လစ်ဗျား အရေး မဖြစ်ပွားမီ ဆယ်နှစ်ခန့်ဟု ဆိုရမည် ဖြစ်သည့် ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့တွင် အာရပ် နိုင်ငံ လေးနိုင်ငံ မှ လူ ဆယ်ကိုးဦးသည် box cutter ခေါ် စက္ကူဖြတ်ရန် သုံးသည့် အိပ်ဆောင် မောင်းချဓါးများဖြင့် အမေရိကန် တွင် ပျံသန်းနေသော ခရီးသည်တင် လေယာဉ် လေးစင်းကို ပြန်ပေးဆွဲခဲ့ကြသည်။
အဆိုပါ ပုဂ္ဂိုလ် ဆယ်ကိုဦး စလုံးသည် အာဖဂန်နစ္စတန် တွင် အခြေစိုက်ထားသည့် အကြမ်းဖက် ကွန်ယက်ကြီး တခု ဖြစ်သော အယ်ကိုင်ဒါ အဖွဲ့ကြီး၏ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။ ထိုအဖွဲ့ကြီးအား အာဖဂန်နစ္စတန် ကို ဆိုဗီယက်တို့ သိမ်းပိုက်ထားစဉ် အတွင်း ခုခံတွန်းလှန်ရန် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲလာသော လေယာဉ် လေးစင်း အနက် နှစ်စင်းသည် နယူးယောက် မြို့လည်ရှိ မိုးထိမြင့် ကမ္ဘာကုန်သွယ်ရေး စင်တာ အဆောက်အအုံ ကြီးထံ တန်းတန်းမတ်မတ် ထိုးဆင်းလာခဲ့သည်။ နောက်တစင်းသည် ပင်တဂွန် အဆောက်အအုံ သို့ ဦးတည် ဝင်ရောက်လာခဲ့သည်။ စတုတ္ထမြောက် လေယာဉ် သည် လိုက်ပါလာကြသည့် ခရီးသည်များက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ကြသဖြင့် ပစ်မှတ်ထားသည် နေရာသို့ မသွားနိုင်တော့ဘဲ ပင်ဆယ်ဗေးနီယားရှိ ကွင်းပြင်ကျယ်ကြီး ရှိရာသို့ ပျက်ကျသွားခဲ့သည်။
9/11 ဟု ထင်ရှားလာသည့် အကြမ်းဖက်မှု ကြီး တွင် လူ သုံးထောင်ခန့် သေဆုံးသွားခဲ့ပြီး အများစု မှာ အမေရိကန် နိုင်ငံသားများ ဖြစ်ပြီး နိုင်ငံပေါင်း တရာနီးပါးမှ လူမျိုးပေါင်းစုံလည်း ပါဝင်သွားခဲ့သည်။
အဆိုပါ ဖြစ်ရပ်ကြီးကြောင့် ကမ္ဘာကြီးသည် အကြမ်းဖက်မှု ခေတ်သစ်ကြီးထဲသို့ ဆိုင်းမဆင့် ဗုံမဆင့် ဆွဲသွင်းခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။ အင်တာနက် ခေတ်ကြီး ထဲ ရောက်နေပြီ ဖြစ်၍ စိတ်ကူးစိတ်သန်းများ ရလာခဲ့ကြသည်။ လူသစ်များလည်း စုဆောင်းလာနိုင်ပြီး ရံပုံ ငွေ အတွက်လည်း ကမ္ဘာတဝှမ်းမှ အလွယ်တကူ ရှာ ဖွေနိုင်ခဲ့ကြသည်။ လူသစ်များကို လည်း နေရာမရွေးတွင် လေ့ကျင့်ပေးပြီး နိုင်ငံ ရေး ရည်ရွယ်ချက်များ အကောင်အထည် ဖေါ်ရန် လိုအပ်သည့် နေရာတိုင်းသို့ အကြမ်းဖက်မှုများ ကျူးလွန် ရန် စေလွှတ်လာနိုင်ခဲ့သည်။
စက်တင်ဘာ ၁၁ ဖြစ်ရပ်ကြောင့် ပြည်တွင်း နှင့် နိုင်ငံတကာတွင် အကြမ်းဖက်မှု များ ပပျောက်ရန် နိုင်ငံများက ကြိုးပမ်းလာကြသည်။ ထို့အတွက် ကုန်ကျ စရိတ်များ ပိုလာပြီး၊ ရဲ၊ ထောက်လှမ်း ရေး၊ စစ်တပ် အရင်းအမြစ်များပါ ထုတ်နှုတ် သုံးစွဲခဲ့ကြရသည်။ ယင်းနှင့် အတူ နိုင်ငံသားများ၏ ကိုယ်ရေး ကိုယ်တာ လုံခြုံမှု များလည်း ထိခိုက်သွားခဲ့ရသည်။
သို့သော် အကြမ်းဖက်ဝါဒသည် တဖြေးဖြေး နှင့် စိမ့်ဝင် ပျံ့နှံ့သည့် သဘောသဘာဝ ရှိသည့် အပြင် ပြဿနာ၏ အတိုင်းအတာ ပမာဏ ကြောင့်လည်း ထိုဝါဒ ကို တိုက်ဖျက်ရေးသည် အလုဲးစုံ အောင်မြင်ခဲ့ခြင်းတော့ မရှိပေ။ ဖြစ်လာနိုင်စရာလည်း မရှိဟု ဆိုရမည် ဖြစ်သည်။
နောက်ထပ် ပေါ်ပေါက်လာပြန်သည့် အကျပ်အတည်းကြီးကား စီးပွားရေး ပိုင်းတွင် ဖြစ်သည်၊ ပို၍ တိတိကျကျ ပြောရမည် ဆိုလျှင် ဘဏ္ဍာရေး နှင့် သက်ဆိုင်နေပေသည်။
နှစ်ပေါင်းများစွာ ကြာ အိမ်ဝယ်လိုသူ များ ကို စီစစ်ခြင်း မရှိပဲ တာဝန်မဲ့စွာ ငွေများ ထုတ်ချေးခဲ့ခြင်း၊ အမြတ်များများ ရလိုမှု ကြောင့် အန္တရာယ်ကို မမြင်တော့ပဲ စတော့ရှယ်ယာများ ဝယ်ယူခဲ့ကြခြင်း၊ အမေရိကန် နှင့် ဥရောပရှိ ဘဏ်ကြီးများ နှင့် အခြား ငွေထုတ်ချေးသည့် ဘဏ္ဍာရေး အဖွဲ့အစည်းများ တွင် လုံလောက်သည့် စည်းမျဉ်းစည်းကမ်း များ ရှိမနေခြင်း အစရှိသည့် အကြောင်းများ ပေါင်းဆုံကာ ၂၀၀၇ နှင့် ၂၀၀၈ အတွင်း ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။ တိုတောင်း သော အချိန်အတွင်းမှာပင် ပြဿနာသည် အတိုင်းမဆ ကြီးထွားလာကာ တကမ္ဘာလုံးသို့ ရိုက်ခတ်သွားပြီး စီးပွား ရေးသည် တုန့်နှေးသွားခဲ့ရသည်။ ကြွယ်ဝချမ်းသာခဲ့မှူ များသည်လည်း နေ့ခြင်းညခြင်း ဆိုသလို ပျောက်ကွယ်သွားခဲ့ရပြီး အလုပ်လက်မဲ့ နှုန်းလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
စီးပွားရေး တုန့်နှေးသွားခဲ့သဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများ တွင် ဆင်းရံ ချမ်းသာ ကွာခြားမှူ သည် နက်ရှိူင်းလာပြီး အစိုးရများလည်း အကြွေးနွံထဲ နစ်သည်ထက် နစ်လာကုန်ကြသည်။
ပြဿနာသည် အမေရိကန် မှ စတင်ခဲ့ခြင်းဖြစ်၍ အမေရိကန် အစိုးရသည် ငွေများ ပုံအော်ကာ ပြိုလံလုမတတ် ဖြစ်လာနေသော ဘဏ်တိုက်ကြီးများ၏ အကြွေးများကို ဝင် ဆပ်ပြီး ကျားကန်ပေးခဲ့ရသည်။ စီးပွားရေး ပြန်လည် ဦးမော့လာစေ ရေး အတွက်လည်း ကုမ္ပဏီ များ အလုပ်ရ စေရန် တည်ဆောက်ရေး အပိုင်းတွင် လုပ်ငန်းများ ဖေါ်ပေးခဲ့ရပြန်သည်။ ထိုကဲ့သို့ ပြဿနာ များ နောက်တကြိမ် မပေါ်ပေါက်စေရန် ဘဏ္ဍာရေး စည်းမျဉ်းများကို တင်းကျပ်ကာ ပြုပြင်ပြောင်းလဲရေး များ လုပ်လာခဲ့ကြသည်။
အမေရိကန် အစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှူများသည် အောင်မြင်မှု ရလာခဲ့သော်လည်း နောက်ပိုင်းတွင် သတိကြီးစွာ ထားလာခဲ့၍ စီးပွားရေးတိုးတက်သင့်သလောက် တိုးတက်မလာတော့ပဲ ဖွံ့ဖြိုးလာရမည့် အပိုင်းတွင် လည်း နှောင့်နှေးသွားရသည်။
လူလတ်တန်းစားများ၏ လုပ်ခနှုန်းထားသည်လည်း တန့်သွားခဲ့ပြန်၍ အထက်သို့ တက်လှမ်းနိုင်ဖို့ ဆိုသည်က အိမ်မက်ပမာ ဖြစ်သွားခဲ့ရသည်။ လူတန်းစား မညီမျှ မှုသည်လည်း မြင့်တက်လာခဲ့သည်။
ထို့အတွက် အမေရိကန် နှင့် ကမ္ဘာတဝှမ်းတွင် လူထု၏ မကျေနပ်မှုများ ကို ဆွပေးလာသည့် ပေါ်ပြူလစ်ဇင် ဝါဒ ခေတ်စားလာပြီး အရင်းရှင်စနစ် အားလည်း မကျေမနပ် ဖြစ်လာကြသည်။
စစ်အေး တိုက်ပွဲ အလွန် ကြုံတွေ့လာရသော စိန်ခေါ်မှုများ
စစ်အေး တိုက်ပွဲကြီး ၏ နောက်ပိုင်း တွင် ပေါ်ပေါက်လာသည့် အကြောင်းများစွာ နှင့် လားရာကိုလည်း တင်ပြရန် လိုအပ်လာသည်။ အဓိက အားဖြင့် အင်အားကြီး နိုင်ငံများ အကြား ပွတ်တိုက်မှု နှင့် ယှဉ်ပြိုင်မှုများ ထပ်မံ ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်က တဖက်၊ ရုရှား နှင့် တရုတ်က တဖက် ဖြစ်လာခဲ့သည်။
အမေရိကန် နှင့် ရုရှား ဆက်ဆံရေး ဆိုးရွားလာရသည့် အကြောင်းရင်းကို ယခု အချိန်အထိ ဆွေးနွေး ငြင်းခုံနေကြဆဲပင် ဖြစ်သည်။ အချို့က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီး ထွက်ပေါ်လာသည့် လွတ်လပ်သော ရုရှားနိုင်ငံအား အမေရိကန်မှ စီးပွားရေးအရ အကူအညီပေးရန် ပျက်ကွက်ခဲ့ခြင်း ကြောင့်ဟု ဆိုပြီး အချို့ကမူ နေတိုး အဖွဲ့ကြီးကို တိုးချဲ့ ဖွဲ့စည်းလာခြင်းအား ရုရှား တို့ ပို၍ အရှက်တကွဲ ဖြစ်ခဲ့ရသည့် အပြင် ၎င်းတို့အား ခြိမ်းခြောက်နိုင်ရန် ဖြစ်သည်ဟု ရှူမြင်လာခဲ့သည်ဟု ထောက်ပြခဲ့ကြသည်။
ထိုအကြောင်းများကြောင့် ရုရှားသည် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကြီးအား တကိုယ်တည်း ထမ်းရွက်လာရသလို ဖြစ်လာခဲ့သည်။ ၁၉၉၉ မှ စ၍ ရုရှားအား သမ္မတ အဖြစ်နှင့် ၎င်း၊ ဝန်ကြီးချုပ် အဖြစ်နှင့်ပါ တာဝန် ယူလာရသည့် ထောက်လှမ်းရေး အရာရှိ ဟောင်းတဦး ဖြစ်သူ ပူတင်သည် ကမ္ဘာကြီးအား လစ်ဘရယ်ဝါဒ ဖြင့် ဦးစီး ဦးဆောင် လုပ်နေသည့် အမေရိကန် နှင့် မပတ်သက်ပဲ ကင်းကင်း နေရန် ဆုံးဖြတ်ခဲ့သည်။
ပူတင်မှ အမေရိကန်၏ လစ်ဘရယ်ဝါဒသည် ၎င်း၏ အုပ်ချုပ်နေမှု နှင့် နိုင်ငံတကာ တွင် ရုရှား၏ ရပ်တည်နေရာကိုပါ ခြိမ်းခြောက်လာနေပြီဟု လည်း ယူဆလာခဲ့ပြန်သည်။ ပူတင်သည် အမေရိကန်၏ အကျိုးစီးပွား နှင့် လိုက်နာနေသည့် စံတန်ဖိုး များ နှင့် သဟဇာတ မဖြစ်သည့် မူဝါဒများကိုပါ အကောင်အထည် ဖေါ်လာခဲ့သည်။ ဥပမာ အားဖြင့် ယူကရိန်း ပိုင် ကရိုင်းမီယား ကျွန်းဆွယ်ကို အင်အားသုံး၍ သိမ်းပိုက်ခဲ့ခြင်း၊ ဆီရီယားရှိ ဘာရှာ အယ် အာဆတ် အစိုးရကို ကျားကန်ပေးခဲ့ခြင်းမျိုးတို့ ဖြစ်သည်။
ထို့အပြင် ၂၀၁၆:အမေရိကန် သမ္မတ ရွေးကောက်ပွဲအား လိုသလို ပုံဖေါ်နိုင်ရန် ဆိုက်ဘာ မှ တဆင့် လုပ်ကြံ သတင်းများ ဖြန့်ချီ တိုက်ခိုက်လာမှု ကြောင့် အခြေအနေများ ပို၍ ဆိုးဝါးသွားခဲ့ရသည်။
အမေရိကန်-ရုရှား ဆက်ဆံရေး ဆိုးရွားလာခဲ့ရခြင်းသည် အကြောင်းတခုကြောင့် သို့မဟုတ် အကြောင်းများ ပေါင်းဆုံလာခဲ့၍ ဖြစ်စေ၊ ထွက်ပေါ်လာခဲ့သည့် ရလဒ်များသည်က ရုရှားအား စီးပွားရေး အရ ဒဏ်ခတ်လာခဲ့ခြင်း၊ နှစ်နိုင်ငံ အကြား သံတမန်များ အပြန်အလှန် နှင်ထုတ်ခြင်း၊ စစ်အေး တိုက်ပွဲကာလ အတွင်း ရရှိထားသည့် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များ ပျက်ပြယ်သွားခဲ့ရခြင်း၊ နှစ်နိုင်ငံ အကြား စစ်ရေး ယှဉ်ပြိုင်မှုများ အသစ်တဖန် ဖြစ်ပွားလာခဲ့ခြင်းများပင် ဖြစ်သည်။