင်းအလဲ ဒဏ်ကို တိုး၍ ခံလာနေရပြီ ဖြစ်သည်၊ ယခင်ကထက် ပို၍ ပူနွေးလာသည့်အပြင် ပင်လယ်ရေမျက်နှာပြင်သည်လည်း မြင့်တက်လာခဲ့သည်။ ဆိုးရွားသော ရာသီဥတု အပြောင်းအလဲ ဒဏ်ကိုလည်း မကြာခဏ ဆိုသလို ရင်ဆိုင်ခဲ့ကြရသည်