နိုင်ငံတကာ ရေးရာ မိတ်ဆက်(11)

by Hla Soewai - Dec 25 2023

၁၉၄၁ ဒီဇင်ဘာ ၇ ရက် နေ့တွင် ဟာဝိုင်အီ ရှိ ပုလဲ ရေတပ်စခန်းကို ဂျပန် တို့၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် အမေရိကန်တို့ စစ်ကြီး ထဲ ဝင်ပါလာခဲ့ရသည်။

 

ဂျပန်သည် ဂျာမဏီ၊ အီတလီ တို့ နှင့် မဟာမိတ် စာချုပ် ချုပ်ဆိုထားသော နိုင်ငံ ဖြစ်၍ ဂျပန်အား စစ်ကြေငြာလိုက်ခြင်းသည် ကျန် နှစ်နိုင်ငံကိုလည်း အလိုအလျောက် စစ်ကြေငြာပြီးသား ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ဂျာမဏီသည် ဥရောပ ကုန်းမြေကြီး တခုလုံး နီးပါးကို ထိန်းချူပ်ထားပြီး ဖြစ်နေသည်။

 

အမေရိကန်သည် စစ်ကြီးထဲ ဝင်ပါရန် သုံးနှစ်ခန့် အချိန်ယူခဲ့သော်လည်း စီးပွားရေး နှင့် စစ်အင်အားကြီး နိုင်ငံ ဖြစ်နေခြင်းက တကြောင်း ဗြိတိန်၊ ရုရှား၊ အခြားနိုင်ငံများ နှင့် လက်တွဲ တိုက်ခိုက်လာခြင်းကြောင့် တကြောင်း ၁၉၄၅ နွေဦး အရောက်တွင် ဥရောပ ၌ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့သည်။

 

အမေရိကန်သည် အာရှတွင် ဂျပန်တို့ အောင်ပွဲရနေမှု များကို လည်း နိဂုံးချုပ် သွားစေခဲ့သည်။ ၁၉၄၅ နွေရာသီ တွင် အာရှ နိုင်ငဲ အများစုသည် ဂျပန်၏ သိမ်းပိုက်ခံ ဘဝ မှ လွတ်မြောက်လာခဲ့ကြပြီ ဖြစ်သော်လည်း ဂျပန်သည် လုံးဝ အရေးနိမ့်သွားသည့် အဖြစ် မရောက်သေးပေ။ 

 

ထို့အတွက် အမေရိကန်သည် ဂျပန် ကျွန်းစုများ အပေါ် ကမ်းတက် တိုက်ပွဲ ဆင်နွှဲမည်လော၊ ထိုသို့ဆိုက လွန်စွာခက်ခဲပြီး အကျအဆုံး များစွာ နှင့် ရင်းရမည် ဖြစ်သည်။ သို့မဟုတ်က ဂျပန် တို့ ထပ်ခံ ခုခံ‌နေခြင်းသည် အကျိုးယုတ်ဖွယ်ရာ ရှိတော့မည်ကို ချက်ခြင်း လက်ငင်း သဘောပေါက်စေမည့် ကြောက်မက်ဖွယ်ရာ လက်နက် အသစ် အဆန်း ကို ထုတ်သုံးရမည်လောဟု ဆုံးဖြတ်ရဖို့ ဖြစ်လာသည်။

 

ထိုအချိန်တွင် ထရူးမင်းသည် ၁၉၄၅ ဧပြီလတွင် ကွယ်လွန်သွားသော ရုစ်ဘဲလ် နေရာ ဆက်ခံလာသည့် ပူပူနွေးနွေး သမ္မတ သစ် တဦး ဖြစ်နေသည်။

 

၎င်းသည် လက်နက် အသစ် အဆန်း ထုတ်သုံးရန် သဘောတူလိုက်ပြီး ဂျပန် မြို့များ ဖြစ်သော ဟီရိုရှီမား နှင့် နဂါဆာကီ သို့ အနုမြူ ဗုံး ကြဲချ ခဲ့သည်။ (ပုဲတွင် တွေ့နိင်သည်)

 

ရက်အနည်းငယ် အတွင်းမှာပင် ဂျပန် တို့ လက်နက်ချခဲ့ကြသည်။ ဤသို့ဖြင့် ပစိဖိတ် စစ်ပွဲကြီး အဆုံးသတ် သွားခဲ့ရပြီး ဒုတိယ ကမ္ဘာစစ်ကြီးသည်လည်း ဆုံးခန်းတိုင်သွားခဲ့ရသည်။ သို့သော် နျူကလီယား ခေတ်သစ်ကြီးက စတင်လာခဲ့ပြီ ဖြစ်သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီးသည် ပထမ ကမ္ဘာစစ်ကြီး ကဲ့သို့ ပင် ထိခိုက်သေကြေ ပျက်စီးရမှု များသည် အလွန်တရာ မှပင် များပြားခဲ့သည်။ စစ်မြေပြင်တွင် ကျဆုံးသွားရသူ ချည်း ၁၅ သန်းခန့် ရှိခဲ့သည်။ မီးလောင် တိုက်သွင်း ခံရသော ဂျုး ၆ သန်း အပြင် ထို့ထက် အဆပေါင်းများစွာ ရှိသည့် အရပ်သားတို့ သေဆုံးခဲ့ရသည်။

 

ပြင်သစ်၊ အီတလီ နှင့် ဗြိတိန် နိုင်ငံ တနိုင်ငံစီမှ နိုင်ငံသား ၅ သိန်း ခန့် သေဆုံးခဲ့ကြရသည်၊ အများစုမှာ စစ်သားများ ဖြစ်သည်။ ဂျာမဏီတွင် ၇ သန်းခန့်၊ ဂျပန်တွင် ၃ သန်း နီးပါး၊ ဆိုဗီယက် ယူနီယံ တနိုင်ငံတည်း ၂၄ သန်း၊ တရုတ် ပြည် တွင် ၁၅ သန်း ခန့် ရှိနေပြီး အများစု မှာ အရပ်သားများ ဖြစ်သည်။ အမေရိကန် စစ်သား ၄ သိန်း ခန့် ကျဆုံးသွားခဲ့သည်။

 

ပထမ ကမ္ဘာစစ် နှင့် မတူပဲ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်တွင် အဖတ်ဆယ် နိုင်စရာ ဖြစ်လာသည်က ပြတ်သားသော ရလဒ် နှင့် ရှင်းလင်းသော အမြင် ရည်မှန်းချက်များ နှင့် ရှေ့ဆက်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

ဂျပန် နှင့် ဂျာမဏီ နှစ်နိုင်ငံ စလုံးသည် ပြန်၍ နာလံ မထူနိုင်လောက်အောင် ရှုံးနိမ့်ခဲ့ရပြီ ဆိုသည်ကို သဘောပေါက်ခဲ့ကြသည်။ သို့သော် ထိုနှစ်နိုင်ငံစလုံးအား မဟာမိတ်များက တလေးတစား နှင့် ဆက်ဆံခဲ့ကြသည်။ သိမ်းပိုက် ခံထားရစဉ် အတွင်းမှာပင် တောင့်တင်းခိုင်မာသည့် ဒီမိုကရေစီ သို့ အသွင်ပြောင်းပေးနိုင်ခဲ့သည်။ ဤသည်ကပင် စစ်နိုင် နိုင်ငံများ၏ အမြင်ကျယ်မှု နှင့် သဘောထား ကြီးမှု ကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ထိုမျှမကသေး ဒေသတွင်း နှင့် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး နှင့် လုံခြုံရေးရာ စီမံခန့်ခွဲမှု များ တွင်လည်း တသားတည်း ဖြစ်လာအောင် သွတ်သွင်း ပေးနိုင်ခဲ့သည်။

 

ဤသည်ကလည်း တွေ့ကြုံခဲ့ရသော သင်ခန်းစာများ ကြောင့်လော၊ သို့မဟုတ် ဖြစ်ပေါ်လာတော့မည့် စစ်အေး တိုက်ပွဲကြီး အတွက် တပည့်မွေးချင်၍လော ဆိုသည်က‌တော့ အခြေအတင် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

 

 ဒုတိယ ကမ္ဘာစစ်ကြီး၏ အကြောင်းရင်းခံများသည်ကတော့ ပထမ ကမ္ဘာစစ်ကြီး မှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း၊ သေချာပေါက် အခိုင်အမာ ပြောနိုင်သည်က စစ်အေးတိုက်ပွဲကြီး၏ မျိုးစေ့အား ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ချခဲ့ခြင်း မရှိ ဆိုသည်ကိုပင် ဖြစ်သည်။ 

 

စစ်အေးတိုက်ပွဲကြီးသည် ပြင်ပ ပယောဂများ မပါပဲ အမေရိကန် နှင့် ဆိုဗီယက် နှစ်နိုင်ငံသည် နိုင်ငံရေး နှင့် စီးပွားရေး စနစ်များ၊ ကျင့်သုံးသော ဝါဒများ ပြဒါးတလမ်း သံတလမ်း နှင့် အင်အားကြီး နိုင်ငံများ အဖြစ် ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာတဝှမ်း ဖြန့်ကျက်ရန် ကြိုးပမ်းလာသော ရည်မှန်းချက်များ၊ အကျိုးစီးပွား များ ထိတ်တိုက်တွေ့ရာ မှ စတင်လာခဲ့ခြင်း ပင် ဖြစ်သည်။ 

 

စစ်အေး တိုက်ပွဲကြီး (၁၉၄၅- ၁၉၈၉)

 

စစ်အေး တိုက်ပွဲကြီး ဆိုသည်က အင်အားကြီး (တခါတရံ အင်အားလွန် ဟု ခေါ်ဆိုခြင်း ခံရသော) နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သည့် အမေရိကန် ပြည်ထောင်စု နှင့် ဆိုဗီယက် ယူနီယံ တို့ အကြား နှစ်ပေါင်း လေးဆယ်ကြာ ယှဉ်ပြိုင်ခဲ့မှု ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

 

သို့သော် ၎င်းတို့အကြား ယှဉ်ပြိုင်မှုသည် "အေးစက်" နေသည့် အဆင့်တွင်သာ ရှိပြီး လက်နက်စွဲကိုင် တိုက်ခိုက်ကြသည့် ပဋိပက္ခ ကြီး အဆင့်သို့ ရောက်မလာခဲ့ခြင်းပင် ဖြစ်သည်။ ဤသည်ကပင် ရာစု နှစ်တဝက်တွင်း အင်အားကြီးနိုင်ငံများ ယှဉ်ပြိုင်ခဲ့ကြရာမှ ကြောက်မက် ဖွယ်ရာ ကောင်းလှသည့် စစ်ပွဲကြီး အဖြစ် နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲသွားခဲ့ရသည့် အဖြစ် နှင့် သိသာ ထင်ရှားစွာ ကွဲပြားသွားခဲ့သည်။

 

အမေရိကန် နှင့် ဆိုဗီယက်သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျာမဏီ နှင့် ဂျပန် တို့ကို အတူတကွ လက်တွဲပြီး ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့ကြသည့် မဟာမိတ်များ လည်း ဖြစ်ခဲ့ကြသည်။ နောက်ပိုင်း နှစ် အနည်းငယ် အကြာတွင်တော့ ကမ္ဘာကြီးကို လွှမ်းမိုး နိုင်ရေး အတွက် တနိုင်ငံ နှင့် တနိုင်ငံ အကြိတ်အနည် ရင်ဆိုင်ခဲ့သည့် အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

 

အယူဝါဒ ခြင်း ပြဒါးတလမ်း သံတလမ်း ဖြစ်နေသော ထိုနိုင်ငံကြီး နှစ်နိုင်ငံသည် ထိုအနေအထားမျိုး မှ အဘယ်သို့များ ရှောင်လွဲ၍ ရနိုင်ပေမည်နည်း။

 

အမေရိကန်သည် မူအားဖြင့်တော့ ဒီမိုကရေစီ ကို လက်ခံထားသည့် နိုင်ငံ ဖြစ်သည်။ အမြဲလို ကျင့်သုံးခြင်း မရှိသော်လည်း လူတဦးချင်းစီ၏ အခွင့်အရေး ကို အလေးထားခြင်း၊ လွတ်လပ်သော ဈေးကွက်၏ အခန်းကဏ္ဍ ကို အလေးပေးခြင်း၊ လူပုဂ္ဂိုလ် များ၏ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာမှု ကို အားပေးအားမြှောက်ပြုခြင်း များ အစရှိသည့် မူ များဖြင့် ဖွဲ့စည်းထားခဲ့သည်။

 

ဆိုဗီယက် ပြည်ထောင်စုသည် စီးပွားရေး တွင် အစိုးရမှ စီမံခန့်ခွဲမှု ဆိုသည်ကို အလေးပေး ထားပြီး၊ ပုဂ္ဂလိကထက် စုပေါင်းပိုင်ဆိုင်မှု ရှိရေး နှင့် နိုင်ငံရေး စနစ်တွင် အစိုးရမှ လွှမ်းမိုး ချုပ်ကိုင်ထားရမည် ဆိုသည်ကို လက်ခံ ကျင့်သုံးသော နိုင်ငံ ဖြစ်သည်။

 

ကွန်မြူနစ် စနစ် အား တော်လှန်သော ဝါဒ တရပ် အဖြစ် ကမ္ဘာတဝှမ်းရှိ အခြားနိုင်ငံများ သို့ တင်ပို့နိုင်ရန်လည်း အမြံလို ကြိုးစားခဲ့သည်။

 

ကမ္ဘာနိုင်ငံများ နှင့် ပတ်သက်၍ ထားရှိသော နှစ်နိုင်ငံ၏ ရည်မှန်းချက်များသည်လည်း ကွဲပြားနေပြန်သည်။ ကိုလိုနီ ဘဝမှ လွတ်မြောက်ပြီး လွတ်လပ်သော နိုင်ငံသစ်များ တွင် ဒီမိုကရေစီ နှင့် အရင်းရှင် စနစ် ကျင့်သုံးမှု ကို ဆိုဗီယက် ပြည်ထောင်စု က ဆန့်ကျင်သည်။ ၎င်းတို့ စေစားသမျှ ကို တသွေမတိမ်း လိုက်နာလာရန်ကိုသာ လိုလားသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ဥရောပ ကုန်းမြေကြီး တခုလုံး ကို လွှမ်းမိုးနိုင်ရန် နှင့် အခြားဒေသများတွင် ဆိုဗီယက် လိုလားသော အစိုးရများ တင်မြှောက်နိုင်ရေး ပင် ဖြစ်သည်။

 

အမေရိကန်ကမူ ဆိုဗီယက်တို့၏ ရည်မှန်းချက်များကို တိုက်ဖျက်ပြီး၊ ဆိုဗီယက် ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေး နှင့် ဖြစ်နိုင်သမျှ နေရာတိုင်းတွင် အရင်းရှင် စနစ် လိုလားသော ဒီမိုကရေစီ ကို မြေတောင်မြှောက်ပေးရေး ပင် ဖြစ်သည်။