အားစမ်းပွံကြီးများ - ဘာလင်၊ ကိုရီယား၊ ကျူးဘား
ဝင်စတန် ချာချီသည် ရွေးကောက်ပွဲတွင် လေဘာပါတီအား ရှူံးနိမ့်သွားခဲ့ပြီးနောက် အရပ်သား ဘဝ ဖြင့် အမေရိကန် ပြည်ထောင်စု တခွင် လှည့်လည်ခဲ့စဉ် ၁၉၄၆ မတ်လ ၅ ရက်နေ့တွင် မစ်ဆူရီ ပြည်နယ် ဖူလ်တန် မြို့လေးရှိ ကောလိပ်ကျောင်း တကျောင်း၏ အားကစားရုံ အတွင်း သမိုင်းတွင်ကျန်ရစ် မည့် မိန့်ခွန်းကို ပြောသွားခဲ့သည်။
ထိုမိန့်ခွန်းထဲတွင် ဆိုဗီယက်သည် ၎င်းတို့ လွှမ်းမိုး ချုပ်ကိုင် ထားသည့် အရှေ့ဥရောပ နှင့် ကျန် ဥရောပနိုင်ငံများအား ပိုင်းခြားထားနိုင်ရန် သံကန့်လန့်ကာ ကြီး iron curtain ကြီး ဖန်တီးလာခဲ့ပြီဟု ပါရှိလာခဲ့သည်။ ထိုအချိန်မှစ၍ သံကန့်လန့်ကာ ကြီး ဆိုသော ချာချီ၏ စကားလုံး သည် စတင် ရေပန်းစားလာခဲ့သည်။
၁၉၄၈ နွေရာသီ တွင် ဆိုဗီယက် ယူနီယံသည် ၎င်းတို့ သိမ်းပိုက်ထားသော အရှေ့ဂျာမဏီ မှ လေးဖက် လေးတန် ဝိုင်းပတ်ထားသည့် ဘာလင် အနောက်ခြမ်းအား ပိတ်ဆို့လာခဲ့ရာမှ ပြဿနာ စတင်လာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး သဘောတူညီချက်အရ မြို့တော် ဘာလင်အား လေးပိုင်း ပိုင်းကာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင့် ဆိုဗီယက်တို့က အုပ်ချုပ်ခဲ့သည်။ အနောက်နိုင်ငံများ ရရှိထားသော အပိုင်း သုံးပိုင်းသည် အနောက်ဂျာမဏီ ခေါ် ပြည်ထောင်စု သမ္မတ ဂျာမဏီ နိင်ငံ တွင်း တွင် ရှိနေသည်။
ဆိုဗီယက်၏ ပိတ်ဆို့မှု ကို တုန့်ပြန်ရန် အမေရိကန် နှင့် အနောက်အုပ်စုသည် အစားအသောက်၊ လောင်စာ နှင့် အခြား အခြေခံ လူသုံး ကုန်ပစ္စည်းများကို အနောက်ဘာလင် လူထု အသက် ဆက်နိုင်ရန် လေကြောင်းမှ ချပေးလာခဲ့သည်။ ဆိုဗီယက်တို့ ဖက်မှ ပိတ်ဆို့ထားမှုကို မရုပ်သိမ်းမခြင်း ဆက်၍ ချပေးနေခဲ့သည်။ ၁၉၄၉ နွေဦးပေါက်တွင် ဆိုဗီယက်မှပိတ်ဆို့ထားမှု ကို ပြန်ဖွင့်ပေးခဲ့သည်။
ထို့နေုာက် အမေရိကန်-ဆိုဗီယက် ယှဉ်ပြိုင်မှုသည် ဥရောပ အပြင်ဖက်သို့ ရောက်ရှိလာခဲ့သည်၊ အမေရိကန်သည် ဆိုဗီယက်တို့ ဩဇာသက်ရောက်လာမည့် အရေးကို စိုးရိမ်လာ၍ ကိုလိုနီ ဝါဒ ကို ဦးအောင် ဆန့်ကျင်လာခဲ့သည်။ ကိုလိုနီ ဘဝမှ လွတ်မြောက်လာသော နိုင်ငံသစ် အများအပြား ပေါ်ထွက်လာခဲ့သည်။
ဂျပန် အားလည်း သိမ်းယူထားသော ကိုရီယား၊ တရုတ် နယ်မြေများ နှင့် အရှေ့တောင်အာရှ ကို စွန့်လွှတ်စေခဲ့သည်။ စစ်ကြီးကြောင့် အားအင် ကုန်ခမ်း ချိနဲ့လာသော ဗြိတိန်သည်လည်း အိန္ဒိယ နှင့် ပါလက်စတိုင်း ဒေသအား စွန့်လွှတ်ခဲ့သည်။ အလားတူ အမေရိကန်သည် လည်း ဖီလစ်ပိုင်ကို လက်လွှတ် ပေးခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဆယ့်ငါးနှစ် အတွင်း ကမ္ဘာတဝှမ်း တွင် ကိုလိုနီစနစ် ဖျက်သိမ်းသည့် လှိူင်းတံပိုးကြီး ပြင်းထန်စွာ ရိုက်ခတ်လာခဲ့တော့သည်။ အာရှ၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းတွင် နိုင်ငံသစ် စုစု ပေါင်း သုံးဒါဇင် ထွက်ပေါ်လာခဲ့သည်။
၁၉၅၀ ဇွန်လတွင် စစ်အေး တိုက်ပွဲ ကြီး ပြင်းထန် လာခဲ့သည်။ ကိုရီယား ကျွန်းဆွယ်အား တောင် နှင့် မြောက် ပိုင်းခြားထားသည့် သုံးဆယ့်ရှစ် မျဉ်းပြိုင်ကို ကိုရီယား ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ခေါ် မြောက်ကိုရီယား တပ်များ ဖြတ်ကျော်ကာ တောင်ကိုရီယား သမ္မတ နိုင်ငံ ခေါ် တောင်ကိုရီယား နိုင်ငံထဲ ဝင်ရောက် ကျုးကျော်လာမှုကို ဆိုဗီယက်က ထောက်ခံလာခဲ့သည်။
မြောက်ကိုရီယားသည် အမျိုးသားရေး ဝါဒ ရှေ့တန်းတင်ကာ ကိုရီယား ကျွန်းဆွယ် အား ပိုင်းခြားခံထားရခြင်းကို အဆုံးသတ် ပစ်ရန် ရည်ရွယ် ခဲ့ခြင်း ဖြစ်သည်။
၁၉၄၉ တွင် တရုတ်ပြည် ပြည်တွင်းစစ်တွင် ကွန်မြူနစ်များ အောင်ပွဲခံနိုင်ခဲ့ခြင်းကြောင့် အားတက်လာပြီး အာရှတွင်လည်း နောက်ထပ် ပွဲတပွဲ နွှဲပြီး ကိုရီယား ကျွန်းဆွယ် တခုလုံးတွင် ကွန်မြူနစ် ဝါဒ ထပ်မံ အောင်ပွဲခံရန် ကြံရွယ်ခဲ့ကြခြင်းပင် ဖြစ်သည်။ သို့မှသာ အမေရိကန် တပည့် ဖြစ်လာနေသော ဂျပန် အား ထိန်းညှိထားနိုင်မည်ဟု ယူဆခဲ့သည်။
နောက်တကြောင်းက စတာလင်သည် ၁၉၅၀ အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဒင်း အာချီဆန် မှ တောင်ကိုရီယားသည် အမေရိကန်၏ ကာကွယ်ရေး စည်းအပြင်တွင် ရှိနေသည်ဟု အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည့် စကားကို ယုံစားသွားခဲ့၍ မြောက်ကိုရီယား တို့၏ ကျုးကျော်မှု ကို အမေရိကန် တို့ ပါဝင် ပတ်သက်လာဖွယ် မရှိလောက်ဟု တွက်ဆခဲ့၍ ဆိုသည်မှာလည်း ဖြစ်နိုင်ခြေ ရှိနေပြန်သည်။
ဆိုဗီယက်တို့ဖက်မှ မည်သို့ပင် တွက်ချက်ခဲ့စေကာမူ အမေရိကန် သည် ကုလသမဂ္ဂ အလံကို လွှင့်ကာ ကိုရီယား ကျွန်းဆွယ်တွင် ဦးဆောင်တိုက်ပွဲဝင်လာခဲ့၍ ဆိုဗီယက် နှင့် မြောက်ကိုရီယား တို၏ အကြံအစည်များ ပျက်ပြားသွားခဲ့ရသည်။
ဤသို့ဖြင့် အမေရိကန်သည် တောင်ကိုရီယား၏ လွတ်လပ်ရေးကို ကယ်တင်ပေးနိုင်ခဲ့ပြီး သုံးဆယ့်ရှစ် မျဉ်းပြိုင်အားလည်း နှစ်နိုင်ငံ နယ်နမိတ် အဖြစ် ပြန်လည် သတ်မှတ်ပေးနိုင်ခဲ့သည်။ သို့သော် အမေရိကန်သည် တောင်ကိုရီယား အား ကယ်တင်ယုံလောက်နှင့် အားမရ တော့ပဲ ကိုရီယား ကျွန်းဆွယ် တခုလုံး တပေါင်းတစည်းထဲ ဖြစ်ရန် အထိ လောဘကြှီးလာခဲ့သဖြင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး စီးပွားရေးလည်း ထိခိုက်သွားခဲ့သည်။
အမေရိကန် ဦးဆောင်သော ကုလ တပ်များ မြောက်ကိုရီယား နယ်နမိတ်ထဲ စတင် ဖြတ်ကျော်လာသည့် အခါတွင်တော့ တရုတ်သည် ရပ်ကြည့် မနေနိုင်တော့ပဲ ၎င်းတို့၏ တပ်များကို စေလွှတ်လာခဲ့၍ စစ်ပွဲသည် နောက်ထပ် နှစ် နှစ်ခန့် ကြာညောင်းသွားခဲ့ရပြန်သည်။
တတိယမြောက် စစ်အေးတိုက်ပွဲကြီး အားစမ်းရာ နေရာ အဖြစ် ပေါ်ထွက်လာခဲ့ပြန်သည်က ဗီယက်နမ် တွင် ဖြစ်သည်။ ပြင်သစ်တို့သည် ၁၉၅၄ ဒိန်ဗင်ဖူး တိုက်ပွဲကြီးတွင် အရေးနိမ့်သွားခဲ့ပြီးနောက် ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို တို့ ပေါင်းစပ် ဖွဲ့စည်း ထားသည့် အင်ဒိုချိုင်းနားကို ဖျက်သိမ်းပစ်နိုင်ရန် နိုင်ငံတကာ ညီလာခံတရပ် ခေါ်ယူ ကျင်းပခဲ့သည်။
ထိုညီလာခံကြီးမှ ဗီယက်နမ်အား ကွန်မြူနစ် တို့ ပိုင် မြောက်ဗီယက်နမ် နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး အုပ်စု များ အတွက် တောင်ဗီယက်နမ် အဖြစ် ယာယီ ပိုင်းခြားပေးလိုက်ပြီး ၁၉၅၆ တွင် ပြန်လည် ပေါင်းစည်းရန် သဘောတူမတူ ကို လူထု ဆန္ဒခံယူပွဲ ဖြင့် အဆုံးအဖြတ်ခံ သွားမည်ဟု သဘောတူခဲ့ကြသည်။
သို့သော် မြောက် နှင့် တောင်ဗီယက်နမ် အစိုးရများက အာဏာကို အခိုင်အမာ ခြေကုပ်ယူ နိုင်ရန် ကြိုးပမ်းလာပြီး စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လာခြင်းကြောင့် လူထု ဆန္ဒခံယူပွဲကြီးလည်း ပေါ်ထွက်မလာခဲ့တော့ပေ။
အမေရိကန်သည် တောင်ဗီယက်နမ် အစိုးရ အား လက်နက်၊ ငွေ များ ထောက်ပံ့ပေးခဲ့ယုံမက စစ်အကြံပေးများ ပါ စေလွှတ်ပေးခဲ့သည်။ မအောင်မြင်မှန်း သိလာသည့် အခါတွင်တော့ မြောက်ဗီယက််နမ် မှ ထောက်ခံပေးထားသည့် ပျောက်ကျား တော်လှန်ရေး နှင့် ရင်ဆိုင် နေရသော တောင်ဗီယက်နမ် အစိုးရအား ကျားကန်ပေးရန် တပ်အင်အား သန်းချီ စေလွှတ်ခဲ့သည်။
မြောက်ဗီယက်နမ်သည်လည်း ဆိုဗီယက်နှင့် တရုတ်ထံမှ စစ်ရေး အကူအညီများ ရနေသည်။ အမေရိကန် အစိုးရ အဆက်ဆက်သည် တောင်ဗီယက်နမ်ကို ထိန်းထားနိုင်မှသာ အရှေ့တောင်အာရှ နိုင်ငံများ ကွန်မြူနစ်များ လက်အောက် ရောက်မသွားစေရန် ကာကွယ်ထားနိုင်မည်ဟု ယူဆခဲ့ကြသည်။
သို့သော် အမေရိကန် တို့ ကြိုးပမ်းခဲ့မှု များ အောင်မြင်မှု မရခဲ့ပဲ ၁၉၇၅ တွင် တောင်ဗီယက်နမ်သည် မြောက် ဗီယက်နမ်လက်သို့ ကျသွားခဲ့ရသည်။ ယင်းနှင့် အတူ ပြည်တွင်းစစ်ကြီး ဆက်ဖြစ်လာခဲ့ပြီး ကမ္ဘောဒီယားတွင် ဂျီနိုဆိုက် မှု များ ကျူးလွန်သည်အထိ ဖြစ်လာခဲ့သည်။
အမေရိကန်တို့ တောင်ဗီယက်နမ်တွင် နှစ်ပေါင်းများစွာ ကြာ အောင် တောင့်ခံပေးခဲ့သည့်အတွက် ထိုကာလများ အတွင်း ဗီယက်နမ်၏ အိမ်နီးချင်း နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေးဖက်တွင် တိုးတက်အောင် တည်ဆောက်လာနိုင်ခဲ့ကြ၍ ကွန်မြူနစ်တို့ ခေါင်းထောင်၍ မရအောင် ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြ ပြောဆိုလာခဲ့သည်။