အမေရိကန် သည် လူဦး ရေ သန်း ၁၀၀ ခန့်နှင့် ကြီးထွားလာ နေသော စီးပွား ရေး ကြောင့် ကမ္ဘာအင်အားကြီး နိုင်ငံ လက်သစ် ဖြစ်လာစ အချိန်လည်း ဖြစ်နေသည်။ စစ်ပွဲကြီးတွင် ပါဝင်လာခြင်းကြောင့် ဂျာမန် တို့ စတင် အရေးနိမ့်သွားခဲ့ရပြီး စောလျှင်စွာ ဆုံးခန်းတိုင်သွားခဲ့ရသည်၊ အမေရိကန် သာ ဆက်ပြီး ဘေးထွက် ထိုင်နေမည် ဆိုက ရှည်ကြာစွာ ဖြစ်ပွားနေဦးမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ယခင် ကမ္ဘာ သမိုင်း တလျှောက် ဖြစ်ခဲ့သည့် စစ်ပွဲ များထဲတွင် ပထမ ကမ္ဘာစစ်သည် အသေအပျောက် အများဆုံး နှင့် အကုန်အများဆုံး စစ်ပွဲကြီး ဖြစ်လာခဲ့သည်။ ဤသည်မှာလည်း နည်းပညာများ ဆန်းသစ် တီထွင်လာနိုင်သဖြင့် ခေတ်မီ မီးရထားလမ်းများ၊ ကြေးနန်းများ၊ အစွမ်းထက်သော တာဝေးပစ် အမြှောက်ကြီးများ၊ လေကြောင်းအင်အားကို အသုံးပြုလာနိုင်ခြင်း နှင့် စစ်အင်အား ကို လွယ်လင့်တကူ စုဆောင်းနိုင်ခြင်း အစရှိသည့် အကြောင်းများ ကြောင့် လည်း ဖြစ်သည်။
ထိုးစစ်ထက် ခံစစ်စည်းကို အခိုင်အမာ တည်ဆောက်ခဲ့ကြသဖြင့် ကုန်ကျစရိတ် ပိုင်း မြင့်တက်လာခဲ့သည်။ စစ်မြေပြင် အနှံ့အပြားတွင် ကတုတ်ကျင်းများ အခိုင်အခန့် တူးကာ တဖက်နှင့် တဖက် ရင်ဆိုင်ခဲ့ကြသည်။
အော်တို မန် တို့ထံမှ ဂါလီပိုလီ ကျွန်းဆွယ်ကို သိမ်းယူရန် လုံးပမ်းခဲ့သည့် ထိုးစစ်ကြီး တခုတည်း နှင့်ပင် ဗြိတိသျှ တို့ဖက်မှ စစ်သည် နှစ်သိန်းခန့် ကျဆုံး၊ ဒဏ်ရာရ ခဲ့သည်၊ အဆိုပါ စစ်ဆင်ရေးကြီး အောင်မြင်ခြင်း မရှိခဲ့သဖြင့် ထိုစဉ်က ဝန်ကြီး ပေါက်စ ဖြစ်သူ ဝင်စတန် ချာချီ၏ နိုင်ငံရေး ဘဝသည် နိဂုံးချုပ်လုနီး ပါး ဖြစ်သွားခဲ့ရသည်။
အဆိပ်ဓါတ်ငွေ များ အသုံးပြု တိုက်ခိုက်လာ၍လည်း လူ အသေအပျောက် ပိုများသွားခဲ့ရပြန်သည်။
စစ်ပွဲကြောင့် ရလဒ် ကောင်းများ ထွက်ပေါ်လာနိုင်သည်ဟု အကောင်းဖက်မှ မျှော်လင့်သူများ၊ ယုံစားလွယ်သူများ အဖို့ ပင် ကြောက်မက်ဖွယ် ကောင်းလှသော အနိဌာရုံများကြောင့် အသက်ရှု မှားမတတ် ဖြစ်သွားခဲ့ရသည်။
"ချီတက်ရင်း မျက်လုံးစုံမှိတ် တရေးရအောင်
အိပ်ကြရ။
ဖိနပ်ပင် မ ကပ် တော့။
ယိုင်တိယိုင်ထိုး၊ နီရဲသော မျက်လုံးမျာ၊
ပင်ပန်း နွမ်းနယ်မှုများ ဖြင့် နာကျင်မူးယစ် နေ။
ကျေးငှက် သာတကာ တို့၏ ကျုးရင့်သံ၊ နောက်နားဆီက အဆိပ်ငွေ့ ဗုံးများ ကျလာသည့် ဖုတ်ကနဲ အသံ ကိုလည်း မကြားနိုင်ကြတော့ပေ။" ဟု ကဗျာဆရာ ဝီလ်ဖရက် အိုဝင်က ပြောင်မြောက်စွာ ရေးစပ်ထားခဲ့သည်။
စစ်ပွဲကြောင့် ပေးဆပ်ခဲ့ရမှုများက မတန်တဆပင်၊ လူ့အသက်ပေါင်း ကိုးသန်းခန့် စစ်မြေပြင်တွင် ဆုံးရှုံးသွားခဲ့ရပြီး နှစ်ဆယ့် တသန်း ဒဏ်ရာရရှိခဲ့သည်။ အရပ်သားများ သေဆုံးခဲ့မှု တွင် ပြေးရင်းလွှားရင်း ရောဂါဘယ ကြောင့် သေဆုံးကြရသည်ကိုပါ ထည့်သွင်းရေတွက်မည် ဆိုလျှင် စစ်မြေပြင်တွင် ကျဆုံးခဲ့ရသူ များထက် အဆပေါင်းများစွာ ပိုများနေသည်။
ထိုအချိန်က ကမ္ဘာ့လူဦးရေသည် လက်ရှိ၏ ငါးပုံ တပုံ ဖြစ်သော ၁.၅ ဘီလီယံ ခန့်သာ ရှိပေသေးသည်။ ထိုကဲ့သို့ စစ်ပွဲကြီး ယခု အချိန်တွင် ဖြစ်လာမည် ဆိုက သေဆုံး သူ အရည် အတွက်သည် ပထမ ကမ္ဘာစစ်ကထက် ငါးဆခန့် ပိုများလာမည် ဖြစ်သည်။
ထိုကဲ့သို့ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ရသူများ နှင့် အရပ်သား များ သေဆုံးခဲ့ရမှု မတန်တဆ များပြားခဲ့သော်လည်း ဖြေရှင်းနိုင်ခဲ့မှု သည် မဆိုသလောက်သာ ရှိခဲ့၍ တွေးကြည့်ယုံမျှ နှင့် ပင် ရင်နာဖို့ ကောင်းလှသည်။
ထို့အပြင် စစ်ပွဲကြီးမှ ဖြေရှင်းနိုင်ခဲ့မှု များသည် နောက်ထပ် နှစ်နှစ်ဆယ်အကြာ တွင် အလားတူ စစ်ပွဲကြီး ထပ် ဖြစ်လာဖို့ မျိုးစေ့များ ကြဲချပေးလိုက် သည် နှင့် အတူတူပင် ဖြစ် နေသည်။
ထိုအချိန်က ပထမ အကြိမ်သာ ရှိသေး၍ Great War ဟု ခေါ်ဆိုပြီး "စစ်ပွဲများ အားလုံး ချုပ်ငြိမ်းစေမည့် စစ်ပွဲကြီး" ဟု ပင် အမည်ပေးခဲ့ကြသည်။ တကယ်တမ်းတွင် ထို့ထက်မက ကြီးမား ပြင်းထန်လာမည့် စစ်ပွဲကြီး ဆီသို့ ဦးတည်ခဲ့သည့် ပမာဏ ခြေလှမ်းသာလျှင် ဖြစ် ပေတော့သည်။
စစ်ပွဲ ၏ အဆုံး နှင့် နောက်ဆက်တွဲများ
***************
ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန်တွင် အကောင်းဖက်မှ ရှုမြင်သူများ အတော်လေး နည်းပါး နေသော်လည်း စစ်ပြီး ကမ္ဘာကြီး ကို ပြန်လည် ပုံဖေါ် အသက်သွင်း နိုင်ရန် သံတမန်ရေး လှုပ်ရှားမှုများသည် စစ်ကြီး ဖြစ်နေသည့် အတွင်းမှာပင် စတင်လာသည်မှာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှသည်။
အမေရိကန် ပြည်ထောင်စု၏ နှစ်ဆယ့် ရှစ်ကြိမ်မြောက် သမ္မတ ဖြစ်လာသူ ဝုရိုးလ် ဝီလ်ဆန်သည် မားမားမတ်မတ် ရပ်တည်ပေးနိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်း တရပ် (နောက်ပိုင်း တွင် နိုင်ငံပေါင်းချုပ် အသင်းကြီး အဖြစ် ပေါ်ထွက်လာခဲ့သည်။) တည်ထောင်နိုင်ရေး ကို ဦးစားပေး လုပ်ဆောင်လာသည်။
နိုင်ငံ အချင်းချင်း စစ်ဖြစ်နိုင်သည့် အကြောင်းရင်းများကို ဖယ်ရှားနိုင်ခဲ့မည် ဆိုလျှင် ထိုကဲ့သို့သော စစ်ပွဲကြီး မျိုး နောက်တကြိမ် ထပ် ဖြစ်လာစရာ အကြောင်း မရှိဟု ယုံကြည်ခဲ့၍လည်း ဖြစ်သည်။
သူ၏ ယုံကြည်ချက်ကိုလည်း ၁၉၁၈ ခုနှစ် ဇန်နဝါရီလ တွင် ကွန်ဂရက် သို့ တင်ပြခဲ့သည့် အချက် ဆယ့်လေးချက် တွင် နောက်ဆုံး အချက် အဖြစ် ထည့်သွင်းထားသည်။ သူ၏ တင်ပြချက်များ တွင် အများစုသည် စိတ်ကူးစိတ်သန်းများ ဖေါဖေါသီသီ ရောယှက် ထားသည်။
သံခင်းတမန်ခင်း ဆိုင်ရာ သဘောတူညီချက်များကို အများ သိအောင် ပြုလုပ်စေချင်၍ ဖြစ်နိုင်လျှင် လူသိရှင်ကြား ဆွေးနွေးရန် လိုလားသည်။ ပင်လယ်ပြင်တွင်လည်း အမြဲလို လွတ်လပ်စွာ သွားလာခွင့် ရှိရမည်။ ကုန်သွယ်ရေး အတားအဆီးများကိုလည်း ဖယ်ရှားပစ်ရမည်။
ယခုခေတ် တွင် လက်နက် ထိန်းချုပ်ရေးဟု ခေါ်နေကြသည့် လက်နက်များ လျော့ချရေး ကိုလည်း အားလုံး တညီတညွတ် တည်း လုပ်စေချင်သည်။
ကိုလိုနီ နိုင်ငံများ အရေးကိုလည်း ပြန်၍ ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်သည်။ သို့မှသာ အုပ်ချုပ်ခံ လူထု၏ တောင်းဆို တင်ပြချက်များကို အုပ်ချုပ်သူ ကိုလိုနီ အစိုးရ များ မှ လိုက်လျောပေးနိုင်သည့် အနေအထားမျိုး ဖြစ်စေချင်သည်။ ယင်း မူဝါဒသည် အုပ်ချုပ်ခံ လူထု၏ ပြောပိုင် ဆိုပိုင်ခွင့် ရှိရမည့် သဘောဖြစ်၍ ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်း ခွင့် ဆိုသည့် အယူအဆ ထွက်ပေါ်လာခဲ့သည်။
ဥရောပ တိုက်ရှိ နယ်ခြားမျဉ်းများအားလည်း နိုင်ငံများ၏ အမှန်တကယ် တည်ရှိခဲ့မှု နှင့် ကိုက်ညီစေရန် ယခင် ကျုးကျော် ထားခဲ့မှု များကို ပြန် ပေးကာ ထိန်းညှိပေးစေလိုသည်။
သမ္မတ ဝီလ်ဆင်သည် နိုင်ငံ ပေါင်းချုပ် အသင်းကြီးသည်သာ ဂျာမဏီ သို့မဟုတ် အခြားမည်သည့် နိုင်ငံ က မဆို ကျုးကျော် မလာနိုင်အောင် အကောင်းဆုံး အာမခံချက် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ထိုသို့ သူ၏ ယုံကြည်ထားမှု ကို အားလုံးက လိုလိုလားလား လက်မခံခဲ့ကြပေ။
ပဲရစ် ငြိမ်းချမ်းရေး ကွန်ဖရင့်ကြီးကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပပေးခဲ့သည့် သမ္မတ ဂျော့ခ်ျ ကလီမင်ဆူးကမူ ဂျာမဏီ နိုင်ငံ နောက်တကြိမ် ခေါင်းပြန် ထောင် မလာနိုင်စေရန် သေချာသည်ထက် သေချာ အောင် လုပ်ရန်သာ စိတ်စောနေသည်။
ထိုသို့ လုပ်ရန် စိတ်စောနေခြင်းမှာလည်း ပြင်သစ်၏ အစဉ်အလာ မဟာမိတ် ဖြစ်ခဲ့သည့် ရုရှားတွင် ဇာဘုရင် နန်းကျပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွား လာခဲ့သဖြင့် ဂျာမဏီ အလိုကျ ၁၉၁၈ တွင် သီးခြား စာချုပ်ချုပ်ကာ သူသဘော နှင့် သူ စစ်ကို ရပ်စဲသွား၍ နောက်တကြိမ် အားကိုး ၍ မရမှန်း သိထားသောကြောင့်လည်း ဖြစ်သည်။