နိုင်ငံတကာ ရေးရာ မိတ်ဆက်(12)

by Hla Soewai - Dec 25 2023

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး တွင် ထိုသို့ ပွတ်တိုက်မှုများ ရှိလာတော့မည်ကို ကြိုမြင်နေကြ၍ စစ်ကြီး အတွင်းမှာပင် ဖြေရှင်းနိုင်ရန် စတင် လုံးပမ်းလာခဲ့ရာမှ ကွန်ဖရင့်များ၊ ထိပ်သီး ဆွေးနွေးပွဲများကို ဆက်တိုက်ဆိုသလို ပြုလုပ်လာကြသည်။

 

ထိုအထဲတွင် ၁၉၄၅ အစောပိုင်း ကရိုင်းမီယား ကျွန်းဆွယ်ရှိ ယောလ်တာ အပန်း‌ဖြေ မြို့ကလေးတွင် ပြု လုပ်ခဲ့သော ထိပ်သီး ဆွေးနွေးပွဲသည်က အရေးပါဆုံးပင် ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ အမေရိကန် သမ္မတ ဖရန်ကလင် ရုစ်ဘဲလ်၊ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ ဆိုဗီယက် ခေါင်းဆောင် ဂျိုးစက် စတာလင် တို့ တက်ရောက်ခဲ့ကြသည်။

 

ရုစ်ဘဲလ် သည် မကြာမီတွင် စတင် ဖွဲ့စည်းရန် ရှိနေသည့် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ပါဝင်လာအောင် စတာလင်အား နားချရန် စိတ်အားထက်သန် နေခဲ့သည်။ ထို့အပြင် ဂျပန် အား ဒုတိယ စစ်မျက်နှာ ဖွင့်တိုက်ရန်လည်း ဆုံးဖြတ်ထားပြီး ဖြစ်၍ ဆိုဗီယက်တို့ ပါဝင်လာအောင်လည်း ‌ဆွေးနွေးချင်နေသည်၊ သို့မှသာ အမေရိကန် ဖက်မှ အကျအဆုံးနည်းသွားမည် လည်း ဖြစ်သည်ဟု ယူဆထားသည်။

 

သူ၏ ရည်မှန်းချက် နှစ်ခုစလုံး အထမြောက်သွားခဲ့သည်၊ သို့သော် ပစိဖိတ် စစ်မျက်နှာသို့ ရုရှားသည် ဂျပန် တို့ လက်နက်မချခင် ရက်အနည်းငယ် အလိုမှ ဝင် ပါလာခဲ့၍ အဓိပ္ပါယ် မဲ့ ဖြစ်သွားခဲ့ရသည်။

 

စတာလင်သည် နာဇီလက်အောက်မှ လွတ်မြောက်လာမည့် နိုင်ငံများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများကို လေးစားပါမည် အပါအဝင် ကတိအာမခံချက် အမျိုးမျိုး ပေးခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏ ကတိကဝတ် များသည် ရိုးသားမှု မရှိပဲ ထိုသို့ လုပ်ရန်လည်း အယုံအကြည် မရှိပဲ ပေးခဲ့ခြင်း ဆိုသည်က ထင်ရှားလာခဲ့သည်။ နဂိုကတည်းကပင် ပိုလန် အပါအဝင် အရှေ့ဥရောပ ကို ရုရှား၏ ဩဇာစက်ဝန်း အောက်သို့သွတ်သွင်းရန် ကြံစည်နေပြီလည်း ဖြစ်သည်။

 

ထိုအစည်းအဝေး မှာပင် ခေါင်းဆောင်များက ဂျာမဏီအား စစ်မံ့ဇုံ အဖြစ် ဖန်တီးပြီး ဇုံ များ ပိုင်းခြား သတ်မှတ် သိမ်းပိုက်ထားရန်လည်း သဘောတူခဲ့ကြသည်။

 

ယင်းသည် ယာယီ သဘောမျှသာ ဖြစ်သည်ဟု ဆိုသော်လည်း ဂျာမဏီသည် စစ်အေးတိုက်ပွဲကြီး ကာလ တလျောက်လုံး ပိုင်းခြားခံခဲ့ရသည်။

 

ယောလ်တာ ညီလာခံ မှ နောက်ပိုင်းတွင် ရည်ညွန်း ကိုးကား စရာ အဖြစ် ထွက်ပေါ်လာခဲ့သည်က အမေရိကန် သမ္မတ များ၏ စိတ်နေစိတ်ထားပင် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံခြား ခေါင်းဆောင်တဦး နှင့် ပုဂ္ဂိုလ်ရေး အရ ရင်းနှီးမှု ရထားမည်ဆိုလျှင် ခက်ခဲပြီး လက်ဝင်လှသော ပြဿနာများကိုပင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်လွယ်သည့် အထုံ ပါ‌နေကြခြင်းပင် ဖြစ်သည်။ ထိုခေါင်းဆောင်သည် အာဏာရှင် ဖြစ်နေပြီး ၎င်းနိုင်ငံ၏ အကျိုးစီးပွား အတွက် မဆုပ်မနစ် ရှေးရှူပြီး ဆုံးဖြတ်တတ်သူ ဆိုသည့် အချက်သည်ပင် အရေးမကြီးလှဟု တွက်ဆခဲ့ကြသည်။

 

နောက်ဆုံးတွင် သဘောတူ ပါသည် ပြောသော်ငြားလည်း တကယ်တမ်း ဖြစ်လာသည်က တခြား ဆ်ိုသည်ကို တွေ့မြင်လာခဲ့ကြသဖြင့် စစ်အေးတိုက်ပွဲကြီး ဖြစ်ပေါ်လာအောင် မီးထိုးပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ဆိုဗီယက်တို့၏ ရည်မှန်းချက်များကို ပုံစံ အမျိုးမျိူး နှင့် ဆန့်ကျင်လာခဲ့သည်။ အမေရိကန်သည် ဆိုဗီယက်တို့၏ ဖိအားပေးခြင်း၊ သို့မဟုတ် ဆိုဗီယက်တို့ ထောက်ခံမှု ရနေသော ပြည်တွင်း ကွန်မြူနစ်များ၏ ဖိအားပေးခြင်း ခံနေရသည်ဟု ယုံကြည်ရသော နိုင်ငံများကို စီးပွားရေး နှင့် စစ်ရေး အကူ အညီ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ပေးလာခဲ့သည်။ အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် စီးပွားရေး နှင့် စစ်ရေး တွင် အင်အားလွန် နိုင်ငံကြီး အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၍ လိုအပ်သလို ငွေများ ဗုံးပေါလအော် သုံးနိုင်နေပြီ ဖြစ်သည်။ စစ်ကြီး မှ အကျိုးအမြတ်များ ဖြစ်ထွန်းလာခဲ့ခြင်းကြောင့် ကမ္ဘာစီးပွားပျက် ကြီးကိုလည်း ကျော်လွှားနိုင်ခဲ့သည်။

 

ထရူးမင်း ဝါဒ ဖြင့် ဆိုဗီယက် ရန် ကို စိုးရိမ်နေရသော အနောက်ဥရောပ နိုင်ငံများအား စီးပွားရေး နှင့် စစ်ရေး အကူအညီများ လိုလိုလားလား ပင် ပေးလာခဲ့သည်၊ ထိုအထဲတွင် ဂရိ နှင့် တူရကီ တို့သည် ဦးစွာ ပထမ ရရှိခဲ့သော နိုင်ငံများ ဖြစ်သည်။

 

၁၉၄၇ ဇွန်လတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျော့ခ်ျ မာရှယ်မှ ပွဲဦးထွက် မိန့်ခွန်းကို ပြောခဲ့သည်၊ ထိုမိန့်ခွန်းကို အစွဲပြု၍ နောက်ပိုင်းတွင် မာရှယ် စီမံကိန်းဟု အမည်တွင်ခဲ့သည်၊ ထိုမိန့်ခွန်းထဲတွင် လေးနှစ် ကာလ အတွင်း ဥရောပ ပြန်လည် တည်ဆောက်ရေး အတွက် အမေရိကန်မှ ဒေါ်လာ ၁၃.၂ ဘီလီယံ ကူညီထောက်ပံ့သွားမည် ဖြစ်သည် ဟု ပါရှိလာခဲ့သဖြင့် စစ်ပြီး နောက်ပိုင်း အမေရိကန်၏ အရေးပါဆုံး မူဝါဒ ရေးရာ မိန့်ခွန်း ဟု ဆိုနိုင်ပေသည်။ ထိုပမာဏ သည် ယခုခေတ် ငွေတန်ဖိုး နှင့် တွက်မည် ဆိုလျှင် ၁၅၀ ဘီလီယံ ခန့် နှင့် ညီမျှသည်။ ထိုခေတ်က အမေရိကန် ထုတ်ကုန် ပမာဏ ၏ ရာနှုန်း နှင့် တိုင်းတာမည် ဆိုက ယခုခေတ် ဒေါ်လာ ၈၀၀ ဘီလီယံ ခန့် ပေးခဲ့သည် ပြောရမည် ဖြစ်သည်။

 

မာရှယ် စီမံကိန်းသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီ အထိ ကျင့်သုံးခဲ့သော isolationism ကို အဆုံးသတ်လိုက်ခြင်းပင် ဖြစ်ပြီး ကမ္ဘာရေးရာများတွင်လည်း အမေရိကန်သည် ဖြေရှင်းနိုင်သည် အထိ ပါဝင်သွားမည်ဟူသော မူ ဖြင့် တက်ကြွစွာ လှုပ်ရှားလာခဲ့သည်။

 

အချို့နေရာများတွင် ပွင့်ပွင့်လင်းလင်း အကူအညီ ပေးခြင်းသည် တန်ပြန် ဆိုးကျိုးများ သက်ရောက်လာနိုင်သည်ဟု ယူဆက လျို့ဝှက် အကူအညီများကို ပုံစံ အမျိုးမျိုး နှင့် ပေးခဲ့ပြန်သည်။

 

နေတိုး ၏ ထီးရိပ်အောက်တွင် ရှိသော အနောက်ဥရောပ နှင့် အာရှတွင် အမေရိကန်သည် တပ်များ ချထားပေးပြီး မဟာမိတ်များကို လုံခြုံရေး အရ အာမခံ ပေးလာခဲ့သည်။

 

စစ်အေးတိုက်ပွဲကို မည်သို့မည်ပုံ ဆင်နွှဲသွားရမည်ကို ‌အဓိက ရှေ့ဆောင် လမ်းပြ လုပ်ခဲ့သူသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတဦးလည်း ဖြစ်၊ ဆိုဗီယက်ရေးရာ ကျွမ်းကျင်သူလည်း ဖြစ်သည့် ဂျော့ခ်ျ ကီနန် ဆိုသူပင် ဖြစ်သည်။

 

၁၉၄၆ အစောပိုင်းတွင် ‌ကီနန် မှ 'ရေရှည် ဆင်နွှဲသွားရမည် ဖြစ်၍ စိတ်ရှည်ရှည်၊ သတိဝိရိယ ကြီးကြီးဖြင့် ဆိုဗီယက်တို့ ဩဇာချဲ့ထွင့်လာမှု ကို ပြတ်ပြတ်သားသား ဟန့်တားသွားရန် လိုအပ်သည်" ဟု တောင်းဆိုလာခဲ့သည်။ ၎င်း၏ လမ်းစဉ် အား (ဘောင်တခု အတွင်း) ကန့်သတ်ထိန်းချုပ်မှု containment အဖြစ် လူသိများလာခဲ့သည်။

 

ကီနန် ထုတ်မပြောသော်လည်း ၎င်းဆိုလိုသည်မှာ အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များ အနေဖြင့် ထိုးစစ် သဘော မဟုတ်ပဲ ခံစစ်ဖြင့် ရပ်တည်သွားရန် ဖြစ်သည်။ ထိုးစစ် ဆိုပါက လွန်စွာ အန္တရာယ်များပြီး မအောင်မြင်ဖို့ များနေ၍ ဖြစ်သည်။ သို့သော် အမေရိကန် တို့သည် ထိုးစစ်ကို ရွေးချယ်ခဲ့သည်၊ နောက် နှစ်လေးဆယ်အကြာတွင် ကီနန် ခန့်မှန်းခဲ့သလို ဖြစ်လာခဲ့သည်။ 

 

ဆိုဗီယက် ကဲ့သို့ပင် ကမ္ဘာကြီးကို လွှမ်းမိုးရန် ရည်ရွယ်လာသော စနစ်တခုသည် စိတ်ပျက်စရာများ ထပ်တလဲလဲ ကြုံလာရ၍ ၎င်း၏ သဘောသဘာဝ နှင့် နည်းလမ်းများကို အနှေး နှင့် အမြန် ဆိုသလို မဖြစ်မနေ ပြောင်းလဲရဖို့ ရှိလာလိမ့်မည်ဟု ဆိုခဲ့သည်။

 

ပထမဆုံး ထွက်ပေါ်လာသည့် လက္ခဏာ သည်ကား အရှေ့ ဥရောပတွင် ဖြစ်သည်။ ထိုနိုင်ငံများတွင် ကွန်မြူနစ်များ အာဏာရလာအောင် ဆိုဗီယက်သည် ဗြောင်ကျကျ ရော ခိုးကြောင်ခိုးဝှက်ရော နည်းလမ်း မျိုးစုံ နှင့် ဝင်ရောက်စွက်ဖက်လာခဲ့သည်။

 

ဤသို့ဖြင့် စစ်အေး တိုက်ပွဲကြီး ပီပီပြင်ပြင် ရုပ်လုံး ပေါ်လာချိန်တွင်တော့ ဆိုဗီယက် ယူနီယံသည် အင်ပိုင်ယာကြီး နှစ်ခု ဖွဲ့စည်းထားပြီး ဖြစ်နေသည်၊ ပြည်ပ အင်ပိုင်ယာကြီးတွင် အရှေ့ဥရောပ နိုင်ငံများ ပါဝင်နေသည်၊ အပြင်ပန်း ကြည့်လျှင် ထိုနိုင်ငံများသည် လွတ်လပ်သော နိုင်ငံများ ဖြစ်ကြသော်လည်း ဆိုဗီယက် အရာရှိများက ထိုနိုင်ငံများ၏ ပြည်တွင်း နှင့် ပြည်ပရေးရာ မူဝါဒများကို တင်းကျပ်စွာ ထိန်းချုပ် ထားခဲ့ကြသည်။

 

ထိုအင်ပိုင်ယာကြီးထဲတွင် အယ်ဘေးနီယား၊ ဘူဂေးရီယား၊ ချက်ကိုစလိုဗက်ကီယား၊ အရှေ့ ဂျာမဏီ၊ ဟန်ဂေရီ၊ ပိုလန် နှင့် ရိုမေးနီယား တို့ ပါဝင်နေသည်။

 

ပြည်တွင်း အင်ပိုင်ယာကြီးကိုမူ မြို့တော် မော်စကို ရှိ အရာရှိများက ဆိုဗီယက် ပြည်ထောင်စု ဝင် သမ္မတ နိုင်ငံပေါင်း ၁၄ နိုင်ငံကို လှမ်း၍ စီမံ အုပ်ချုပ်နေသည်။ ထိုသမ္မတ နိုင်ငံများထဲတွင် အက်စတိုနီယား၊ ဂျော်ဂျီယာ နှင့် ယူကရိန်းတို့လည်း ပါဝင်နေသည်။