နိုင်ငံတကာ ရေးရာ မိတ်ဆက်(10)

by Hla Soewai - Dec 25 2023

ရုရှားကဲ့သို့ ကျယ်ပြောလှသည့် နိုင်ငံကြီးအား အနိုင်ရဖို့ထက် ထိုးစစ် ဆင်ရသည်သာ လွယ်ကူသည် ဆိုသည်ကိုလွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က နပိုလီယန် အဖို့ သင်ခန်းစာ ကောင်းစွာ ရရှိသွားခဲ့ပြီး ဖြစ်သည်။

 

သို့သော် ထိုသို့သော သင်ခန်းစာမျိုး ယူရကောင်းမှန်း မသိသော ဟစ်တလာအဖို့ သူနိုင်ငံကို အားအင်ချိနဲ့သွားအောင် ဖန်တီးယူလိုက်သလို ဖြစ်သွားစေခဲ့သည့် ထိုးစစ်ကြီး စတင်လိုက်ခြင်းဖြင့် မဟာဗျူဟာ အမှားကြီးကို ကျုးလွန်လိုက်ခြင်းပင် ဖြစ်သည်။ ဟစ်တလာ၏ ထိုအမှားသည် ပင် နောက်ဆုံးတွင် ဒုတိယ ကမ္ဘာစစ်ကြီးကို အဆုံးအဖြတ် ပေးသွားခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး

 

ယခု အခန်း၏ အစပိုင်းတွင် ရေးသားခဲ့သလို ပထမ ကမ္ဘာစစ်ကြီးသည် ဖြစ်လာစရာ အကြောင်း ကို မရှိပေ။ ထိုအချိန်က ခေါင်းဆောင်များ၏ ရုးသွပ် မိုက်မဲမှူ သက်သက် နှင့် ဖြစ်ပွားလာခဲ့ရခြင်းဟု သမိုင်း ပညာရှင် ဘာဘရာ တပ်ခ်မန်းကလည်း ရေးသားခဲ့ဖူးပေသည်။

 

ဒုတိယ ကမ္ဘာစစ်သည်လည်း အလားတူပင် ပထမ ကမ္ဘာစစ် နှင့် မခြားလှဟု ဆိုရမည်သာ ဖြစ်သည်။ ဂျာမဏီ နှင့် ဂျပန် တို့သည် ထိုစဉ်က ကျင့်သုံးလက်ခံထားသော ကမ္ဘာနိုင်ငံရေး စနစ်ကြီးက မည်သို့မျှ လက်ခံစဉ်းစား၍ပင် မရသော ရည်ရွယ်ချက်များကို ပွေ့ဖက် လက်ခံလာခဲ့ကြသည်။

 

နိုင်ငံရေး အာဏာ ကို စွဲကိုင်လာကြသူများသည် မရှိမဖြစ် လိုအပ်သည် အပြန်အလှန် ထိန်းညှိပေးသည့် check and balance နိုင်ငံရေး စနစ်ကို ပယ်ဖျက်ပစ်လိုက်ကြပြီး ၎င်းတို့၏ လူ့အစည်းအရုံးသည်လည်း အာဏာလက်ဝယ်ရှိထားသူများ၏ လက်ခုပ်ထဲက ရေဘဝ နှင့် သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်သည့် ဓါးစာခံ ဘဝ ရောက်ခဲ့ကြရသည်။

 

အုပ်ချုပ်သူများသည် စစ်ယန္တရားကြီး အတွက်သာ ပုံအော် ရင်းနှီးမြုပ်နှံလာကြသည်။ ထိုယန္တရားကြီးအားအပြည့်အဝ အသုံးချဖို့လည်း အမြဲလို အဆင်သင့် ဖြစ်လာကြသည်။

 

ဤသို့ဖြင့် တဖြေးဖြေး နှင့် ရှောင်လွှဲ၍ မရတော့သည့် အခြေ ဆိုက်လာခဲ့ရခြင်းပင် ဖြစ်သည်။ ပထမ ကမ္ဘာစစ် အပြီး ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ကွန်ဖရင့် ကြီးသို့ တက်ရောက်ခဲ့သည့် ဗြိတိသျှ ကိုယ်စားလှယ် အဖွဲ့ကြီးတွင် ပါဝင်ခဲ့သော စီးပွားရေး ပညာရှင် ကြီး ဂျွန် မေနတ် ကိန်း သည် ၁၉၁၉ တွင် စစ်နိုင်သူအားလုံး မျက်မွှေးတဆုံးသာ ကြည့်တတ်ခဲ့ကြပုံကို စာအုပ် အဖြစ် ရေးသားထုတ်ဝေခဲ့ဖူးသည်။

 

ထိုသို့ ရေးသားခဲ့ဖူးသော ကိန်း သည် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာရသည့် အခြေခံ အကြောင်းရင်းများအား ဗာဆိုင်းစာချုပ်၏ စာမျက်နှာများပေါ်တွင် တွေ့ရမည်ဟု ပြတ်သားစွာ ပြောဆိုလာခဲ့သည်။ ထိုစာချုပ်သည် စစ်ရှုံး ဂျာမဏီအား ထိန်းထိန်းသိမ်းသိမ်း ဖြင့် ပြန်လည် နာလံထူလာအောင် ဖေးမရမည့် အစား ဂျာမဏီ အား ဝိုင်း၍ ဒဏ်ခတ်ခဲ့ကြသည့် ငြိမ်းချမ်းရေး မျိုးသာ ဖေါ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

 

ဂျာမန်တို့သည် ဗာဆိုင်း စာချုပ်ပါ အချက်များကိုသာမက ပထမ ကမ္ဘာစစ်ကြီး အတွက် ၎င်းတို့တွင်သာ လုံးလုံးလျားလျား တာဝန်ရှိသည်ဟု လွှဲချခဲ့မှု များ အပေါ် ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ကြသည်။ မိမိတို့ အပေါ် နှိမ့်ချစော်ကားစွာ ပြုမူ ဆက်ဆံခဲ့ခြင်း ဖြစ်၍ ဒီအတိုင်း ငြိမ်ခံနေ၍ မဖြစ်၊ အခွင့်သာသည်နှင့် စာရင်းရှင်းရမည်ဟု သော စိတ်ခံ က ရှိထားခဲ့ပြီးလည်း ဖြစ်၍ အမျိုးသားရေး စိတ်ဓါတ်များ အုံကြွလာအောင် ဆွပေးသလို ဖြစ်ခဲ့ရသည်။

 

စာရင်းရှင်းရမည့် အထဲတွင် စစ်လျှော်ကြေးများ မတန်မဆ ပေးနေရမှု၊ ၎င်းတို့ပိုင်ဟု ယူဆထားသော နယ်မြေများ ပြန်၍ သိမ်းယူခံခဲ့ရမှု နှင့် လက်နက် ပြန်လည် တပ်ဆင်ရေးအား တင်းကျပ်စွာ ကန့်သတ်ခံထားရမှုများ ပါဝင်နေသည်။

 

ထိုသို့ မကျေမနပ် ဖြစ်လာမှူ များကို မည်သို့ ဆွပေးရမည်ကို ကောင်းစွာ သိထားသော အ‌ဒေါ့ဖ် ဟစ်တလာသည် အာဏာသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော်လည်း ဒုတိယ အကြိမ် စစ်ကြီး မဖြစ်အောင် တားဆီးနိုင်သည့် အခွင့်အလန်း များက မရှိမဟုတ် ရှိနေခဲ့ပြီး ဖြစ်သည်။ ထို အရေး တွင် အမေရိကန် ပြည်ထောင်စုတွင် တစိတ်တပိုင်း တာဝန် ရှိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အထက်လွှတ်တော်မှ နိုင်ငံ ပေါင်းချူပ် အသင်းကြီး တွင် ပါဝင်ရန် ကို ပယ်ချလိုက်သည့် အတွက် အမေရိကန် သည် ကမ္ဘာရေးရာ များ တွင် ပြောပိုင်ဆိုပိုင် ခွင့် ဆုံးရှုံးသွားပြီး ထီးထီးကြီး ရပ်တည်သွားရမည့် အရေး လိုလားသည့် isolationism သည် စစ်ကြီး နှစ်ခု ကြားကာလ ဖြစ်သည့် နှစ် နှစ်ဆယ် အတွင်း ခိုင်မာသည်ထက် ခိုင်မာ သွားခဲ့ရသည်။

 

ထိုအနေအထားကို ပို၍ ဆိုးဝါးအောင် ဖြစ်သွားစေခဲ့သည်က စီးပွားရေး နှင့် ဒီမိုကရေစီ ပိုင်းကို ချိနဲ့သွားစေခဲ့သည့် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ဥပဒေများ ပြဋ္ဌာန်းခဲ့ခြင်း ပင် ဖြစ်သည်။ ယင်းနှင့် အတူ အမေရိကန် တပ်များသည်လည်း တိုက်ပွဲဝင် အသင့် အနေအထား ရောက်မလာခဲ့တော့ပေ။

 

၁၉၃၃ မှ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး အချိန်အထိ အမေရိကန် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဖရန်ကလင် ဒီလာနို ရုစ်ဘဲလ်၏

 ဥရောပရှိ ဂျာမဏီကို ရင်ဆိုင်နေရသော မဟာမိတ်များကို ကူညီရန် အကြိမ်ကြိမ် ကြိုးပမ်းလာခဲ့မှုများ သည်လည်း ပြည်တွင်းတွင် ဆန့်ကျင်မှုများ နှင့် သာ ရင်ဆိုင်ခဲ့ရသည်။

 

အမေရိကန် နိုင်ငံသား အများစုသည် ထိုသို့ အကူအညီများ ပေးလာပါက တဖြေးဖြေး နှင့် စစ်ကြီးထဲ မဖြစ်မနေ ပါဝင်လာရတော့မည်ဆိုကာ စိုးရိမ်မကင်း ဖြစ်နေကြသည်။

 

ထိုအချိန်က အမေရိကန်သည် မိမိ အကျိုးစီးပွားကိုသာ ဦးစားပေးရမည် ဆိုသည့် "အမေရိကန် သည်သာ ပထမ" ဆိုသော လှုပ်ရှားမှု အားကောင်းနေခဲ့သည်။ ထိုကမ်ပိန်းအား အဓိက ဦးဆောင်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ချားလ် လင်းဘတ်သည် အတ္တလန်တိတ် သမုဒ္ဒရာကို တယောက်စီး လေယာဉ် ဖြင့် ပျံသန်းပြခဲ့ရာ လူထုက ၎င်းအား သူရဲကောင်းကြီး အဖြစ် ဂုဏ်ပြုခဲ့ကြသည်။

 

ရုစ်ဘဲလ်ကို ဆန့်ကျင်နေကြခြင်းဖြင့် ဂျာမန် နှင့် ဂျပန် ခေါင်းဆောင်များအား မိမိတို့ဖက်မှ မည်သို့မျှ ဒဏ်ခတ်မည် မဟုတ်၊ ကျုးကျော်ခြင်သလို ကျုးကျော်နိုင်ကြောင်း အချက်ပေးသလို ဖြစ်ခဲ့ရသည်။

 

အင်အားချိန်ခွင်လျှာ ဆိုသည်က စစ်ရေးအရ စွမ်းဆောင်နိုင်မှု သာမက ယင်းအား အသုံးပြုရန် ဝန်မလေး ဆိုသည့် နိုင်ငံရေး သတ္တိမျိုးလည်း ရှိနေဖို့ လိုသည်။ ၁၉၃၀ ကျော် နှစ်များ အတွင်း အမေရိကန်သည် ထိူလိုအပ်ချက် နှစ်ခုစလုဲး ကင်းမဲ့နေချိန်လည်း ဖြစ်သည်။

 

အမေရိကန် လူထု နှင့် ၎င်းတို့ ရွေးချယ်တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များသည် အမေရိကန် စီးပွားရေး နှင့် လုံခြုံစွာ နေထိုင်သွားနိုင်ရေးသည် ဥရောပ နှင့် အာရှ တွင် ဖြစ်ပျက်‌နေမှူ များ နှင့် ဆကိနွယ်နေသည်ကို နားလည် သဘောပေါက်နိုင် စွမ်း ကင်းမဲ့နေခဲ့ကြသည်။

 

ဥရောပ မဟာမိတ်များတွင်လည်း တာဝန် ရှိနေခဲ့သည်။ ယခင် သမိုင်း ကြောင်း အစဉ်အလာများ လို စစ်ရေး အရ အဆင်သင့် ပြင်ဆင်ထားမှုမျိုး မရှိတော့ပဲ အဆံမပါသည့် သင်္ကြန်အမြှောက်လို ဖြစ်နေသော နိုင်ငံတကာ စာချုပ်များ အကြားတွင် မိန်းမောနေခဲ့ကြသည်၊ ၁၉၃၀ ကျော် နှစ်များ အတွင်း ဂျာမန် တို့ ကျုးကျော်လာမှု များကိုလည်း ရွှေပြည်အေး ဝါဒဖြင့် တောင်းပန် တိုးလျိုးခြင်းမျိုး နှင့်သာ ဖြေရှင်းခဲ့ကြသည်က များပေသည်။

 

ထိုအကြောင်းခြင်းရာများ အားလုံးသည် နောက်ဆုံးတွင် ဒုတိယ ကမ္ဘာစစ်ကြီး ဆီသို့ ဦးတည်သွားခဲ့ရပေသည်။